ယခုနှစ် မဟာသင်္ကြန် ရုံးပိတ်ရက်ကို သင်္ကြန် အကြိုနေ့မှ နှစ်ဆန်း ၁ ရက်နေ့အထိ တရားဝင် ၅ ရက် သတ်မှတ်၍ ပိတ်ပေး မည် ဖြစ်ကြောင်း ယမန်နေ့ ညနေပိုင်းတွင် ပြည်ထောင်စု အစိုးရက ထုတ်ပြန် ကြေညာသည်။
သမ္မတရုံး ဝန်ကြီး ဌာနမှ ပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေး ကလည်း “သင်္ကြန် ၁၀ ရက်ကို ၅ ရက်ပဲ ပိတ်မှာ ဖြစ်တဲ့ အကြောင်း အမိန့်စာ ထွက်မယ်။ ရုံးပိတ်ရက် သင်္ကြန် ၅ ရက်ပဲ ဖြစ်သွားမယ်”ဟု ဧရာဝတီသို့ ပြောသည်။
သို့သော် ရုံးပိတ်ရက်တွင် ကြိုတင်၍ ခရီးထွက်ရန် ပြင်ဆင်ထားခြင်း၊ အလှူလုပ်ရန် ပြင်ဆင်ထားခြင်း၊ ရထားလက်မှတ်၊ ကားလက်မှတ်များ ကြိုတင် စီစဉ်ထားခြင်းနှင့် ဖျော်ဖြေရေး ငှားရမ်းမှုများအတွက် စရန်ငွေများပင် ကြိုတင်ပေးချေထား သဖြင့် စရန်ငွေ ဆုံးရှုံးပြီး လျော်ရသည့် ဖြစ်စဉ်များ ရှိသည်ဟု ကြားသိထားကြောင်းလည်း ၎င်းက ပြောပြသည်။
“အဲဒါမျိုးတွေ အတွက်ကြောင့် ရုံးပိတ်ရက် ခံစားခွင့်ကို ၁၀ ရက်ပြည့်အောင် လုပ်ပေးမယ်။ တကယ်တမ်း တရားဝင်က တော့ ၅ ရက်ပဲ ပိတ်မယ်။ အဲဒီ ၅ ရက်ကိုတော့ အုပ်ချုပ်မှု နည်းလမ်းနဲ့ လုပ်မယ်လို့ပြောတာ”ဟု ဦးဇော်ဌေးက ပြောသည်။
ယခင် အစိုးရများ လက်ထက်က သင်္ကြန်ရုံးပိတ်ရက်ကို ၁၀ ရက် ပိတ် ပေးခဲ့သည်။
ယခု ရုံးပိတ်ရက် ၅ ရက်သာ ရရှိသူများအတွက် ကျန်ရှိသည့် ၅ ရက်စာကို သီတင်းကျွတ်၊ တန်ဆောင်တိုင်နှင့် အင်္ဂလိပ် နှစ်သစ်ကူး စသည့် ရုံးပိတ်ရက်များတွင် ပိတ်ရက်တိုး၍ ပိတ်ပေးခြင်းများ ပြုလုပ်ပေးမည် ဖြစ်ကြောင်းလည်း သိရသည်။
မြန်မာ့ရိုးရာ သင်္ကြန်တွင် ရုံးပိတ်ရက် ရက်ရှည်ပေး၍ ပိတ်ပေးသည့် အစဉ်အလာတခုကို ကုန်စည်စီးဆင်းမှု၊ ဘဏ်လုပ်ငန်း အကြောင်းပြချက်များဖြင့် ပိတ်ရက်လျှော့သည်မှာ မဖြစ်သင့်ကြောင်း၊ အကယ်၍ မဖြစ်မနေ ပိတ်ရမည် ဆိုလျှင်လည်း ကြိုတင်၍ စောစောစီးစီး သတင်း ထုတ်ပြန်သင့်ကြောင့် ပြည်တွင်း အခြေစိုက် နိုင်ငံခြား အကြံပေး လုပ်ငန်းတခုမှ ဝန်ထမ်း တဦး ဖြစ်သူ ကိုမင်းသူရက ဧရာဝတီသို့ ပြောသည်။
