စစ်ကိုင်းတိုင်းဒေသကြီး နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ လဟယ်မြို့နယ်အတွင်း ကျေးရွာတချို့တွင် အဆုတ်တီဘီ ရောဂါများ ဖြစ်ပွားမှုကြောင့် လူသေဆုံးမှုများ ဖြစ်ပွားနေကြောင်း ဒေသအုပ်ချုပ်ရေး ဦးစီးအဖွဲ့က ပြောသည်။
ရောဂါဖြစ်ပွားမှုသည် လဟယ်မြို့နယ် လောရွာအတွင်း အဓိကဖြစ်ပွားနေခြင်း ဖြစ်ပြီး ဒေသခံ ၁၄ ဦးသေဆုံး ခဲ့ပြီ ဖြစ် ကာ လဟယ်မြို့ပြည်သူ့ဆေးရုံတွင် ယနေ့ နံနက်ပိုင်းအထိ ဒေသခံ ၅ ဦး တက်ရောက် ကုသနေဆဲဖြစ်ကြောင်း လဟယ် မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလော်ယုံက ပြောပြသည်။
ဦးလော်ယုံက “ဖြစ်နေတာတွေက တလနီးပါး ရှိပြီ၊ အသိ နောက်ကျတာပေါ့၊ လမ်းပန်း ဆက်သွယ်ရေးက ခက်ခဲပြီး ဖုန်းလိုင်း တွေကလည်း မရှိဘူး၊ လူနာတွေကို လမ်းပေါ်ရောက်အောင် လူနဲ့ထမ်း၊ ဆိုင်ကယ်နဲ့သယ် လုပ်နေကြရ တယ်”ဟုလည်း ပြောသည်။
လက်ရှိတွင် ရောဂါများဖြစ်ပွားနေသည့် ကျေးရွာသို့ အရပ်သားဆရာဝန် ၁ ဦးနှင့် တပ်မတော်မှ ဆရာဝန် ၃ ဦး ရောက် ရှိ ကာ ဆေးဝါး ကုသပေးလျက် ရှိပြီး ၎င်းတို့ကုသ၍မနိုင်သည့် လူနာများကို လဟယ်မြို့ပေါ်ရှိ ပြည်သူ့ဆေးရုံ ကို တင်ပို့ ကုသလျက် ရှိကြောင်း သိရသည်။
ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်၍ လူတချို့ကို သွေးနမူနာယူကာ စစ်ဆေးခဲ့ရာတွင် အဆုတ်တီဘီရောဂါ ဖြစ်ပွား နေသည် ကို တွေရှိရကြောင်း လဟယ် ကျန်းမာရေး ဦးစီးဌာနက ပြောကြားသည်ဟု နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ ဒေသ အုပ်ချုပ်ရေး ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးကေဆိုင်းက ပြောသည်။
လောရွာအတွင်း လူသေဆုံးမှုများ ဖြစ်ပွားနေခြင်းမှာ ကူးစက်ရောဂါကြောင့် မဟုတ်ဘဲ အဆုတ်တီဘီ ရောဂါ နှင့် နာတာရှည် ရောဂါများကြောင့် သေဆုံးရခြင်း ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက မတ်လ ၆ ရက်နေ့တွင် သတင်း ထုတ်ပြန်ထားသည်။
ဒေသတွင်း ကျန်းမာရေးဆိုးရွားမှု အခြေအနေများကို တိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့လည်း တင်ပြထားပြီး လတ်တလော အခြေအနေမှာ ရောဂါ ဆက်လက်ဖြစ်ပွားမှု ရှိနေဆဲဖြစ်ကြောင်း ဦးလော်ယုံက ပြောသည်။
လောရွာတွင် အိမ်ခြေ ၁၀၀ ခန့်ရှိကာ လဟယ်မြို့နှင့် မိုင် ၈၀ ခန့်ကွာဝေးပြီး ၎င်းကျေးရွာသို့ သွားရောက်ရာ လမ်း တဝက် ခန့်ရှိ ဆတ်လော်ရွာအထိသာ ကားသွား၍ရနိုင်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် အတွင်းကလည်း နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ နန်းယွန်းနှင့် လဟယ်မြို့နယ်တို့ အတွင်းရှိ ကျေးရွာတချို့တွင် ကူးစက်ရောဂါများ ဖြစ်ပွားမှုကြောင့် ဒေသခံပြည်သူ ၄၀ ကျော် သေဆုံးခဲ့ရမှု ဖြစ်ပွား ခဲ့သေးသည်။
လောနောက်ကုန်း ကျေးရွာနှင့် လောနောက်အင်း ကျေးရွာတို့တွင် ခေါင်းကိုက်၊ ခါးနာ၊ ချောင်းဆိုး၊ ကျောအောင့် နှင့် နံရိုးနာ ဝေဒနာများ ဖြစ်ပွားလျက်ရှိနေပြီး မတ်လ ၄ ရက်နေ့က စတင်ကာ ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကုသပေးလျက် ရှိကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ထားသည်။