နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က တရားဟောခွင့် ပိတ်ပင်ထားသည့်ကြားက ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ်၌ ဝစီပိတ်တရားပွဲ ကျင်းပခဲ့သည့် မန္တလေးမြို့ မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူအပေါ် ဥပဒေအတိုင်း ဆောင်ရွက်သွားမည်ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ပြောဆိုလိုက်သည်။
“သံဃမဟာနာယကအဖွဲ့ကလည်း တရားမဟောဖို့ တားမြစ်ထားတယ်။ ဧရာဝတီတိုင်း အစိုးရ အနေနဲ့လည်း တိုင်းအတွင်း တရားဟောခွင့်ကို ရက်အကန့်အသတ်မရှိ ပိတ်ပင်ကြောင်း ထုတ် ပြန်ထားပြီး ဖြစ်တယ်။ အဲဒီတော့ သံဃာ့အဖွဲ့အစည်းနဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ တားမြစ် ချက်များ ကို ဆန့်ကျင်ပြီး ဆောင်ရွက်တာ မှန်သမျှကို တရားဥပဒေနဲ့အညီ ဆက်လက် ဆောင်ရွက်သွား မှာ ဖြစ်တယ်”ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ဧရာဝတီကို ပြောသည်။
အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ -၉၆၉ ၏ ဦးဆောင်ဆရာတော် ဦးဝီရသူသည် ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခ ဖြစ်ပွားစေနိုင်သည့် အမုန်းစကားများ ဟောပြောသည့် အတွက် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ဦးဝီရသူကို မြန်မာနိုင်ငံအတွင်း တရားဟောခွင့် ၁ နှစ် ပိတ်ပင်ကြောင်း မလိုက်နာပါက ဥပဒေအတိုင်း အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း မတ်လ ၁၀ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ တားမြစ်ချက်ထွက်ပေါ်ပြီး မတ်လ ၁၁ ရက်နေ့တွင် ဆရာတော် ဦးဝီရသူက အိမ်မဲမြို့နယ် သီးကွင်းကျေးရွာ၌ ဝစီပိတ်တရားပွဲခေါင်းစဉ်ဖြင့် တရားဟောပလ္လင်ပေါ်တွင် ပါးစပ်ကို တိပ်များဖြင့် ကပ်၍ ထိုင်နေခဲ့ပြီး တရားနာ ပရိသတ် ၅၀၀ ကျော်ကို ယခင်က ဟောကြားခဲ့သည့် တရားခွေအား ပြန်လည် ဖွင့်ပြသည့်နည်းဖြင့် နိုင်ငံတော်သံဃနာယကအဖွဲ့၏ တားမြစ်ချက်ကို တုံ့ပြန်ခဲ့သည်။
“ဆရာတော်က တရားဟောစင်မြင့်ပေါ်ကိုလည်း တက်တယ်။ စင်အောက်မှာ တရားနာ ပရိသတ်တွေလည်း ရောက်နေတယ်။ စင်ပေါ်ရောက်တော့မှ ပါးစပ်ကို တိပ်ကပ်ပြီး တရားခွေဖွင့်တယ်။ အဲဒီတော့ ဒီကိစ္စကို ကျနော်တို့အစည်းအဝေးပြန်ထိုင်ပြီး တိုင်ပင်မယ်။ တိုင်းသံဃနာယကဆရာတော် တွေကိုလည်း လျှောက်ထားပါမယ်။ အကယ်၍ ဒီအပြုအမူဟာ တားမြစ်ချက်ကို ချိုးဖောက်တယ်လို့ ထင်ရှားရင် ဥပဒေအတိုင်း ဆောင်ရွက်သွားမှာပါ”ဟု စည်ပင်ဝန်ကြီး ဦးကျော်မြင့်က ပြောသည်။
ဆရာတော် ဦးဝီရသူသည် ပုသိမ်မြို့တွင် ဖေဖော်ဝါရီ ၁ ရက်နေ့က တရားဟောရန် စီစဉ်ခဲ့သော်လည်း ဧရာဝတီတိုင်းအစိုးရက ဘာသာရေး၊ လူမျိုးရေးအခြေခံသော ပဋိပက္ခများ ဖြစ်ပွားမည်ကို စိုးရိမ်သည့်အတွက် ပွဲမိန့်မပေးဘဲ ငြင်းဆန်ခဲ့သဖြင့် တရားပွဲ ဖျက်သိမ်းခဲ့ရသည်။
ဆက်လက်၍ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင်လည်း နိုင်ငံတော် သမ္မတဟောင်း ဦးသိန်းစိန်၏ ဇာတိရွာ ငပုတောမြို့နယ် ကျုံကူး ကျေးရွာတွင် “၉၆၉ နှင့် ဒို့တာဝန်အရေးသုံးပါး” ခေါင်းစဉ်ဖြင့် အစိုးရ ၏ ခွင့်ပြုချက် မယူဘဲ ဟောပြောခဲ့ပြန်သည်။
ထို့ကြောင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ဦးဝီရသူအား တိုင်းအတွင်း တရားဟောပြောခွင့်ကို ရက်အကန့်အသတ်မရှိ ပိတ်ပင်ကြောင်း မတ်လ ၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
မတ်လ ၈ ရက်နေ့တွင် မအူပင်မြို့နယ် တာလဘော ကျေးရွာ၌ ဒေသအုပ်ချုပ်ရေး တာဝန်ရှိသူများ တားမြစ်နေသည့်ကြားက ဆရာတော် ဦးဝီရသူက တရားပွဲပြုလုပ် ဟောပြောခဲ့ပြန်သည်။
နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့က ၄၇ ပါးစုံညီ အထူးအစည်းအဝေး ခေါ်ယူပြီး ဦးဝီရသူကို တရားဟောခွင့် ၁ နှစ် ပိတ်ပင်ကြောင်း မတ်လ ၁၀ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေညာ ထားသည်။