အဝေးရောက် မြန်မာလုပ်သားများ နိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်လာပြီး မိမိနှင့်ကိုက်ညီသည့် အလုပ်အကိုင်များကို ရှာဖွေလာကြောင်း Jobnet.com.mm သတင်းစစ်တမ်းတွင် ဖော်ပြထားသည်။
ပြည်တွင်း၌ အစိုးရအပြောင်းအလဲနှင့် စီးပွားရေး ဖွံ့ဖြိုးမှု၊ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများ မြန်မာနိုင်ငံကို စိတ်ဝင်စားမှု များပြားနေခြင်းက နိုင်ငံသားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများတွင် ရွေးချယ်စရာများ ဖြစ်လာသောကြောင့် အဝေးရောက် မြန်မာလုပ်သားများ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာခြင်း ဖြစ်သည်ဟု Jobnet.com.mm စစ်တမ်းတွင် ဖော်ပြပါရှိသည်။
ထိုစစ်တမ်းအရ မြန်မာရွှေ့ပြောင်းလုပ်သားများသည် ထိုင်းနိုင်ငံတွင် ၇၄ ဒသမ ၃ ရာခိုင်နူန်း၊ မလေးရှား နိုင်ငံတွင် ၁၄ ဒသမ ၅ ရာခိုင်နူန်းနှင့် စင်ကာပူ နိုင်ငံတွင် ၂ ဒသမ ၄ ရာခိုင်နူန်းတို့ သွားရောက် အလုပ်လုပ်ကိုင် နေထိုင်ကြသည်ဟု ဖော်ပြထားသည်။
ထိုရွှေ့ပြောင်းလုပ်သားများတွင် ကျေးလက်နေသူများထက် မြို့ပြများမှ ပျမ်းမျှ အသက် ၂၆ နှစ် ခန့်ရှိသော လူငယ်များ ပိုမိုနေထိုင်ကြကြောင်းနှင့် ၎င်းတို့နေထိုင်မှု သက်တမ်းသည် ပျမ်းမျှအားဖြင့် ၄ နှစ်နီးပါးရှိကြောင်း အဆိုပါစစ်တမ်းတွင် ဆက်ဖော်ပြထားသည်။
တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်လုပ်ကိုင်သူ တဦးချင်း ဝင်ငွေတိုးပွားစေရန် ရည်ရွယ်ချက်ဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိရန် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်း ပြည်တွင်းအလုပ်နေရာ ၁၇,၀၀၀ ကျော် ချထားပေးခဲ့ပြီး ပြည်ပသို့ တရားဝင် စေလွှတ်သူဦးရေ ၁၁,၀၀၀ ကျော်အတွက် အလုပ်အကိုင်ရရှိရန် ဆောင်ရွက်ပေးခဲ့ကြောင်း Jobnet.com.mm က ပြောသည်။
Jobnet.com.mm သည် အလုပ်သမားရှာဖွေပေးမှုနှင့် အလုပ်အကိုင်ရှာဖွေသူများအတွက် ကူညီပေးနေသော ဝက်ဆိုဒ်တခုဖြစ်ပြီး အွန်လိုင်းမှတဆင့်လည်း အလုပ်အကိုင်များကို ရှာဖွေပေးလျက် ရှိသည်။