သတင်း

၈ နှစ်အရွယ်မိန်းကလေးကို အဓမ္မပြုခဲ့သည့် ကျောင်းထိုင်ဆရာတော်ကို အရေးယူထား

အသက် ၈ နှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့မှုဖြင့် သီရိမင်္ဂလာကျောင်းတိုက် ကျောင်းထိုင်ဆရာတော်ကို ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်းသိရသည်။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ကနဲအုပ်စု၊ ကျွန်းဖျားကျေးရွာရှိ သီရိမင်္ဂလာကျောင်းတိုက် ကျောင်းထိုင်ဆရာတော်ကို မိန်းကလေးငယ်၏ မိခင်ဖြစ်သူက မတ် ၉ ရက်က ကနီမြို့မရဲစခန်း၌ တရားလိုပြု တိုင်တန်းခဲ့ခြင်း ဖြစ်သည်။

ထိုအမှုနှင့် ပတ်သက်ပြီး ကနီမြို့မရဲစခန်းမှ တာဝန်ကျစခန်းမှူးက “ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ နဲ့ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားပါတယ်။ မနေ့က အမှုဖွင့်တာပါ။ ကျောင်းထိုင်ဆရာတော်ကို လူဝတ်လဲဖို့ မြို့နယ်သံဃာ ဆရာတော်နှစ်ပါးကို ပင့်တယ်။ လဝက၊ သာသနာရေးဦးစီးဌာနပေါ့၊ သူတို့တွေနဲ့အတူ ခွင့်ပြုချက်တောင်းပြီး သာသနာရေးဦးစီးက လူဝတ်လဲပေးလိုက်တာ” ဟု ဧရာဝတီကို အတည်ပြု ပြောဆိုသည်။

အဓမ္မပြုကျင့်မှု ကျူးလွန်သူ သီရိမင်္ဂလာကျောင်းထိုင်ဆရာတော် ဦးစန္ဒာဝရသည် အသက် ၇၅ နှစ်၊ ဝါ ၄၀ ရှိပြီး လူအမည် ဦးစိန်ရဖြစ်ကြောင်း သိရသည်။

အမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်ကိုင်း တိုင်းဒေသကြီး ကနီမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက “ကလေးမိဘတွေက မန္တလေးမှာ အလုပ်လုပ်တော့ ကလေးက အဒေါ်နဲ့နေရတာ။ စာသင်ကျောင်းနဲ့ အဲဒီဘုန်းကြီးကျောင်းကလည်း ကပ်ရပ်ပဲ။ အကြိမ်ကြိမ် ပြုကျင့်ခံရတယ်လို့ ဒေသခံတွေက ပြောတယ်။ အဒေါ်ကတော့ နားမဆံ့အောင်ကြားရပြီးမှ သိသိချင်း အမှုဖွင့်ခဲ့တာပါ။ သူကလည်း ဝန်ခံထွက်ဆိုတော့ ရဲကစစ်ချက်ယူပြီး အမှုဖွင့် အရေးယူထားတယ်” ဟု ပြောသည်။

အလားတူ အဆိုပါအမှုကို လိုက်ပါကူညီဆောင်ရွက်ပေးနေသည့် စစ်ကိုင်းတိုင်းဒေသကြီး လူငယ်ကွန်ရက်မှ ကိုဇော်သူရိန်ထွန်းက “ဖြစ်စဉ်က ကြာတော့ကြာပြီ။ ဒါ ပထမဦးဆုံးအကြိမ် မဟုတ်ဘူး။ လွန်ခဲ့တဲ့နှစ်လလောက် ကတည်းက ခဏခဏပြုကျင့်ပြီး တခါပြုကျင့်ပြီးတိုင်း မုန့်ဖိုး ၂၀၀ ပေးတယ်။ သိတာကတော့ မနေ့ကမှ ပတ်ဝန်းကျင်က သိသွားတာ။ ဗီဒီယိုဖိုင်ကနေ တဆင့် ပြန့်သွားတယ် သိရတယ်။ ဒါပေမယ့် အဲဒီဗီဒီယိုဖိုင်က ဘယ်လိုရိုက်တယ်။ ဘယ်သူရိုက်တယ် ဆိုတာတော့ အခုမှစုံစမ်းနေတုန်းပဲ ရှိသေးတယ်”ဟု ပြောသည်။

အမှုဖြစ်စဉ်နှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို ထပ်မံစုံစမ်းနေကြောင်း၊ ဖြစ်စဉ်သည် ဘုန်းကြီးကျောင်းထဲတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တရားလိုမိန်းကလေးငယ်ကဲ့သို့ အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ် တဦးလည်း ကျူးလွန်ခံထားရသည်ဟု စုံစမ်းသိရှိထားကြောင်း ကိုဇော်သူရိန်ထွန်းက ဆက်ပြောသည်။

Loading