ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာ အလုပ်သမားများ အနေဖြင့် သင်္ကြန်ကာလ အတွင်း မြန်မာနိုင်ငံ သို့ ပြန်၍ လည်ပတ်လိုသူများ အတွက် ထိုင်းအစိုးရက ရက်ပေါင်း ၂၀ ပြန်ခွင့်ပြုကြောင်း သိရသည်။
အဆိုပါ ခွင့်ပြုချက်ကို ထိုင်းနိုင်ငံ အလုပ်သမား ဝန်ကြီးဌာနက မတ်လ ၁ ရက်နေ့က ထုတ်ပြန်ထားပြီး ရွှေ့ပြောင်း အလုပ် သမားများ အနေဖြင့် ထိုထုတ်ပြန်ချက်အရ ဧပြီလ ၁၀ ရက်နေ့မှ ၃၀ ရက်နေ့ အတွင်း မြန်မာနိုင်ငံသို့ ပြန်၍ လည်ပတ် နိုင်မည် ဖြစ်သည်။
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံး အလုပ်သမား သံအရာရှိ ဦးမိုးအောင်ခိုင် က “ကျနော်တို့ နှစ်နိုင်ငံ ဆွေးနွေးပြီးသားပါ။ ရွှေ့ပြောင်း အလုပ်သမားတွေ သွားဖို့လာဖို့ အကုန်လုံး အဆင်ပြေအောင်လို့ပါ။ ပြန်ချင်တဲ့ လူပြန်လို့ရတယ်။ သူဌေး (အလုပ်ရှင်) ဆီက ထောက်ခံချက် ယူပြီးပြန် အဲဒီလို ဆွေးနွေးထားတယ်” ဟု ဧရာဝတီသို့ ပြောသည်။
သင်္ကြန်ကာလ အတွင်း ရရှိမည့် အဆိုပါ အခွင့်အရေးကို မြန်မာ အလုပ်သမားများ နည်းတူ ထိုင်းနိုင်ငံတွင် လာရောက် အလုပ်လုပ်ကိုင်နေကြသည့် ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံသား ရွှေ့ပြောင်း အလုပ်သမားများလည်း ရရှိမည်ဖြစ်ကြောင်း သိရသည်။
ခွင့်ပြုချက်ထဲတွင် ပန်းရောင်ကတ် ကိုင်ဆောင်သူများ အနေဖြင့် ခွင့်ပြုချက်မလိုဘဲ နယ်စပ် တရားဝင်ဂိတ်များမှ ဖြတ်သန်း သွားလာခွင့် ရမည်ဖြစ်ပြီး ပတ်စ်ပို့ ကိုင်ဆောင်ထားသူများသည် နယ်စပ်ဂိတ်များတွင် ပြန်လည်ဝင်ရောက်ခွင့် Re-entry တံဆိပ်တုံး ရိုက်နှိပ်ရမည်ဖြစ်ကာ ယင်းသို့ လုပ်ဆောင်ရာတွင် အခကြေးငွေ ပေးဆောင်ရန်မလိုဟု ထိုင်းအလုပ်သမား ဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။
ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက် (MWRN) ဒုဥက္ကဋ္ဌ ဦးအောင်ကျော် က “သူတို့ ထုတ်ပြန်ထားချက်အရ ပြန်မယ့် ရွှေ့ပြောင်း အလုပ်သမားတွေအနေနဲ့ ဒီဂိတ်ကပြန်ရင်၊ အဲဒီဂိတ်ကပဲ ပြန်ဝင်ရမယ်။ နောက်ပြီး သတ်မှတ် ရက် ထက် ကျော်လွန်လို့ မရဘူး။ ကျော်လွန်ရင် ပြန်ဝင်တဲ့အခါမှာ အင်မတန် အခက်အခဲရှိမှာ ဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထိုင်းအစိုးရအနေဖြင့် ၎င်းတို့နိုင်ငံအတွင်းရှိ ပန်းရောင်ကတ် ကိုင်ဆောင်ထားသော ရွှေ့ပြောင်း အလုပ်သမားများကို နှစ်စဉ် သင်္ကြန် ကာလအတွင်း ရက် ၂၀ ပြန်ခွင့်ပြုလေ့ရှိပြီး ယခုနှစ်တွင် ပတ်စ်ပို့ ကိုင်ဆောင်ထားသူများကိုပါ ခွင့်ပြုပေးခဲ့သည်။
