ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် အောင်မင်္ဂလာအဝေးပြေးကားဝင်း မုံရွာလမ်းတွင် ဖွင့်လှစ်ထားသည့် ဆွေညီနောင် စတိုးဆိုင်ပိုင်ရှင်အမျိုးသမီးက ဆိုင်အကူ မိန်းကလေးငယ် ၂ ဦးကို ရိုက်နှက် နှိပ်စက် သဖြင့် အပြင်းအထန် နာကျင်စေမှု ပုဒ်မ ၃၂၆ ဖြင့် ဖမ်းဆီး အရေးယူထားကြောင်း မင်္ဂလာဒုံမြို့နယ် ရဲစခန်းမှ သိရသည်။
အမှုကို စစ်ဆေးနေသည့် ဒုရဲအုပ် ဟန်ကိုဦးက “ကလေးတွေကို အင်းစိန်ဆေးရုံကို တင်ထားတယ်။ သတင်းအရ သွားပြီး ဖမ်းဆီးတာပါ။ ဆိုင်ပိုင်ရှင်အမျိုးသမီးကိုလည်း ဖမ်းဆီးထားပြီးပြီ။ ဖြစ်တာက ဒီနေ့မနက်က ဖြစ်တယ်။ ချက်ချင်းဖမ်းတယ်။ အပြင်းအထန်နာကျင်စေမှုနဲ့ ဖမ်းထားတယ်။ နောက်ထပ် အမှုတွေလည်း ထပ်လာဖို့ရှိမယ်” ဟု ဧရာဝတီ သို့ ပြောသည်။
အောင်မင်္ဂလာ အဝေးပြေးဝင်းအတွင် ဖွင့်လှစ်ထားသည့် ဆွေညီနောင် စတိုးဆိုင်ပိုင်ရှင် မဖြူဖြူထွန်းသည် တောင်တွင်းကြီးမြို့နယ်နှင့် ကျိုက်လတ်မြို့နယ်တို့မှ တဆင့် ဆိုင်အကူ အဖြစ်လာရောက် အလုပ်လုပ်နေသည့် အသက် ၁၂ နှစ် အရွယ် မထက်ထက်ဇော်နှင့် ၁၀ နှစ်အရွယ် မမေသဇင်တို့ကို ရိုက်နှက် နှိပ်စက်ခဲ့ခြင်း ဖြစ်သည်။
ကလေးများကို မျက်နှာ၊နဖူး များကို ရိုက်နှက်ခဲ့ရာ ညိုမဲစွဲ ယောင်ကိုင်းဒဏ်ရာများ၊ ခန္ဓာကိုယ်ကို တုတ်ဖြင့် ရိုက်နှက်ကာ မီးဖုတ်ထားသည့် သံချောင်းဖြင့် ထိုးနှက်ရာမှ အပြင်းအထန် ဒဏ်ရာများ ရရှိခဲ့သဖြင့် ယနေ့ ( မတ်လ ၁၃ ရက်) တွင် အင်းစိန်ဆေးရုံကို ချက်ချင်း ပို့ဆောင် ကုသထားကြောင်း သိရသည်။
မတ်လဆန်းပိုင်းကလည်း မန္တလေးမြို့ အမရပူရမြို့နယ် ရတနာပုံတက္ကသိုလ်အနီးရှိ “ဟိန်းအာကာ” အပ်ချုပ်ဆိုင်၌ အိမ်အကူ လုပ်ကိုင်နေသည့် အသက် ၁၄နှစ်အရွယ် မိန်ကလေးငယ်အား ရိုက်နှက်ညှဉ်းပန်းသည့်အတွက် ဆိုင်ရှင်လင်မယားကို အမရပူရ မြို့နယ် ရဲစခန်းက ဖမ်းဆီး စစ်ဆေးလျက်ရှိသည်။
ပြီးခဲ့သည့် နှစ်များအတွင်း ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ ပဲခူးတိုင်းဒေသကြီးအတွင်းတွင် အိမ်အကူ၊ ဆိုင်အကူ အဖြစ် အလုပ်လုပ်ကိုင်နေသည့် ကလေးသူငယ်များကို နှိပ်စက်ညှင်းပန်းမှုများစွာ ဖြစ်ပေါ်ခဲ့သည်။