အဂတိလိုက်စားမှုနှင့် အာဏာအလွဲသုံးမှု အရှုပ်တော်ပုံတွင် ပါဝင်မှုအတွက် ပါလီမန်၏ စွဲချက်တင်ခြင်းကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ တရားရုံးက အတည်ပြုလိုက်သောကြောင့် တောင်ကိုရီးယား သမ္မတ ပတ်ဂွမ်ဟေးကို ရာထူးမှ ဖယ်ရှားလိုက်ပြီ ဖြစ်သည်။
သမ္မတသစ် ရွေးကောက်ပွဲကို ရက်ပေါင်း ၆၀ အတွင်း ကျင်းပရမည်။ စစ်တမ်းကောက်ယူမှုများ အရ ကိုရီးယား နိုင်ငံ၏ နိုင်ငံရေးဦးတည်ရာ အပြောင်းအလဲ ရှိလာမည် ဖြစ်ပြီး တိုးတက်ပြောင်းလဲရေး အမြင်ရှိသော သမ္မတလောင်း မွန်းဂျေးအင်က တချိန်က ပတ်ဂွမ်ဟေး ကို သစ္စာခံခဲ့သော ရှေးရိုးစဉ်လာဝါဒီများ အပေါ် အသာစီးရနေသည်။
“တရားရုံးက သမ္မတ ပတ်ဂွမ်ဟေးကို ရာထူးက ဖယ်ရှားလိုက်ပါပြီ” ဟု ခေတ္တ တရားသူကြီးချုပ် လီဂျန်းမီ က အများမျှော်လင့် နေသည့် စီရင်ချက် ချအပြီး ပြောသည်။ “ဒီဆုံးဖြတ်ချက်အစား အခြားရွေးစရာ မရှိတော့ပါဘူး” ဟုလည်း ဆိုသည်။
ရွေးကောက်ခံ ခေါင်းဆောင်တဦးကို ငြိမ်းချမ်းသော ဆန္ဒပြပွဲများဖြင့် ဖယ်ရှားလိုက်ခြင်းနှင့် အတူ ယခု ဆုံးဖြဆ်ချက်သည် လွန်ခဲ့သော နှစ် ၃၀ ကမှ ဒီမိုကရေစီ စတင်ကျင့်သုံးသော တောင်ကိုရီးယားနိုင်ငံအတွက် သမိုင်းဝင်ကာလကို ကိုယ်စားပြု သည်။ သို့သော် ပတ်ဂွမ်ဟေးကို ထောက်ခံသူများသည် အချိန်မဆိုင်းဘဲ သောကြာနေ့နံနက်က ဒေါသပေါက်ကွဲခဲ့ကြပြီး ရဲများနှင့် ပဋိပက္ခဖြစ်ကာ တရားရုံးချုပ်၏ ကန့်သတ်နယ်မြေ အကာအရံများကို ချိုးဖျက်ခဲ့ကြသည်။ ဆန့်ကျင်ကန့်ကွက်သူ တဦး သေဆုံးခဲ့ကြောင်း Yonhap သတင်းတရပ်တွင် ဖော်ပြသည်။
စွပ်စွဲထားသော အဂတိလိုက်စားမှု အတိုင်းအတာမှာ ကြီးမားသောကြောင့် ယခု အမှုသည် တောင်ကိုရီးယား လူ့အဖွဲ့ အစည်းကို တုန်လှုပ်ချောက်ချားစေခဲ့သည်။ သမ္မတအိမ်ပြာတော် သာမက ဆမ်ဆောင်းကဲ့သို့သော ထိပ်တန်း ကုမ္ပဏီကြီးများ၊ အဆင့်မြင့် ရှေ့နေချုပ်တဦး၊ ကမ္ဘာ့ တတိယအကြီးဆုံး အမျိုးသား ပင်စင်ရန်ပုံငွေ အဖွဲ့ အကြီးအကဲ တို့လည်း စွဲချက်တင်ခံရသည်။