ပန်းရောင်ကတ် ဆိုသည်မှာ လုပ်သားရှားပါးမှုကြောင့် ၎င်းတို့နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာကြသော နိုင်ငံခြားသား အလုပ်သမားများကို ထိုင်းအစိုးရက အလုပ်လုပ်ခွင့် ယာယီ ထုတ်ပေးထားသော ကတ်ပြားကို ဆိုလိုခြင်း ဖြစ် သည်။
ထိုင်းအစိုးရ အနေဖြင့် ခွင့်ရက် ၂၀ သတ်မှတ်သော်လည်း ထိုင်းနိုင်ငံ၏ စက်ရုံ၊ အလုပ်ရုံ စည်းမျည်း စည်းကမ်း ဥပဒေများ အရ အလုပ်ရှင်များက ခွင့်ရက် ၁၅ ရက်သာ ပေးမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နေရပ်ရင်းသို့ ပြန်၍ လည်ပတ်လိုသူများ အနေ ဖြင့် အလုပ်ရှင်ဘက်က ထုတ်ပြန်ထားသော စည်းကမ်းများကိုလည်း လိုက်နာရန်လိုအပ်ကြောင်း သိရသည်။
ထို့အတူ ခွင့်ပြုရက်အတွင်း မြန်မာနိုင်ငံသို့ ပြန်ကြမည့် ရွှေ့ပြောင်း အလုပ်သမား အများအပြား ရှိသော်လည်း ပိတ်ရက်ရှည် အတွင်း ကုန်ထုတ်လုပ်မှု ကျဆင်းနိုင်သဖြင့် အလုပ်သမားအားလုံး တပြိုင်တည်း ပြန်ရန်အတွက် စက်ရုံ၊ အလုပ်ရုံတိုင်းက ခွင့်ပြုရန် ခက်ခဲနိုင်သည်ဟု ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်သူများက ပြောဆိုကြသည်။
“ပြန်ချင်ကြတဲ့သူတွေကတော့ တော်တော်များများ ရှိကြပါတယ်။ သို့သော် စက်ရုံ၊ အလုပ်ရုံတွေရဲ့ ကုန်ထုတ်လုပ်မှုတွေ လည်း ရှိတဲ့ အတွက်ကြောင့် ဘယ်လောက်ပဲ ပြန်ချင်တယ်ပဲပြောပြော စက်ရုံတရုံမှာ လူ ၅၀၀ နဲ့ လည်ပတ်နေရင် ၅၀၀ စလုံး ကတော့ ပြန်လို့မရပါဘူး။ စက်ရုံတွေကလည်း အကန့်အသတ်နဲ့ လွှတ်မှာ ဖြစ်ပါတယ်။ လုပ်သားတွေအနေနဲ့ ကိုယ့် တိုင်းပြည် ကို ပြန်ရမှာမို့ ပျော်ကြမှာဖြစ်ပေမယ့် ခုန အချက်တွေကြောင့် အကုန်လုံးတော့ ပြန်ခွင့်ရကြမှာ မဟုတ်ပါဘူး” ဟု MWRN ဒုဥက္ကဋ္ဌ ဦးအောင်ကျော် က ပြောသည်။
ထိုင်းနိုင်ငံ တဝန်းတွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာ အလုပ်သမား စုစုပေါင်း ၃ သန်းကျော် ရှိကြောင်း ရွှေ့ပြောင်း အလုပ်သမား အရေး ဆောင်ရွက်သူများက ခန့်မှန်းနေကြပြီး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ပန်းရောင်ကတ် ကိုင်ဆောင် ထားသူ ၈ သိန်းခန့် ရှိပြီး ပတ်စ်ပို့ ကိုင်ဆောင်သူ ၁ သိန်းကျော် ရှိကြောင်း ခန့်မှန်းပြောဆိုကြသည်။