သံချေးတက်နေသော ဘာဂျာတံခါး၊ ကွဲနေသော ပြတင်းများ၊ ခိုချေးများ စွန်းထင်းနေသော မျက်နှာစာနှင့် ရန်ကုန်မြို့လယ် ဗိုလ်အောင်ကျော်လမ်းနှင့် ကုန်သည်လမ်းထောင့်တွင် တည်ရှိနေသည့် သုံးထပ်တိုက် အဆောက်အအုံကြီးသည် ယခင်အတိတ်က ကဲ့သို့ ဂုဏ်ရောင် မပြောင်နိုင်ပါတော့ချေ။ ထိုအဆောက်အအုံကို နှစ်ပေါင်းများစွာ သော့ခတ်ထားသော်လည်း လမ်းဘေးဈေးသည်များ ကတော့ ၎င်း၏ နယ်မြေကို အသုံးပြု နေကြသည်။ ထိုဈေးသည်များ၏ အပေါ်တွင်မူ အရောင်လွင့်နေပြီး အင်္ဂလိပ်- မြန်မာ နှစ်ဘာသာဖြင့် မဟတ္တမဂန္ဒီခန်းမ ဟူသော ဆိုင်းဘုတ်ရှိနေသည်။
မြန်မာနိုင်ငံ ဗြိတိသျှကိုလိုနီဘဝကျရောက်စဉ် ၁၉၀၀ ခုနှစ်များ အစောပိုင်က တည်ဆောက်ခဲ့သည့် ထို ဂန္ဒီခန်းမသည် မြန်မာနိုင်ငံ၏ အင်္ဂလိပ် ဘာသာသတင်းစာများ အနက် တခု ဖြစ်သော ရန်ကုန် တိုင်းမ် သတင်းစာတိုက် ဖြစ်ခဲ့ဖူးသည်။ ၎င်းသည် ဗိုလ်ချုပ်အောင်ဆန်းနှင့် လွတ်လပ်ရေးအကြိုခေတ် ဝန်ကြီးများ လုပ်ကြံခံရသော အတွင်းဝန်ရုံးနှင့် လမ်းလျှောက်သွားနိုင်သော အကွာအဝေးအတွင်း တွင်သာ ရှိသည်။
ထိုအဆောက်အအုံ၏ လက်ရှိ စိတ်မကောင်းဖွယ်ရာ အခြေအနေသည် ၎င်း၏ ယခင်ဂုဏ်သတင်းများကို ဖုံးကွယ် နေသည်။ ၎င်းခန်းမသည် ၁၉၅၀ ခုနှစ်များ အတွင်း အိန္ဒိယနှင့် မြန်မာနိုင်ငံ တို့ အကြား တိုးတက်နေ သော ရင်းနှီးသည့် ဆက်ဆံရေးတွင် အရေးပါသော ခန်းမှ ပါဝင်ခဲ့သည်။ ထိုစဉ်က မြန်မာဝန်ကြီးချုပ် ဦးနုနှင့် အိန္ဒိယသံအမတ် M.A Rauff တို့က ထိုအဆောက်အအုံကို ဝယ်ယူပြီး မဟတ္တမဂန္ဒီ အောက်မေ့ဖွယ် ခန်းမ အဖြစ် ပြောင်းလဲလိုက်သည်။
သူတို့ နှစ်ဦးသည် ထိုခန်းမကို စီမံရန် ရန်ပုံငွေ တရပ်ကိုလည်း ထူထောင်ခဲ့ကြသည်။ ဦးနုသည် ၁၉၆၂ ခုနှစ် အာဏာသိမ်းမှုတွင် ဗိုလ်ချုပ်နေဝင်းက သူ့အား ရာထူးမှ ဖြုတ်ချချိန် အထိ ထိုဘဏ္ဍာငွေ ထိန်းသိမ်းရေး အဖွဲ့တွင် အဖွဲ့ဝင် ဖြစ်ခဲ့သည်။
