မြန်မာနိုင်ငံတွင် ကလေးအလုပ်သမား ၁ ဒသမ၂ သန်းခန့် ရှိပြီး ထက်ဝက်ခန့်သည် အန္တရာယ်ရှိသည့် လုပ်ငန်းခွင်များ သို့ ရောက်ရှိနေကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဝန်ကြီး ဦးသိန်းဆွေက ပြောသည်။
နေပြည်တော် သင်္ဂဟဟိုတယ်တွင် ယနေ့ပြုလုပ်သည့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် ရေးဆွဲဖော်ထုတ်ရေး ညှိနှိုင်းဆွေးနွေးပွဲဖွင့်ပွဲအပြီးတွင် ဝန်ကြီး ဦးသိန်းဆွေက အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။
“ဒီလုပ်ငန်း စီမံချက်ကို ဒီနှစ် မကုန်မီ နိုဝင်ဘာလောက်မှာ အပြီးဆွဲဖို့ လုပ်ထားပါတယ်။ ကလေး လုပ်သားတွေ လျှော့ချဖို့အတွက် ပညာပေးမယ်။ သူတို့ကို အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်တွေကနေ ဆွဲထုတ်နိုင်ဖို့ ကြိုးစားသွားမှာပါ”ဟု လည်း ဝန်ကြီးက ပြောသည်။
၂၀၁၄ ခုနှစ်က အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ အလုပ် သမား အဖွဲ့ချုပ် (ILO)တို့ ပူးပေါင်း ဆောင်ရွက်သည့် စစ်တမ်းအရ ကလေးလုပ်သား ၁ ဒသမ၂သန်း ရှိသည့်အနက် ထက်ဝက် ခန့်သည် အန္တရာယ်ရှိသည့် လုပ်ငန်းခွင်တွင် အလုပ်လုပ်နေရကြောင်း၊ လက်ရှိ တိုင်းပြည်၏ စီးပွားရေး အနေ အထားအရ ယင်းပြဿနာမှာ ဆက်ရှိနေသေးကြောင်း ဝန်ကြီး ဦးသိန်းဆွေက ပြောသည်။
“ကလေးလုပ်သားတွေမှာက သူတို့ကိုယ်တိုင် မလုပ်ချင်သော်လည်း သူတို့ရဲ့ ဝင်ငွေနဲ့ မိသားစုက မှီခိုနေရတဲ့ အပိုင်း ဖြစ်နေတော့ မလုပ်နဲ့လို့ ပြောခြင်းအားဖြင့် သူတို့မိသားစုမှာ အခက်အခဲတွေ့နိုင် တယ်။ ဒါလေးကိုကတော့ ပညာ လည်း ပေးရမယ်။ သူတို့ရဲ့ ဘဝကိုလည်း မြှင့်တင်ပေးရမယ်”ဟု ၎င်းက ဆက်ပြောသည်။
မြန်မာနိုင်ငံတွင် ကလေးလုပ်သား ၁ဒသမ ၂ သန်းအထိ ဖြစ်နေရခြင်းမှာ ILO က သတ်မှတ်သည့် စံနှုန်းအရ အသက် ၅ နှစ်မှ ၁၈ နှစ်အထိကို ကလေးလုပ်သား အဖြစ် သတ်မှတ်ခြင်းကြောင့် ဖြစ် ကြောင်း၊ မြန်မာနိုင်ငံ အလုပ်သမား ဥပဒေအရ စက်မှုလုပ်ငန်းများတွင် လုပ်ကိုင်နေသည့် ကလေးလုပ်သားများကိုသာ အလုုပ်သမားအဖြစ် သတ်မှတ် ကြောင်း သိရသည်။
“အလုပ်သမားရေးရာ ဥပဒေက စက်မှုကဏ္ဍမှာပဲ အကျုံးဝင်တာ။ ILO က စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ငါးလုပ်ငန်းတွေ မှာ ကျနော်တို့ နိုင်ငံ က ကျေးလက်ဒေသများတာကို။ အဲဒီတော့ မိရိုးဖလာ ဝိုင်းကူတဲ့ ကလေးတွေကိုပါ ထည့်ကောက် လို့ ဒီလောက်စာရင်းများတာပါ”ဟု အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စိစစ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန် ကပြောသည်။
