ကမ္ဘာ့ထိပ်တန်း မြန်မာ့ဂုဏ်ဆောင် စီးပွားရေးပညာရှင် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်ဟောင်း ဒေါက်တာလှမြင့် အသက် ၉၇ နှစ် သည် ယမန်နေ့ မတ်လ ၉ ရက် နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကွယ်လွန်သွားခဲ့ပါသည်။
ဒေါက်တာလှမြင့်သည် ပို့ကုန်အခြေပြု စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုဖူလုံရေး ဘောဂဗေဒ၏ ရှေ့ဆောင် ပညာရှင်တဦးအဖြစ် ဘောဂဗေဒပညာရပ်နယ်ပယ်တွင် အထူးထင်ရှားသည်။
ဒေါက်တာလှမြင့်ကို ဧရာဝတီမြစ်ဝကျွန်းဒေသတွင် ၁၉၂၀ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ဒုတိယကမ္ဘာစစ်ဖြစ်ခါစ အသက် ၂၀ ကျော်အရွယ်တွင် အော့စဖို့ဒ်တက္ကသိုလ်ကို ပညာတော်သင် သွားရောက်ခဲ့သည်။ နာမည်ကျော် LSE (London School of Economics) တက္ကသိုလ်မှ Theories of Welfare Economics စာတမ်းဖြင့် PhD ဘွဲ့ ရရှိခဲ့သည်။ နောက်ပိုင်းတွင် ၎င်းစာတမ်းသည် ထင်ရှားသော စာအုပ်ဖြစ်လာခဲ့သည်။
ရန်ကုန်တက္ကသိုလ်တွင် ၁၉၄၅ မှ ၁၉၅၂ ခုနှစ်ထိ ဘောဂဗေဒပါမောက္ခ လုပ်ခဲ့ပြီး၊ ၁၉၅၈ မှ ၁၉၆၂ အထိ ပါမောက္ခချုပ် တာဝန်ထမ်းဆောင်ခဲ့သည်။ လွတ်လပ်ရေးရပြီးခေတ် မြန်မာအစိုးရ အမျိုးသားစီမံကိန်းဌာနနှင့် နိုင်ငံတော် စိုက်ပျိုးရေးဘဏ် ကော်မတီ အကြံပေးအဖြစ် ဆောင်ရွက်ခဲ့သည်။
သို့သော် ဒေါက်တာလှမြင့်က မြန်မာနိုင်ငံအတွက် တံခါးဖွင့် ဈေးကွက်စီးပွားရေးနှင့် ဖွံ့ဖြိုးရေးအမြင်များ ရေးဆွဲတင်ပြခဲ့သောကြောင့် သွင်းကုန် အစားထိုး ဆိုရှယ်လစ် စီးပွားရေးစနစ် ကျင့်သုံးလိုစိတ် လွန်ကဲသော ဦးကျော်ငြိမ်း အပါအဝင် မြန်မာခေါင်းဆောင်ပိုင်းက ပယ်ချခဲ့သည်။
လန်ဒန် LSE တက္ကသိုလ်ကိုပြန်ပြီး ဘောဂဗေဒဌာနတွင် ဖွံ့ဖြိုးရေးဘာသာရပ် ပါမောက္ခအဖြစ် ၁၉၆၆ မှ ၁၉၈၅ ခုနှစ်အထိ သင်ကြားပို့ချခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် အာရှဖွံ့ဖြိုးရေးဘဏ်အတွက် အရေးကြီးဆုံးစာအုပ် Southeast Asia’s economy: Development Policy in the 1970s ကို ရေးသားပေးခဲ့သည်။
၎င်းစာအုပ်သည် အာရှဒေသ တခုလုံး ပို့ကုန် ဦးစားပေး မဟာဗျူဟာ ဖော်ဆောင်နိုင်ရေးအတွက် အလွန်အရေးပါခဲ့သည်။ ဂျပန်နှင့် အာရှကျားနိုင်ငံများ စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးအတွက် ပို့ကုန်ဈေးကွက် လမ်းညွန်မှုများစွာ ပေးနိုင်ခဲ့သည်။
