နိုင်ငံတော် သံဃမဟာနာယက(မဟန) အဖွဲ့မှ ဦးဝီရသူ အား တရားဟောခွင့် တနှစ်ပိတ်ပင်ကြောင်း မတ်လ ၉ ရက်နေ့က နေပြည်တော်တွင်ပြုလုပ်သည့် မဟန ၄၇ ပါးစုံညီ စတုတ္ထအထူးအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်။
တရားဟောခွင့်ပိတ်ပင်မှုမှာ မြန်မာနိုင်ငံအတွင်း ၂၀၁၇ ခုနှစ် မတ်လ ၁၀ ရက်နေ့မှ ၂၀၁၈ ခုနှစ် မတ်လ ၉ ရက်နေ့အထိဖြစ်ပြီး လိုက်နာဆောင်ရွက်ခြင်းမရှိပါက တည်ဆဲဥပဒေများနှင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မဟန အဖွဲ့က မတ်လ ၁၀ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ညွန်ကြားရေးမှူး(သာသနာရေး) ဦးမြင့်ဇော်ဝင်းက “ဒါက တဦးတယောက်က တိုင်လို့ မဟုတ်ပါဘူး။ ဦးဝီရသူနဲ့ပတ်သက်လို့ ဖြစ်ပျက်နေတဲ့ အကြောင်းအရာ အားလုံးကို ဆရာတော်ကြီးတွေက သေချာစဉ်းစားသုံးသပ်ပြီးမှ ဆုံးဖြတ်ခဲ့တာပါ”ဟု ဧရာဝတီသို့ ပြောသည်။
မန္တလေး မစိုးရိမ်တိုက်သစ် နာယကအဖွဲ့ဝင်ဆရာတော် ဦးဝိစိတ္တာဘိဝံသ(ဦးဝီရသူ)သည် ဘာသာတခုနှင့် တခုအကြား အမုန်းတရားပွားများပြီး ဘာသာရေး အဓိကရုဏ်းဖြစ်စေနိုင်သည့် ဟောပြောမှုများ၊ အမုန်းတရားကြီးထွားစေရန် လှုံ့ဆော်ဟောပြောမှုများ၊ တရားဥပဒေစိုးမိုးရေးကို အဟန့်အတားဖြစ်စေသည့် ဟောပြောမှုများနှင့် နိုင်ငံရေးပါတီများအကြားတွင် ဘက်လိုက်ဝေဖန်ပြောဆိုမှုများ ဒေသအနှံ့အပြားတွင် ကြိမ်ဖန်များစွာပြုလုပ်နေခြင်းသည် မဟန အဖွဲ့၏ ညွန်ကြားလွှာအမှတ် ၈၃၊ ၉၀၊ ၉၃၊ ၉၄ တို့ကို ဖောက်ဖျက်ကျူးလွန်နေခြင်းဖြစ်ကြောင်း မဟနအဖွဲ့က သုံးသပ်ထုတ်ပြန်ထားသည်။
ဦးဝီရသူသည် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(မဘသ) အဖွဲ့ဝင်ဆရာတော်တပါးဖြစ်ပြီး ဦးကိုနီအသတ်ခံရမှုအပေါ် လုပ်ကြံသတ်ဖြတ်ခဲ့သူများအား ကျေးဇူးတင်ကြောင်း ၎င်း၏ လူမှုကွန်ယက် စာမျက်နှာတွင် ဖေဖော်ဝါရီ ၂၆ ရက်နေ့က ရေးသားပြောဆိုခဲ့မှုကြောင့်လည်း ပါရာဇိက ကျ မကျ ရဟန်းရှင်လူများအကြား ဝေဖန်ခံရလျက်ရှိသည်။
တရားဟောခွင့်ပိတ်ပင်ခံရမှုနှင့်ပတ်သက်ပြီး မစိုးရိမ်တိုက်သစ်ထံ ဧရာဝတီသတင်းဌာနက တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း လတ်တလောတွင် ဖုန်းဆက်သွယ်၍ မရခဲ့ပေ။