သတင်း

မဘသ အဖွဲ့ဝင် ဦးကျော်မျိုးရွှေကို ရဲစခန်းက ခေါ်စစ်

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လူမှုကွန်ရက် ဖေ့စ်ဘုတ်စာမျက်နှာတွင် ပုတ်ခတ် စော်ကားရေးသားမှုများ ပြုလုပ်သည်ဟုဆိုကာ တိုင်တန်းခံရသူ အထက်မြန်မာပြည် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ဝင် ဦးကျော်မျိုးရွှေကို မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ရဲစခန်းက ခေါ်ယူစစ်ဆေးခဲ့ကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ် ရဲစခန်းမှူး ရဲအုပ်ကျော်သူက “ရန်ကုန်မြို့က စမ်းချောင်းရဲစခန်းက လာစစ်တာပါ။ ပုဒ်မ ၆၆ ဃ နဲ့ တိုင်ထားတော့ စစ်စရာရှိတာတွေစစ်တယ်။ အခုတော့ ပြန်လွှတ်လိုက်တယ်။ တခြားသူတွေ ပါလာတယ်ဆိုတာကလည်း အေးအေးဆေးဆေး လာပြီး ထိုင်နားထောင်တာပါ။ အွန်ုလိုင်းမှာက သက်သက်လျှောက်ပြောနေကြတာ။ ဖမ်းထားတာ မဟုတ်ပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ဦးကျော်မျိုးရွှေသည် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ၎င်း၏ လူမှုကွန်ရက် ဖေ့စ်ဘုတ်စာမျက်နှာတွင် အသရေ ပျက်စေရန် ရည်ရွယ်၍ ညစ်ညမ်း ပုတ်ခတ်သည့် စာသားများကို ရေးသားကာ ဂုဏ်သိက္ခာ ထိခိုက်စေရန် ပြုလုပ်သည့်အတွက် ဆက်သွယ်ရေး ဥပဒေပုဒ် ၆၆ (ဃ) ဖြင့် အမှုဖွင့် အရေးယူပေးရန် ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်နေ ဒေါ်မြမြဌေးက တရားလို ပြုလုပ်ကာ တိုင်တန်းထားခြင်း ဖြစ်ကြောင်း သိရသည်။

“အမှုဖွင့်တဲ့အပေါ် တရားရုံးရောက်မှ ရင်ဆိုင်ဖြေရှင်းမယ်။ အခုတော့ စစ်ပြီး ပြန်လွှတ်လိုက်တယ်။ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပေါ် အသရေ ဖျက်တယ်ဆိုပြီး ကျနော်တင်တဲ့ပို့စ်ကို စကရင်ရှော့ ယူပြီး အမှုဖွင့်တာ ဖြစ်တယ်။ တရားလိုက ဒေါ်မြင့်မြင့်ဌေးလို့ သိရတယ်။ အခုက စခန်းက ခေါ်စစ်လို့ လာတာပါ” ဟု တိုင်တန်းခံရသူ ဦးကျော်မျိုးရွှေက ပြောသည်။

ဦးကျော်မျိုးရွှေသည် Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်းကို မန္တလေးမြို့မှ မဘသ ဆရာတော် ဦးဝီရသူအား ဂုဏ်သိက္ခာ ထိခိုက် ကျဆင်းစေရန်၊ အသရေပျက်စေရန် ရည်ရွယ်ရေးသားခဲ့သည်ဟုဆိုကာ ဆက်သွယ်ရေး ပုဒ်မ ၆၆ ဖြင့် အမှုဖွင့် တိုင်ကြားထားသူ ဖြစ်သည်။

Loading