အမျိုးသားလွှတ်တော်က လွန်ခဲ့သော ဒီဇင်ဘာလက မဲအပြတ်အသတ်ဖြင့် အတည်ပြုထားသော သမ္မတ အပေါ် စွဲချက်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံး တရားသူကြီး ၈ ဦးလုံးက သမ္မတသည် ဥပဒေများနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆက်တိုက်ချိုးဖေါက် နေခဲ့ကြောင်း အတည်ပြု မဲပေးခဲ့သည်။
သမ္မတသည် ကိုရီးယားလုပ်ငန်းစု ကြီးများထံမှ သူ၏ သူငယ်ချင်းဖြစ်သူ ချွိုင်ဆွန်းဆီ လာဘ်ငွေလက်ခံနိုင်ရန် ကူညီခဲ့ပြီး ကိုယ်တိုင်လည်း စီးပွားရေးလုပ်ငန်းများ ထံမှ အလှူငွေများ တောင်းခဲ့သည် ဟု တရားရုံးက ကောက်ချက်ချသည်။ အရေးကြီး စာရွက်စာတမ်းများ ကိုလည်း ချွိုင်ထံ ပေါက်ကြားစေကာ သူ၏ အမှားများကို ဖုံးကွယ်ရန် ကြိုးစားပြီးနောက် ထိုကိစ္စကို လိမ်ညာခဲ့သည်။ အမှုနှင့် ပတ်သက်သည့် မေးခွန်းများကို ဖြေကြားရန် ငြင်းဆန်သောကြောင့်လည်း သမ္မတကို တရားရုံးချုပ်က ပြစ်တင်ဝေဖန်သည်။
ယခု နိုင်ငံရေး အရှုပ်တော်ပုံသည် တောင်ကိုရီးယား၏ ရုတ်ရုတ်သဲသဲ ဒီမိုကရေစီစံနှုန်းဖြင့် ကြည့်လျှင်ပင် အလွန်ထူးခြား နေပြီး သမ္မတနှင့် ငယ်သူငယ်ချင်းချွိုင်တို့ ပတ်ပတ်လည် ပါဝင်ပတ်သက်နေသည်။ ချွိုင်တွင် မည်သည့် ရာထူးမျှ တရားဝင် ယူမထားသော်လည်း သမ္မတအပေါ်တွင် တရားဝင် အကြံပေးများ၊ ဝန်ကြီးများထက်ပင် အကြီးအကျယ် ဩဇာလွှမ်းမိုး နေသည်။
ချွိုင်သည် စီးပွားရေးလုပ်ငန်းများမှ လာဘ်ငွေညှစ်ယူသည် ဟု စွပ်စွဲခံရသည်။ ဆမ်ဆောင်း တခုတည်းကပင် မျက်နှာသာပေး ဆက်ဆံခံရရေး အတွက် သမ္မတနှင့် ချွိုင်၏ ဆက်ဆံရေးကို သုံးရန် အတွက် ဒေါ်လာ ၃၇ သန်း ပေးရန် စီစဉ်ထားသည်။
“ချွိုင်ဂိတ်” ဟု တောင်ကိုရီးယားတွင် ခေါ်ကြသည့် အမှုကို စစ်ဆေးရန် တာဝန်ပေးထားသော အထူးအစိုးရ ရှေ့နေများ၏ ယခု အပတ်ထုတ်ပြန်သော ၁၀၁ မျက်နှာရှိ အစီရင်ခံစာက သမ္မတသည် ချွိုင်နှင့် ပူးပေါင်း လုပ်ကိုင်ကြောင်း အထောက် အထားများ တွေ့ရသည် ဟု ဆိုသည်။ ထိုအစိုးရရှေ့နေများ၏ မေးခွန်များကိုလည်း ပတ်က မဖြေကြားခဲ့ပေ။