“အရင်ကလည်း ဒီလိုပဲ တောက်လျှောက် အဆင်ပြေလာတာ။ ဘာမှ မဖြစ်ဘူး။ တနှစ်မှ ဒီလိုပိတ်ရက်မျိုးနဲ့ တခါပဲနားရ တာ။ သူများတွေလည်း တရုတ်နှစ်ကူးတို့၊ ခရစ္စမတ်တို့ ဒီလိုပဲ ပိတ်နေတာပဲ။ အဲဒီလို ပိတ်ပေးတာက အကျိုးကျေးဇူး ပိုများ တယ်လို့ ထင်တယ်”ဟုလည်း ကိုမင်းသူရက ပြောဆိုသည်။
ပြန်ကြားရေး ဝန်ကြီးဌာနမှ အငယ်တန်း စာရေးတဦးဖြစ်သူ ကိုအောင်ဇော်မြင့် ကမူ လက်ရှိ အစိုးရ၏ အမျှော်အမြင်ရှိမှုဖြင့် ယခု ဆောင်ရွက်ချက်ကို အပြစ်ပြောစရာ မရှိကြောင်း၊ ယခင်အစိုးရ လက်ထက်က ရုံးပိတ်သော်လည်း အစားထိုးဟုဆိုကာ အလုပ်ဆင်းရလေ့ရှိကြောင်း ဧရာဝတီသို့ ပြောသည်။
“ပိတ်ရက် နည်းတာက လုပ်ငန်းတွေ လည်ပတ်အောင်လို့ လုပ်တာလို့ ထင်တယ်။ လိုအပ်ချက်ရှိလို့ လုပ်တဲ့ကိစ္စပဲ။ ကျနော် တို့ အတွက် ကတော့ ဘယ်နှစ်ရက်ပဲ ပိတ်ပိတ် အများကြီး မကွာဘူး။ ပိတ်တယ်ဆိုပြီး အလုပ်ဆင်းခဲ့ရတာလည်း ၁၀ စုနှစ် တခုလောက် တောင် ရှိတယ်”ဟုလည်း ၎င်းက ပြောဆိုသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုုပ် (NLD) အစိုးရ အနေဖြင့် နိုင်ငံရေးအမြင် သုံး၍ ကြည့်မည်ဆိုလျှင် ရုံးပိတ်ရက် လျှော့ချ ခြင်းကို ချက်ချင်း မလုပ်ဆောင်သင့်ကြောင်း၊ ယခင် အစိုးရပေးသည့် အခွင့်အရေးတခုကို အစိုးရသစ်က ဖျက်ဆီးပစ်လိုက် သည် ဆိုသည့် အမြင်မျိုး ဝန်ထမ်းများတွင် ကိန်းအောင်းသွားပါက တိုင်းပြည်အတွက် အကျိုးမရှိကြောင်း မြေပုံမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောသည်။
“ဝန်ထမ်းတွေရဲ့ မျှော်လင့်ချက်တွေကို ဖျက်ဆီးလိုက်သလို မဖြစ်စေချင်ဘူး။ ဝေးတဲ့ဝန်ထမ်းတွေ အိမ်ပြန်ဖို့၊ မိဘတွေနဲ့ ဆုံဖို့က မိရိုး ဖလာတခုလို ဖြစ်နေတာပဲ။ ဒီလို လုပ်တာ အပြစ်မမြင်ပေမယ့် အချိန်တခု စောင့်သင့်တယ်လို့ မြင်တယ်။ အစဉ်အဆက် ရလာတဲ့ အခွင့်အရေးတခုကို ဒီအစိုးရက ပိတ်ပစ်လိုက်တယ်ဆိုတဲ့ အမြင်မျိုးတွေ ရှိသွားကြရင် မကောင်း ဘူးပေါ့”ဟုလည်း ဦးဖေသန်းက ပြောသည်။