ယင်းဌာန၏ စိစစ်မှုများအရ မြန်မာနိုင်ငံရှိ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များတွင် အလုပ်လုပ် နေသည့် ကလေး ငယ် ၁၁၀၀၀ ကျော်ရှိကြောင်း၊ ကျေးလက်ဒေသများတွင် အခြေခံ ပညာရေး ပြီးပါက မိဘကို ဝိုင်းကူရမည်ဆိုသည့် အယူအဆကိုလည်း ဖျောက်ဖျက်ရန် လိုကြောင်း ဦးဝင်းရှိန်က ပြောဆိုသည်။
ကလေးလုပ်သား လျှော့ချရန် အဓိက အခက်အခဲမှာ ဆင်းရဲမွဲတေမှု၊ ပညာရေးစနစ်၊ သဘာဝ ဘေးအန္တရာယ်နှင့် ရွှေ့ပြောင်းနေထိုင်မှု စသည့် အချက်များကြောင့် ဖြစ်ကြောင်း၊ အသက် ၁၄ နှစ်ပြည့်သည့် ကလေးတဦးကို ဆရာဝန်၏ ထောက်ခံချက်ဖြင့်သာ အလုပ်လုပ်ခွင့်ပြုကြောင်း အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စိစစ်ရေး ဦးစီးဌာနက ပြောသည်။
တောင်ကြီးနှင့် ပြည်မြို့တို့ရှိ ကလေးလုပ်သား ၅၂၉ ဦးတို့၏ အခြေအနေများကို စစ်တမ်း ကောက်ယူခဲ့သည့် ရတနာ့ မေတ္တာ အဖွဲ့၏ အဆိုအရ ကလေးသူငယ်များသည် ခန္ဓာကိုယ်ဖွံ့ဖြိုးမှု ကို အဟန့်အတား ဖြစ်စေသည့် လေးလံ သော အရာဝတ္ထုများ မ,ရခြင်း၊ ကျန်းမာ ရေးထိခိုက်နိုင်သည့် ဖုန်မှုန့်၊ မီးခိုးငွေ့များ ရှုရှိုက်ရခြင်း၊ အလွန်ပူပြင်းသော နေရာနှင့် လေဝင်လေထွက် မကောင်းသော နေရာများတွင် အလုပ်လုပ်ရခြင်းတို့ တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။
ထို့အပြင် အန္တရာယ်ရှိ ပစ္စည်းများ ကိုင်တွယ်ရခြင်း၊ ဓာတု ပစ္စည်းများနှင့် အလုပ်လုပ်ရခြင်း၊ အမြင့်နှင့် ကန်ထဲမြစ်ထဲ တွင် အလုပ်လုပ်ရခြင်းတို့အပြင် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကို အဟန့်အတား ဖြစ်စေနိုင်သည့် မိမိထက် ကြီးသူများနှင့် ဆိုင်ရှင်များ၏ အော်ငေါက်ခြင်း၊ အပြစ်တင်ခြင်း၊ ဆူဆဲခြင်းများကိုလည်း မကြာခဏခံရကြောင်း တွေ့ရသည်ဟု စစ်တမ်းတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံသည် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ကလေးအလုပ်သမား အဆိုးရွားဆုံး ပုံစံဖြင့် ခိုင်းစေမှု ဆိုင်ရာ ပြဋ္ဌာန်းချက် အမှတ် – ၁၈၂ (ILO Convention 182) ကို လက်မှတ် ရေးထိုးခဲ့ပြီး ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် အကောင်အထည်ဖော်မှု အစီရင်ခံစာကို ILO သို့ တင်သွင်းခဲ့ကြောင်း သိရသည်။
ILO က အမေရိကန်ပြည်ထောင်စု အလုပ်သမားဝန်ကြီးဌာန၏ ကူညီထောက်ပံ့မှုဖြင့် မြန်မာနိုင်ငံတွင် ကလေးသူငယ် အလုပ်သမား ပပျောက်ရေး အစီအစဉ်ကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်မှ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ အထိ ၄ နှစ်တာ စီမံကိန်း ချမှတ် အကောင်အထည်ဖော်ခဲ့ရာ ယနေ့ဆိုလျှင် အမျိုးသား အဆင့် လုပ်ငန်း စီမံချက် ရေးဆွဲနိုင်မည့် အဆင့်သို့ ရောက်ရှိလာပြီ ဖြစ်ကြောင်း ဝန်ကြီး ဦးသိန်းဆွေက ပြောဆိုခဲ့သည်။