ပဲခူးတိုင်း အနောက်ခြမ်း ပြည်မြို့တွင် မတ်လ ၁ ရက်မှ ၁၃ ရက်နေ့အထိ ၁၅ နှစ်အရွယ် နဝမတန်း ကျောင်းသူ၊ အသက် ၁၉ နှစ်အရွယ် ပထမနှစ် ကျောင်းသား၊ ၂၄ နှစ်နှင့် ၃၃ နှစ်အရွယ် အမျိုးသား ၂ ဦး စုစုပေါင်း မိမိကိုယ်ကိုယ် သေကြောင်းကြံ သတ်သေမှု ၄ မှု ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံက သိရသည်။
ရွာဘဲရပ်ကွက် ကိုးသောင်းပဒေသာရပ်နေ အသက် ၁၉ နှစ်အရွယ် တက္ကသိုလ်ပထမနှစ်ကျောင်းသား ဖိုးသား (ခ) ညီမင်းမြတ်မှာ အင်တာနက် အလွန်အကျွံ အသုံးပြုသူဖြစ်ပြီး ဖခင်ကွယ်လွန်ပြီး နောက် ၃ လ အတွင်း စိတ်ဓာတ်ကျကာ မတ်လ ၁ ရက်နေ့က မိမိကိုယ်ကိုအဆုံးစီရင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြည်မြို့ အမှတ် ၂ ရဲစခန်းထံက သိရသည်။
မတ်လ ၇ ရက်နေ့ကလည်း ပဲခူးတိုင်းအရှေ့ခြမ်း ထန်းတပင်မြို့နယ်မှ အသက် ၁၅ နှစ်အရွယ် နဝမတန်းကျောင်းသူ မိန်းခလေးတဦးမှာ ပြည်မြို့သို့ ခိုးရာ လိုက်လာခဲ့ပြီးနောက် ၎င်းအား ခိုးပြေးသူက ပြည်မြို့ ကားကြီးဝင်းအနီး ရွှေပြည်သာ တည်းခိုခန်းတွင် ထားခဲ့ပြီး ပြန်ရောက်မလာသဖြင့် Coca cola အချိုရည်ကို ဓါတ်ဆီရော၍ သောက်ခဲ့ပြီး၊ အချိုရည်ဗူးခံွံဖြင့် လက်ကောက်ဝတ်အား လှီးဖြတ်၍ မိမိကိုယ်ကို သတ်သေခဲ့ရာ တည်းခိုခန်း ဝန်ထမ်းများသိရှိ၍ ပြည်မြို့ ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သော်လည်း ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။
“တည်းခိုခန်းခ တရက်စာ သွားတောင်းတော့မှ အဲဒီကောင်မလေးအခန်းမှာ သွေးညှီနံ့တွေနံတယ် ပိုက်ဆံပေးတော့လည်း တံခါး ဟပြီးပေးတာ သူ့လက်မှာ သွေးတွေ့တော့မှ ကောင်မလေးက ဒီလိုလုပ်မှန်းသိရတာ။ ဆေးရုံရောက်ပြီးမှ ဆုံးသွားတာပါ။” ဟု ပြည်မြို့အမှတ် ၂ ရဲစခန်း နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ဝေဇော်အောင်က ဧရာဝတီကိုပြောသည်။
မတ်လ ၁၂ ရက်နေ့ ညပိုင်းကလည်း ကိုးသောင်းရပ်ကွက်နေ အသက် ၂၄ အရွယ် ကိုတည်ကြည်ဦး ဆိုသူသည် လွန်ခဲ့သော ၂ လခန့်က အိမ်ထောင်ရေး အဆင်မပြေသည့်အတွက် ကြိုးဆွဲချ သေကြောင်းကြံစည်ခဲ့ကြောင်း၊ ရွှေတံခါး ရပ်ကွက်အပိုင်း ၃နေ အသက် ၃၃ နှစ်အရွယ် ကိုထွန်းထွန်းဝင်းလည်း စီးပွားရေး အဆင်မပြေသည့်အတွက် နေအိမ်ရှေ့ရှိ ရေတမာပင်တွင် ကြိုးဆွဲချ သေဆုံးမှုများ ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ မှတ်တမ်းများ အရ သိရသည်။
သေကြောင်း ကြံစည်သူ အများစုမှာ အသက်ရှင်နေထိုင်ခဲ့စဉ်အတွင်း စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ကြုံတွေ့ရာမှ အသက်သေဆုံးသည်အထိ သေကြောင်းကြံစည်မှု အထမြောက်အောင် ဆောင်ရွက်ကြကြောင်း၊ ရုတ်တရက် သေကြောင်း ကြံစည်သူ အများစုမှာ မူးယစ်ဆေးဝါးနှင့် အရက်ကြောင့် ဖြစ်လေ့ရှိကြောင်း ပြည်မြို့ ကုတင် ၅၀၀ ပြည်သူ့ဆေးရုံကြီးမှ စိတ်ကျန်းမာရေး အထူးကု ဆရာဝန်ကြီး ဒေါက်တာ ဒေါ်သီတာဝင်းက ပြောသည်။
စိတ်ကျန်းမာရေး အထူးကု ဆရာဝန်ကြီး ဒေါက်တာ ဒေါ်သီတာဝင်းက “တော်တော်များများကတော့ သေကြောင်းကြံစည်မှုလုပ်ဖို့ အကြံ ရှိတော့ ရှိနေမှာပေါ့။ အဲဒီလို ပေါ်လာဖို့ အတွက် သူတို့ရဲ့ နောက်ကြောင်းနဲ့ စိတ်အခြေအနေကို တွန်းပို့နိုင်တဲ့ အရာတွေက အမျိုးမျိုးရှိတယ်။ စိတ်ကျရောဂါပဲဖြစ်ဖြစ်၊ တချို့တွေကလည်း မူးယစ်ဆေး တခုခု သော်လည်းကောင်း ဒါမှမဟုတ် အရက်မူး၍ သော်လည်းကောင်း အဲဒီလိုဖြစ်နေလို့ ကယောင်ချောက်ခြား ဖြစ်ပြီး နီးစပ်ရာနဲ့ လုပ်လိုက်တာ ဖြစ်ဖြစ် ဖြစ်နိုင်တာပေါ့။ စိတ်ကျရခြင်း အကြောင်းအရင်းကလည်း အမျိုးမျိုးဖြစ်နိုင်တယ်။” ဟု ရှင်းပြသည်။
မိမိကိုယ်ကို သေကြောင်းကြံစည်သူ အများစုမှာ သေကြောင်းကြံစည်ရန် နိမိတ်ပြ ပြောဆိုမှုများ ပြုလုပ်လေ့ရှိရာ နီးစပ်သည့် ပတ်ဝန်းကျင် အသိုင်းအဝိုင်းမှ အချိန်မီ အားပေးနှစ်သိမ့်မှုများ ပြုလုပ်ပေးပါက လွတ်မြောက်နိုင်ကြောင်း၊ ယင်းကဲ့သို့ ပြုလုပ်သူများမှာ ယုံကြည်ချက် ပြင်းထန်သူများနှင့် စိတ်အစွဲအလန်းကြီးသူများ ဖြစ်ရာ အမြန်ဆုံး စိတ်ရောဂါကု ဆရာဝန်များဖြင့် ပြသသင့်ကြောင်း၊ ကုသမှုခံယူပါက ပျောက်ကင်း သက်သာလေ့ရှိကြောင်း ၎င်းက ရှင်းပြသည်။