လူမျိုးစုအုပ်စုများနှင့် လုံခြုံရေးတပ်ဖွဲ့များအကြား တိုက်ပွဲများကြောင့် ထွက်ပြေးလာသော ရှမ်းပြည်နယ် မြောက်ပိုင်းမှ လူနှစ်သောင်းကျော် တရုတ်နိုင်ငံ နယ်စပ်စခန်းများတွင် ပြည့်ကျပ်နေကြောင်း တရုတ်နိုင်ငံက ကြာသာပတေးနေ့က ပြောသည်။
ထောင်နှင့်ချီသောသူများသည် လွန်ခဲ့သောလများအတွင်း တိုက်ပွဲများကို တိမ်းရှောင်ရန် တရုတ်နယ်စပ်ကို ဖြတ်ကူးခဲ့ကြသည်။ ထိုတိုက်ပွဲများသည် ဒေါ်အောင်ဆန်းစုကြည်၏ လူမျိုးစုများနှင့် ငြိမ်းချမ်းရေး ရရှိရေး ရည်မှန်းချက်ကို ခြိမ်းခြောက်နေသည်။ ယခုအပတ်အတွင်း မြန်မာနိုင်ငံ စီးပွားရေးမြို့တော် ရန်ကုန်မှ မိုင် ၅၀၀ ခန့်ဝေးသော လောက်ကိုင်မြို့တွင် လူမျိုးစု သူပုန်များ၏ တိုက်ခိုက်မှုကြောင့် လူ ၃၀ ခန့်သေဆုံးခဲ့သည်။
တရုတ်နိုင်ငံသည် နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်ရင်း လူသားချင်းစာနာမှု အကူအညီများ ပေးနေသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဂျန်ရှောင်က ပြောသည်။ တိုက်ပွဲများ ပိုမိုပြင်းထန်လာခြင်းမရှိစေရန် ပါဝင်ပတ်သက်သူ အားလုံးက ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ပြီး ချက်ချင်း အပစ်အခတ်ရပ်စဲရန် တောင်းဆိုမှုကိုလည်း သူက ထပ်မံပြောကြားသည်။
အမြောက်ဆံ၊ ကျည်ဆန်များလည်း တရုတ်နိုင်ငံပိုင်နက်အတွင်း မှားယွင်းကျရောက်ခဲ့ပြီး ထိုနေရာမှ လူတဦး ဒဏ်ရာရကာ အပျက်အစီးအချို့ ဖြစ်ပွားစေခဲ့သည်ဟု သူပြောသော်လည်း အခြားအသေးစိတ်များကို ပြောကြားခြင်း မရှိခဲ့ပေ။
ယခုအပတ်အတွင်း တရုတ် လူမျိုးစု အများအပြားပါဝင်သော မြန်မာ အမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော် (MNDAA)မှ တပ်ဖွဲ့ဝင်များသည် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း ကိုးကန့်ဒေသ မြို့တော် လောက်ကိုင်ရှိ ရဲ၊ စစ်တပ်နှင့် အစိုးရနေရာများကို အရုဏ်မတက်မီတွင် တိုက်ခိုက်ခဲ့သည်။ MNDAA အပါအဝင် ကချင်၊ ပလောင်နှင့် ရခိုင်တပ်ဖွဲ့များနှင့် မြန်မာ့တပ်မတော်ကြား တိုက်ပွဲများ ၂၀၁၅ ခုနှစ် မှ စပြီး ဖြစ်နေခဲ့သည်။ လတ်တလော မူဆယ်နှင့် မုံးကိုးမြို့များပေါ်ထိ တိုက်ပွဲများ ပြန့်လာခဲ့သည်။ ထိုတိုက်ပွဲများအတွင်း လူအများအပြားသေဆုံးပြီး သောင်းနှင့်ချီ တရုတ်နိုင်ငံအတွင်းသို့ ထွက်ပြေးကြရသည်။