တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု စာချုပ် (NCA) ကို ငြင်းဆိုမှုများ ရှိနေသည့် ကြားမှ ဆက်လက် ဖော်ဆောင် နေသဖြင့် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပေါ် တိုင်းရင်းသားများ ထောက်ခံမှု ကျဆင်း လာပြီဟု ‘ဝ’ ပြည်နယ် သတင်းဌာနက ထုတ်ပြန် ပြောဆိုလိုက်သည်။
“ပန်ခမ်း ထိပ်သီးအစည်းအဝေးမှ မြန်မာပြည်ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် နိုင်ငံရေး အရ ကြိုးပမ်းမှုကို အဘက်ဘက်မှ အထင်အမြင် မလွဲမှားကြစေရန်” ဟူသည့် ခေါင်းစဉ်ဖြင့် မတ်လ ၄ ရက် ရက်စွဲပါ မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် “ဝ”ပြည် သွေးစည်း ညီညွတ်ရေး ပါတီ (UWSP)၏ “ဝ”ပြည်နယ် သတင်းဌာနက ထုတ်ပြန်လိုက်သည့် ထုတ်ပြန်ချက် တွင် ပြောဆိုထားခြင်း ဖြစ်သည်။
ထုတ်ပြန်ချက် စာမျက်နှာ၄ တွင် “ပြည်တွင်းငြိမ်းချမ်းရေး အတွက် ‘ဝ’ပြည်၏ ကြိုးစားလုပ်ဆောင်မှုများကို ဒေါ်အောင်ဆန်း စုကြည်နှင့် ပြည်ထောင်စုအစိုးရတို့မှ တရားဝင် တုံ့ပြန်မှု မရရှိခဲ့ပါ။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ရွေးကောက်ပွဲ မတိုင်ခင်က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖြစ်စဉ် ဖော်ဆောင်သည့် သဘောထားကို ပြောင်းလဲပြီး တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများက လက်ခံရန် ငြင်းဆိုထားသည့် NCA ကိုသာ ဆက်လက် ဖော်ဆောင်နေပါသည်။ ဤလုပ်ဆောင်မှုများကြောင့် တိုင်းရင်းသားလူနည်းစုများ ၎င်းအား ထောက်ခံမှု ကျဆင်းလာပြီး NCA ကိုလည်း မပြန်လမ်းသို့ တွန်းပို့ခဲ့ပါသည်” ဟု ရေးသားထားသည်။
လက်ရှိတွင် ကရင်အမျိုးသား အစည်းအရုံး (KNU) ၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့က NCA ကို လက်မှတ် ထိုးထားသည်။
ယခု ထုတ်ပြန်ချက်တွင် UWSP အနေဖြင့် အစိုးရထံသို့ စာအကြိမ်ကြိမ်ရေးသားပေးပို့ခဲ့ပြီး NCA ၏ အားနည်းချက်များ၊ နိုင်ငံရေးဖြေရှင်းရန် နည်းလမ်းသစ် များကို တင်ပြခဲ့သော်လည်း ပြန်လည်တုံ့ပြန်ခြင်း မရှိခဲ့ပါဟုလည်း ဆိုထားသည်။
ဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၄ ရက်ထိ UWSP ၏ ပန်ခမ်းမြို့တွင် တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့ တက်ရောက်ပြီး ၂ဖွဲ့က စာတမ်းပေးပို့ကာ ကျင်းပခဲ့သည့် အစည်းအဝေး ထုတ်ပြန်ချက်များအပေါ် ကိုလည်း အစိုးရ နှင့် တပ်မတော် တို့က ပြင်းထန်သော တုံ့ပြန်မှုများ ပြုလုပ်ခဲ့ကြောင်း၊ အနောက်နိုင်ငံ မီဒီယာများနှင့်မီဒီယာတချို့က ‘ဝ’အဖွဲ့ကို တကိုယ် ကောင်း ဆန်သူ၊ ငြိမ်းချမ်းရေးကို ဖျက်ဆီးသူဟု ဝေဖန်ကြသည်မှာ မမှန်ကြောင်း၊ တပ်မတော် ပြောရေး ဆိုခွင့် ရှိသူများ ကလည်း တိုင်းရင်းသားများ၏ ကြိုးပမ်းချက်များကို ရိုင်းပြစွာ ငြင်းဆိုခဲ့ကြောင်း ရေးသားထားသည်။
