သတင်း

ကိုဖုန်းမော် ကျဆုံးခြင်း နှစ်ပတ်လည်အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည် သဝဏ်လွှာပေးပို့

ရန်ကုန်မြို့ စက်မှုတက္ကသိုလ်ဟောင်း (RIT) တွင် ယနေ့ ပြုလုပ်သော ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့ ကျဆုံးခဲ့သည့် ၂၉ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က သဝဏ်လွှာ ပေးပို့ခဲ့သည်။

၁၉၈၈ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့တွင် ရန်ကုန်စက်မှုတက္ကသိုလ်၌ ကိုဖုန်းဖော်၊ ကိုစိုးနိုင်တို့ကျဆုံးခြင်း၊ ၂၉ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားသို့ ပေးပို့သော ဒေါ်အောင်ဆန်းစုကြည်၏ သဝဏ်လွှာမှာ အောက်ပါ အတိုင်းဖြစ်သည်။

မြန်မာပြည်ရဲ့ အပြောင်းအလဲများစွာဟာ မတ်လမှ အစပြုလို့ ဖြစ်ပေါ်လာလေ့ရှိသလို ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ ကျဆုံးခဲ့ရတဲ့ နေ့ရက်ဟာလည်း မတ်လရဲ့ သမိုင်းမှတ်တမ်း တခုဖြစ်ပါတယ်။ အငြင်းပွားမှုကို လက်နက်နည်းနဲ့ ဖြေရှင်းခဲ့ကြရာမှာ ဒီလို ဝမ်းနည်းဖွယ် အဖြစ်ဆိုးမျိုးကို ကျောင်းသားထု တရပ်လုံး၊ ပြည်သူတရပ်လုံး ယူကျုံးမရစွာ ကြုံခဲ့၊ ဆုံခဲ့ရတာ ဖြစ်ပါတယ်။

၁၉၈၈ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့မှာ ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ ကျဆုံးခဲ့ရတာဟာ အထွေထွေ အကျပ်အတည်းကြောင့် အပြောင်းအလဲကို လိုလားနေတဲ့ ပြည်သူ တရပ်လုံးအတွက် ပြောင်းလဲချိန်တန်ပြီး ပြောင်းလဲမှ ရတော့မည်ဟု တပ်လှန့် လိုက်သလိုပါပဲ၊ တပါတီ အာဏာရှင်လက်အောက်မှ ရုန်းထွက်ပြီး၊ ဒီမိုကရေစီခရီးလမ်းကို  စတင်လျှောက်လှမ်းကြဖို့ အချိန်ကျပြီလို့ ရဟန်းရှင်လူ၊ ကျောင်းသား၊ ပြည်သူတရပ်လုံးကို အသိပေး နှိုးဆော်ခဲ့ပါတယ်။

ကျမတို့ အနေနဲ့ ဒီနေ့အချိန်မှာ ဒီလိုအဖြစ်ဆိုးမျိုးကို မမေ့မလျော့၊ သတိတရ အောက်မေ့ပွဲတွေ ကျင်းပ ကြတယ်ဆိုတာ အတိတ်ရဲ့ သမိုင်းဒဏ်ရာဒဏ်ချက်တွေထဲ ပိတ်လှောင်နေဖို့မဟုတ်ပါဘူး၊ ဖြစ်ပြီးခဲ့တာတွေမှ သမိုင်း သင်ခန်းစာယူပြီး နောင် ဒီလိုအဖြစ်ဆိုးမျိုးတွေ ထပ်မံ မကြုံတွေ့ရအောင် ဘယ်လိုဆောင်ရွက်ကြမယ်၊ ဘယ်လိုရင်ဆိုင်ကျော်လွှားပြီး နိုင်ငံ့အနာဂတ် ကောင်းအောင် ဖန်တီးကြမယ်ဆိုတဲ့ ခိုင်မာမြဲမြံတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့ဖြစ်ပါတယ်။

အတိတ်က ဆိုးမွေတွေထဲမှ အကောင်းတွေ ဖြစ်ပေါ်လာစေဖို့အတွက်၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ နီးပါးကတည်းက မျှော်မှန်း တောင့်တခဲ့တဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီးကို ဝိုင်းဝန်းထူထောင်ကြရန် ကြိုးစားကြရမှာပါ။ နိုင်ငံအတွက် အနစ်နာခံ၊ အထိခိုက်ခံခဲ့တဲ့ စစ်မှန်တဲ့အာဇာနည်များကို လွမ်းဆွတ်၊ တန်ဖိုးထားသောအားဖြင့် ငြိမ်းချမ်းသောလူ့ဘောင်နှင့် ဒီမိုကရေစီပန်းတိုင်ကို အမှန်တကယ် ရောက်သည်အထိ ချီတက်သွားကြရမှာပါ။ ကိုဖုန်းဖော်၊ ကိုစိုးနိုင်နဲ့တကွ၊ နိုင်ငံအတွက် အလင်းပြခဲ့တဲ့ လူငယ်များအားလုံးကို ကမ္ဘာတည်သရွေ့ ကျမတို့ မမေ့မလျော့၊ မှန်ကန်တဲ့ လုပ်ဆောင်မှုအားတွေနဲ့ ဂုဏ်ပြုကြပါစို့လို့ ယနေ့ မတ်လ ၁၃ ရက်နေ့မှာ တိုက်တွန်း နှိုးဆော်လိုက်ပါတယ်။

ကိုဖုန်းမော်နှင့် ကိုစိုးနိုင် တို့သည် အာဏာရှင် ဦးနေဝင်း လက်ထက် ၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် ရန်ကုန်စက်မှု တက္ကသိုလ်၌ စက်မှုတက္ကသိုလ်ကျောင်းသားများနှင့် အရပ်သားတချို့ကြား ပဋိပက္ခကို အစိုးရ လုံထိန်း ရဲတပ်ဖွဲ့က အင်အားသုံး နှိမ်နင်းရာမှ သေနတ်ဒဏ်ရာများရရှိကာ ကိုဖုန်းမော်သည် ယင်းနေ့တွင် ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းဝင်းအတွင်း၌ သေဆုံးခဲ့ပြီး ကိုစိုးနိုင်သည် မတ်လ ၁၄ ရက်နေ့တွင် ရန်ကုန်ဆေးရုံကြီး၌ ကွယ်လွန်ခဲ့သည်။

ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ ကျဆုံးခဲ့သော မတ်လ ၁၃ ရက်နေ့ကို မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူများက ၁၉၈၉ ခုနှစ် တနှစ်ပြည့် နှစ်ပတ်လည်နေ့မှ စ၍  “မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့” အဖြတ် သတ်မှတ် ခဲ့ကြသော်လည်း ယနေ့အထိ တရားဝင် သတ်မှတ်ခြင်းမရှိသေးပေ။

Loading