မြန်မာနိုင်ငံ စီးပွားရေးတက္ကသိုလ် ဘွဲ့ရများအသင်း (MIEGA)မှ ဦးဇော်သန်းက ဒေါက်တာလှမြင့်၏ ပို့ကုန်အခြေပြု စီးပွားရေးသီအိုရီကို စင်ကာပူ၊ ထိုင်းနှင့် ဟောင်ကောင်တို့မှ အကောင်အထည်ဖော် ကျင့်သုံးခဲ့သောကြောင့် စီးပွားရေးတွင် အာရှကျားများဟု တင်စားရအောင် စီးပွားရေးအခြေအနေများ တိုးတက်ကောင်းမွန်ခဲ့ကြောင်း ပြောဆိုပြီး “မြန်မာနိုင်ငံကတော့ ဆရာကြီးနဲ့ ပြောင်းပြန် တံခါးပိတ်စီးပွားရေး မူဝါဒကို ကျင့်သုံးခဲ့တဲ့အတွက် နောက်ကျခဲ့ရတယ်”ဟု မှတ်ချက်ပေးသည်။
အာဏာပိုင်များ၏ မျက်နှာသာ ပေးမှုထက် ပညာရပ်ကိုသာ ဦးထိပ်ထားသော ဒေါက်တာလှမြင့်သည် မိခင်ကြီးကွယ်လွန်ချိန် မြန်မာနိုင်ငံ ပြန်ခွင့်ရဖို့ ဗီဇာလျှောက်ထားခဲ့သော်လည်း အာဏာရှင် ဦးနဝင်း အစိုးရ၏ ငြင်းပယ်ခြင်း ခံခဲ့ရသည်။ အငြိမ်းစားယူပြီးနောက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အခြေချနေထိုင်ရင်း အများလေးစားသော ပညာရှင်တဦးအဖြစ် အကြံပေးခြင်း၊ ဟောပြောဆွေးနွေးခြင်းများဖြင့် ဆက်လက်နေထိုင်ခဲ့သည်။
အုပ်ချုပ်ရေးအဆက်ဆက် ပြောင်းခဲ့ပြီး စစ်အုပ်ချုပ်ရေးမှ ပြုပြင်ပြောင်းလဲရေး အစပျိုးလာသော ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံ ပြန်ခွင့်ရပြီး စီးပွားရေးဆိုင်ရာ နိုဘယ်ဆုရှင် ဂျိုးဇက်စတစ်ဂ်လစ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခဟောင်းနှင့် လက်ရှိ ကိုလံဘီယာတက္ကသိုလ်မှ နိုင်ငံတကာ ကုန်သွယ်ရေးနှင့် နိုင်ငံရေးဘောဂဗေပညာရှင် ရိုနယ်ဖင်းလေးတို့နှင့်အတူ မြန်မာ့စီးပွားရေး အနာဂတ်နှင့် ဖွံ့ဖြိုးရေး အလားအလာများ အကြောင်း ဟောပြောခဲ့သည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဒုဥက္ကဌ ဒေါက်တာမောင်မောင်လေးက ”ဆရာကြီးက စီးပွားရေးနယ်ပယ်မှာ ဂုဏ်ယူစရာကောင်းလောက်အောင် နာမည်ကျော်ကြားခဲ့သူဖြစ်တယ်။ အိပ်စပို့လုပ်ငန်းမှာဆိုလဲ သမိုင်းတွင်မယ့် လုပ်ငန်းတွေကို အများကြီးလုပ်ခဲ့တယ်။ ဒီလိုပုဂ္ဂိုလ်မျိုးက တော်တော် ရှားပါတယ်။ ဒီလိုပုဂ္ဂိုလ်မျိုး ဆုံးရူံးရတဲ့အတွက် နိုင်ငံအတွက် အများကြီးနစ်နာ ဆုံးရူံးမှု ဖြစ်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။