ရန်ကုန်တိုင်းအတွင်း ယခုနှစ်နွေရာသီ၌ လျှပ်စစ်ဓာတ်အားလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေးအတွက် သမ္မတ၏ သီးသန့် ရန်ပုံငွေမှ ကျပ် ၃၀ ဘီလီယံ သုံးစွဲခွင့်ပြုရန် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ယနေ့ ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြသည်။
ရန်ကုန်တိုင်းအတွက် ဒီဇယ်နှင့် သဘာ၀ ဓာတ်ငွေ့လောင်စာ ၂ မျိုး အသုံးပြု၍ အလွယ်တကူ ရွှေ့ပြောင်းနိုင်သည့် ၂၅ မဂ္ဂါဝပ်ခန့်အထိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနိုင်မည့် ဓာတ်အားထုတ်စက် (Trailer) ဝယ်ယူရန် ကျပ် ၃၀ ဘီလီယံ အတွက် ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ တင်ပြချက်ကို ပြည်ထောင်စု အစိုးရအဖွဲ့က သဘောတူခွင့်ပြုပြီး ဖြစ်ကြောင်း သိရ သည်။
ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက“ ဒီကိစ္စက ဒီဘဏ္ဍာနှစ်အတွင်း မသုံးစွဲရင်မဖြစ်တဲ့ အထူးကိစ္စရပ်မှာ အကျုံးဝင်တာကြောင့် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးနိုင်ဖို့ လွှတ်တော်သို့ရှင်းလင်းတင်ပြရခြင်း ဖြစ်ပါတယ်”ဟု ပြောသည်။
သမ္မတ၏ သီးသန့်ရန်ပုံငွေမှ ရန်ကုန်မြို့မီးလင်းရေး သုံးစွဲမှုပမာဏ ကျပ် ဘီလီယံ ၃၀ မှာ အလွန်များပြားသည့် ငွေကြေး ဖြစ်ကြောင်း၊ မြို့ပေါ်မဟုတ်ဘဲ နယ်ဒေသများတွင် မီးလင်းရေးကို ကိုယ်ထူကိုယ်ထဖြင့်သာ ယခုအချိန်အထိ ဆောင်ရွက် နေရဆဲ ဖြစ်ကြောင်း ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်းက ပြောဆိုသည်။
“သမ္မတသီးသန့် ရန်ပုံငွေဆိုတာ သဘာဝဘေးအန္တရာယ်တွေ အတွက် သုံးထိုက်တာပါ။ အခုလို ရန်ကုန်တခုတည်းအတွက် အများကြီး တောင်းတာကတော့ ကျန်တဲ့တိုင်းနဲ့ ပြည်နယ်ကသူတွေ ဘယ်သူမှကြိုက်မှာ မဟုတ်ဘူး” ဟု ဦးသိန်းထွန်းက ဆို သည်။
၎င်း၏ မဲဆန္ဒနယ်တွင် ကျေးရွာမီးလင်းရေး ကိုယ်ထူကိုယ်ထစနစ်ဖြင့် လုပ်ဆောင်ရာ ကျေးရွာ ၁၀ ခုသာ မီးလင်းရေး ဆောင်ရွက်ပေးနိုင်ကြောင်း၊ နိုင်ငံတော်မှ ခွင့်ပြုချက် ထုတ်ပေးရုံမျှလွဲ၍ ကျန်သည့်အကူအညီ မရရှိခဲ့ဘူးကြောင်း ၎င်းက ဆက်ပြောသည်။
မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်မှာ များပြားသဖြင့် ယခုကဲ့သို့ သီးသန့်ရန်ပုံငွေ ချထားပေးခြင်းကို သဘောတူကြောင်း၊ လက်ရှိအစိုးရသည် အခြားတိုင်းရင်းသား ဒေသများ မီးရရှိရေးကို လည်း သင့်တင်အောင် စီမံဆောင်ရွက်လျက် ရှိကြောင်း လယ်ဝေးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဇော်ဦးက ပြောသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ကိုယ်စားလှယ်လည်း ဖြစ်သူ ဦးမျိုးဇော်ဦးက “ရန်ကုန်မြို့ကြီးက စီးပွားရေး အချက်အခြာ ကျတယ်။ စက်မှုဇုန်တွေလည်း ရှိတယ်။ လျှပ်စစ်ဓာတ်အား လိုအပ်ချက်က များလွန်းတော့ ဒီလို လုပ်ပေး တာကို ကန့်ကွက်စရာ မရှိဘူး”ဟုလည်း ၎င်းက ပြောဆိုသည်။
ယခုတင်ပြချက်သည် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ၂၀၁၇ – ၂၀၁၈ ဘဏ္ဍာနှစ် ဘတ်ဂျက်လျာထားချက် တင်ပြစဉ်က ပါဝင်ခဲ့သော်လည်း အဆင့်ဆင့်စိစစ်ခဲ့ရာ ဘတ်ဂျက်အခြေအနေအရ လျှော့ချခဲ့ရကြောင်း၊ နွေရာသီတွင် ရန်ကုန်တိုင်း အတွင်း လျှပ်စစ်ဓာတ်အား တိုးတက်သုံးစွဲလာမှု လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် လျှပ်စစ်ဓာတ်အား ထုတ်စက်ကို အရေး ပေါ်ဝယ်ယူ ဖြည့်ဆည်းဆောင်ရွက်နိုင်ရေးအတွက် သီးသန့်ရန်ပုံငွေမှ သုံးစွဲနိုင်ရန် သမ္မတက လွှတ်တော်သို ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်း၏ လျှပ်စစ်ဓာတ်အား သုံးစွဲမှုသည် နှစ်စဉ် ၁၅၀ မဂ္ဂါဝပ်မှ ၂၀၀ မဂ္ဂါဝပ် အထိ တိုးတက်သုံးစွဲလျက်ရှိပြီး လက်ရှိ တနိုင်ငံလုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု၏ ၄၅ ရာခိုင်နှုန်းခန့် အထိရှိရာ ဓာတ်အားစနစ်အတွင်း ဓာတ်အား ထုတ်လုပ် နိုင်မှုသည် ယခုနှစ် နွေရာသီတွင် တိုးလာမည့် ဓာတ်အားလိုအပ်ချက်ကို ပြည့်မီရန် မထုတ်လုပ်နိုင်သဖြင့် ယခုအစီအစဉ်ကို ပြုလုပ်ခြင်းဖြစ်သည်ဟု ဆိုသည်။
ယခုအစီအစဉ်ကြောင့် ပင်မဓာတ်အားခွဲရုံ အချို့နှင့် ဓာတ်အားလိုင်း အချို့တို့တွင် ဝန်အားပြည့်မီလာစေရန်နှင့် ဓာတ်အား လိုအပ်သည့် နေရာတွင် လျှပ်စစ်ဓာတ်အားထုတ်စက်ကို အလျင်အမြန် ရွှေ့ပြောင်းတပ်ဆင် ဓာတ်အားပေးနိုင်မည် ဖြစ်ကြောင်း သမ္မတ၏ လွှတ်တော်သို့ ပေးပို့တင်ပြချက်တွင် ပါရှိသည်။