မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသများတွင် အချိန်အခါမဟုတ် မိုးရွာသွန်းမှုများကြောင့် တောင်ပြို၊ မြေပြိုမှုများ ဖြစ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ (မိုး/ဇလ) ပညာရှင် ဒေါက်တာ ထွန်းလွင်က သတိပေးလိုက်သည်။
“မိုးက စံချိန်တင်အောင် ရွာတယ်လေ။ မြစ်ကြီးနားမှာ။ အဲဒီတော့ တောင်ကျရေတွေ သတိထားရမယ်”ဟု ၎င်းက ဆိုသည်။
မတ်လ ၁၁ ရက်နေ့က စတင်တိုက်ခတ်သည့် အထက်လေအေး စီးကြောင်းများသည် မတ်လ ၁၄ ရက်နေ့မှ စတင် လျော့ ကျ သွားပြီး ယင်းနှင့်အတူ မိုးရွာသွန်းမှုပါ လျော့ကျသွားမည် ဖြစ်ကြောင်း၊ အချိန်အခါမဟုတ် ရွာသောမိုးကြောင့် စိုက်ပျိုး သီးနှံများ ထိခိုက် ပျက်စီးတတ်သဖြင့် သတိပြုသင့်ကြောင်း ဒေါက်တာ ထွန်းလွင်က ပြောသည်။
“နွေရာသီကာလ ရောက်ကတည်းက လက်ရှိအချိန်အထိ နေ့အပူချိန်တွေဟာ 40°C ကို မကျော်လွန်သေးတာကို တွေ့နေ ရပါတယ်။ ဒါဟာ မြန်မာနိုင်ငံ အလယ်ပိုင်းတွေနဲ့ မြောက်ပိုင်းတွေမှာ မိုးတွေ ရွာနေသေးလို့ဖြစ်ပါတယ်။ ဒီမိုးတွေ ရွာနေတာ ကလည်း ဆောင်းကြွင်းလက်ကျန် အထက် လေထုအတွင်းက အနောက်ဘက် လေအေးစီးကြောင်းတွေဟာ မြန်မာနိုင်ငံ အထက်ပိုင်း အပေါ်မှာ ဆက်လက် အားကောင်းနေသေးလို့ ဖြစ်ပါတယ်”ဟုလည်း ၎င်းက ပြောဆိုသည်။
မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသများတွင် အထက် လေအေး စီးကြောင်းကြောင့် မတ်လ ၁၁ ရက်နှင့် ၁၂ ရက် နေ့များက မိုးသည်းထန်စွာ ရွာသွန်းခဲ့ကြောင်း လက်ရှိတွင် အဆိုပါ လေအေးစီးကြောင်းများသည် အားပျော့ ပျက်ပြယ်လု ဖြစ်နေသော်လည်း မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများတွင် မိုးရွာသွန်းနိုင်ပြီး လေပြင်း တိုက်ခိုက်မှုနှင့် မြေပြိုမှုများ ဖြစ်ပေါ် နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးကလည်း ပြောသည်။
“၁၃ ရက်နေ့အထိက ရွာနိုင်မယ့် အနေအထားရှိပါတယ်။ ဒါပေမယ့် ဒီနောက်ပိုင်းတော့ တော်တော် လျော့သွားပါတယ်။ နောက်ရက်တွေမှာတော့ မြန်မာပြည် မြောက်ဖျားပိုင်းလောက်ပဲ ရွာတော့မှာပေါ့။ နောက်တချိန် ပြန်ဖြစ်လာရင်တော့ နောက်တကြိမ် တွက်ရမှာပေါ့”ဟုလည်း ၎င်းက ပြောဆိုသည်။
မတ်လ ၁၁ရက်နေ့တွင် ကချင်ပြည်နယ် မြောက်ပိုင်း၊ စစ်ကိုင်းတိုင်း အောက်ပိုင်း၊ ချင်းပြည်နယ်၊ မကွေးတိုင်း မြောက်ပိုင်း၊ မန္တလေးတိုင်း အနောက်အလယ်ပိုင်း၊ မွန်ပြည်နယ် တောင်ပိုင်း၊ ကရင်ပြည်နယ် တောင်ပိုင်းနှင့် တနင်္သာရီတိုင်းတို့၌ မိုးရေချိန် ၁မီလီမီတာမှ ၁၁ မီလီမီတာအထိ ရွာသွန်းခဲ့သည်ဟု ဆိုသည်။
ယင်းသို့ အချိန်အခါ မဟုတ် ရွာသွန်းသောမိုးကြောင့် ပြင်ဦးလွင်မြို့ရှိ စတော်ဘယ်ရီ စိုက်ခင်းတချို့လည်း ပျက်စီးခဲ့ ကြောင်း ဒေသခံ တောင်သူများထံမှ သိရသည်။
မတ်လ ၁၂ ရက်က ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် မြောက်ပိုင်း၊ စစ်ကိုင်းတိုင်း အောက်ပိုင်း၊ မန္တလေးတိုင်း အနောက်ပိုင်း၊ မကွေးတိုင်း မြောက်ပိုင်းတို့တွင်လည်း မိုးရေချိန် ၁မီလီလီတာမှ ၃ မီလီမီတာအထိ ရွာသွန်းခဲ့သည်။
ထို့အပြင် မြစ်ကြီးနားမြို့တွင်လည်း မတ်လ ၁၂ ရက်နေ့က ရွာသွန်းသော မိုးရေချိန်သည် နှစ်ပေါင်း ၅၀ အတွင်း စံချိန်သစ် တင်သွားခဲ့ပြီး ယခင်စံချိန် ၃၃ မီလီမီတာ အစား ၃၇ မီလီမီတာသို့ မြင့်တက်ခဲ့ကြောင်း သိရသည်။