အစိုးရ နှင့် တပ်မတော်တို့ အနေဖြင့် သဘောကျသည်ဖြစ်စေ၊ မကျသည်ဖြစ်စေ အပြုသဘောဆောင်သော နိုင်ငံရေး သဘောထားဖြင့် နိုင်ငံတော်၏ ယဉ်ကျေးမှုသိက္ခာကို ဖော်ပြသင့်သည်ဟုလည်း ဆိုထားသည်။
ပန်ခမ်း ထိပ်သီးအစည်းအဝေးတွင် NCA ကို ငြင်းဆိုပြီး နည်းဗျူဟာအသစ်ဖြင့် တရားမျှတသော ငြိမ်းချမ်းရေးစာချုပ် ရေးဆွဲကာ အစိုးရနှင့် နိုင်ငံရေးဆွေးနွေးမည်ဟု ကြေညာခဲ့ပြီး “နိုင်ငံရေးဆွေးနွေးမှု ကော်မတီ”တရပ်ကိုလည်း ဖွဲ့စည်း ထားသည်။
ကော်မတီတွင် UWSP ၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – မိုင်းလားအဖွဲ့ (NDAA) ၊ အစိုးရနှင့် NCA ထိုးရန် ညှိနှိုင်းနေဆဲ ဖြစ်သည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့ဝင် ၄ဖွဲ့ ကို ထည့်သွင်းထားပြီး အစိုးရက လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီးမှ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ရန် ပြောဆို ထားသည့် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့လည်း ပါဝင်သည်။
သို့သော် UNFC က ကော်မတီတွင် ၎င်းတို့ ပါဝင်ခြင်း ရှိ မရှိကို ယတိပြတ် ပြောဆိုထားခြင်း မရှိပါ။
နိုင်ငံတော်သမ္မတရုံး ဒုညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကမူ အစိုးရ တက်လာစတွင် UWSP ဥက္ကဌ ဦးပေါက်ယူချန်းကို ဆွေးနွေးပြောဆိုရန် ဖိတ်ခေါ်ထားသော်လည်း ယနေ့အထိ အကြောင်းပြန်ခြင်း မရှိကြောင်း ၊ ထိုဖိတ်ခေါ်မှုသည် ယနေ့ အထိ တရားဝင်ဖြစ်နေဆဲဟု အစိုးရဘက်က သတ်မှတ်ထားကြောင်း ဧရာဝတီကို ပြောသ
UNFC က NCA ကို လက်မှတ်ထိုးရန် ညှိနှိုင်းနေဆဲဖြစ်ပြီး မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့၏ ငြိမ်းချမ်းရေး ဆွေးနွေးမှု ညှိနှိုင်း နေဆဲတွင် တိုက်ပွဲများ ပြန်ဖြစ်သဖြင့် ၎င်းတို့အပေါ် သဘောထားမှာ မတ်လ ၆ ရက်တွင် အမျိုးသား ပြန်လည် သင့်မြတ် ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ကြေညာချက် အမှတ် ၁/၂၀၁၇ အတိုင်း ဖြစ် သည်ဟု ဦးဇော်ဌေးက ဆိုသည်။