မဟတ္တမဂန္ဒီ အောက်မေ့ဖွယ် ခန်းမသည် မြန်မာနိုင်ငံ၏ ခေတ်သစ်နိုင်ငံရေးတွင်လည်း တထောင့်တနေရာမှ ပါဝင်ခဲ့သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပြတ်အသတ် အနိုင်ရခဲ့သည့် ၁၉၉၀ ရွေးကောက်ပွဲကို စစ်အစိုးရက အသိအမှတ်ပြုရန် ငြင်းဆန်ချိန်က ၃၉၂ ဦးသော ရွေးချယ်ခံကိုယ်စားလှယ် အားလုံးတို့သည် ထူထပ်သည့် လုံခြုံရေး အစီအမံများ အောက်တွင် ၎င်းတို့၏ ရှေ့ဆက်ရမည့် ခရီးအတွက် ဆွေးနွေးရန် ဇူလိုင်လ ၂၈ ရက်နေ့ မဟတ္တမဂန္ဒီ အောက်မေ့ဖွယ် ခန်းမတွင် စုရုံးခဲ့ကြသည်။ နောက်တနေ့တွင် ဂန္ဒီခန်းမ ကြေညာစာတမ်းများကို ထုတ်ပြန်ပြီး ၂ လအတွင်း ပါလီမန်ခေါ်ယူရန် ထိုစဉ်က အစိုးရကို တောင်းဆိုခဲ့ကြ သည်။ သို့သော် ၎င်းတို့၏ တောင်းဆိုမှုကို လျစ်လျှူရှုခဲ့ပြီး ကိုယ်စားလှယ်အားလုံးနီးပါး အဖမ်းခံရသည်။
၁၉၅၀ ခုနှစ်များက ထိုအဆောက်အအုံကို စီမံရန် လွှဲအပ်ထားသော အဖွဲ့က ၎င်းကို ဖြိုဖျက်ပြီး ၁၂ ထပ် အဆောက်အအုံ တခု ဆောက်ရန် ကြိုးစားသည် ဟု ဆိုကြသည်။ သို့သော် ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေး အဖွဲ့များက ထိုအဆောက်အအုံ၏ သမိုင်းအရ အရေးပါမှုနှင့် မြို့တော်၏ အမွေအနှစ်ဇုန်နှင့် ခဲတပစ်စာသာ ကွာဝေးသည့် နီးကပ်မှုများကြောင့် ထိုအစီအစဉ်ကို ကန့်ကွက်ခဲ့ကြသည်။ ထိုဆောက်လုပ်ရေး အစီအစဉ်မှာ ဆိုင်းငံ့ထားဆဲဖြစ်ပြီး ဆက်လက် လုပ်ကိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရသို့ တင်ပြထားသည် ဟု ဧရာဝတီသတင်းဌာနက စုံစမ်းသိရှိရသည်။
ဂန္ဒီခန်းမသည် ၎င်း၏ နိုင်ငံတကာဆက်ဆံရေး အခန်းကဏ္ဍနှင့် ပြည်တွင်း နိုင်ငံရေး အရ အရေးပါသည် သာမက ရာစုနှစ် ကြာဗိသုကာ လက်ရာ အတွက်ပါ ထိန်းသိမ်းသင့်သည် ဟု Yangon Heritage Trust ၏ ဒါရိုက်တာ ဒေါ်မိုးမိုးလွင်က ပြောသည်။
“ဒါဟာ အိန္ဒိယနဲ့ မြန်မာနိုင်ငံကြား ဆက်ဆံရေး အတွက်ရော၊ နိုင်ငံရဲ့ ခေတ်သစ်ဒီမိုကရေစီ သမိုင်းရဲ့ အစိတ်အပိုင်းအနေနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ လှုပ်ရှားမှုအတွက်ပါ အရေးကြီး ပါတယ်။ ဒီ့အပြင် ဒီ အဆောက်အအုံဟာ သက်တမ်း နှစ် ၁၀၀ ကျော် ရှိတဲ့မြို့ပြ အမွေအနှစ်လေ။ ထိန်းသိမ်းရမှာပေါ့” ဟု ၎င်းက ပြောသည်။