ယင်းကြေညာချက် တွင် ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့်ဒေသ အတွင်း မတ်လ ၆ ရက်၊ ထိုးစစ်ဆင် တိုက်ခိုက်မှု များကြောင့် ဌာနေမျိုးနွယ်စုများ၊ ဒေသခံ တိုင်းရင်းသားများ သေကြေထိခိုက် ဒုက္ခကြုံတွေ့ နေရသဖြင့် လက်နက်ကိုင် တိုက်ခိုက်မှုများကို စွန့်လွှတ်၍ ငြိမ်းချမ်းရေး စားပွဲဝိုင်းသို့ ဦးတည်ကြရန်၊ ငြိမ်းချမ်းရေးခရီးကို တန်းတူ ရည်တူ စိတ်တူ ကိုယ်တူဖြင့် အတူတကွ လျှောက်လှမ်းကြရန် အလေးအနက် တိုက်တွန်းသည်ဟု ပြောဆို ထားသည်။
“နိုင်ငံရေးဆွေးနွေးမှုကော်မတီ”နှင့် ပတ်သက်၍ ဦးဇော်ဌေးက “ကော်မတီဖွဲ့ပြီးတဲ့ သတင်းတွေကြားတယ်။ သို့သော် ကော်မတီအတွင်းမှာ တချို့ ရှင်းရှင်းလင်းလင်း မရှိသေးဘူး။ ဘယ်အဖွဲ့အစည်းက ဘယ်သူပါတယ်ဆိုတာတွေ။ အဲ့ဒီ ပေါ်မှာ မူတည်ပြီး ဒီကော်မတီ ဖွဲ့စည်းတဲ့ အပေါ် ကျနော်တို့က ဘာလုပ်မယ် ညာလုပ်မယ် ပြောဖို့ စောပါသေး တယ်။ ပြောဖို့လည်း ခက်ပါတယ်” ဟု ပြောသည်။
ငြိမ်းချမ်းရေး ကော်မရှင် အကြံပေး ဦးအောင်ကြည်က ၎င်းနားလည်ထားသည်မှာ နိုင်ငံတော်အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ဝ နှင့် မိုင်းလား၊ UNFC ၊ မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ စသည်ဖြင့် အစိတ်အပိုင်း အသီးသီး စဉ်းစားကာ ပဋိပက္ခများမှာ နှစ်ကြာပြီဖြစ်သဖြင့် ဖြေရှင်းရာတွင် အခက်အခဲများ ရှိမည်ဖြစ်ကြောင်း တွက်ဆထားပြီးဖြစ်သဖြင့် အစိတ် အပိုင်း တခုစီတွင် တိုးတက်မှု ဖြစ်အောင် ကြိုးစားသွားမည်ဟု ဦးအောင်ကြည်က ပြောသည်။
“နိုင်ငံရေးဆွေးနွေးမှုကော်မတီ”နှင့် ပတ်သတ်၍ ဦးအောင်ကြည်က “ကျနော်က အကြံပေးဆိုတော့ အခါအားလျော်စွာ ပဲ ရုံးကို ရောက်ပါတယ်။ လောလောဆယ် သူတို့ ဆက်သွယ်မှုတွေတော့ ရှိနေတယ်လို့ ကျနော်တို့ သိပါတယ်။ အဲ့ဒါ တွေ နဲ့ ပတ်သက်ပြီးတော့ အသေးစိတ် ဘာတွေ ဆက်သွယ်နေသလဲ ဆိုတာကိုတော့ ကျနော်မသိပါဘူး”ဟု ပြော သည်။
‘ဝ’ ၏ သတင်း ထုတ်ပြန်ချက်တွင် UWSP နှင့် ပန်ခမ်း ထိပ်သီးအစည်းအဝေး တက်ခဲ့ကြသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက နိုင်ငံရေးနည်းလမ်းသစ်ဖြင့် အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ဆက်လက် ဆောင်ရွက် မည် ဟု ဆို သည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် “နိုင်ငံရေးဆွေးနွေးမှု ကော်မတီ”နှင့် လက်တွဲပြီး ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ပြန်လည် ဖော်ဆောင်မည်ဆိုပါက တိုင်းရင်းသားလူနည်းစုများနှင့် ဗမာလူမျိုးအများစု၏ ထောက်ခံမှုကို ပြန်လည်ရရှိ နိုင်မည်ကို ယုံကြည်သည်ဟုလည်း ရေးသားထားသည်။
UWSP သည် ပြည်တွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် ၂၁ ဖွဲ့အနက် အင်အားအကြီးဆုံး တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့ တဖွဲ့ ဖြစ်သည်။