သတင်း

အငြင်းပွား တံတားကို ဗိုလ်ချုပ်အောင်ဆန်း အမည် သတ်မှတ်ရန် လွှတ်တော် အတည်ပြု

မွန်ဒေသခံများနှင့် အစိုးရတို့အကြား တံတားအမည် သတ်မှတ်နိုင်ရေး အငြင်းပွားလျက်ရှိသည့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်နှင့် ချောင်းဆုံမြို့နယ်တို့အကြား သံလွင်မြစ်ပေါ်မှ တံတားတစီးကို “ဗိုလ်ချုပ်အောင်ဆန်း” အမည်တပ်ရန် ယနေ့ ကျင်းပသည့် ပြည်သူ့ လွှတ်တော်က ဆုံးဖြတ်လိုက်သည်။

ဒေသခံများက တံတားအမည်ကို “ရာမည” သို့မဟုတ် “သံလွင်တံတား(ချောင်းဆုံ)”ဟု အမည်ပေးရန် တရားဝင် ဆန္ဒထုတ်ဖော် တောင်း ဆိုမှုများ ရှိခဲ့သော်လည်း မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်းက ယင်းတံတားအမည်ကို အမျိုး သား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အမည်ပေးရန် မတ်လဆန်းပိုင်းက ပြည်သူ့လွှတ်တော်သို့ တင်ပြခဲ့သည်။

ယင်းကိစ္စကို ယနေ့ လွှတ်တော်တွင် စတင်ဆွေးနွေးရာ ဆွေးနွေးသူ ကိုယ်စားလှယ် ၁၅ ဦးအနက် အာဏာရ အမျိုးသား ဒီမိုကရေစီ အ ဖွဲ့ချုပ် (NLD)မှ ကိုယ်စားလှယ်များက ထောက်ခံခဲ့ကြပြီး အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၊ တပ်မတော်နှင့် တိုင်းရင်းသား အမတ်တဦးတို့က ကန့်ကွက်ခဲ့ကြသည်။

NLD မှ ကိုယ်စားလှယ်များက ဗိုလ်ချုပ် အောင်ဆန်းသည် လူမျိုးတခု၊ နယ်ပယ်တခု၏ ခေါင်းဆောင် မဟုတ်ဘဲ တနိုင်ငံလုံး၏ ခေါင်း ဆောင် ဖြစ်သဖြင့် ယခုတံတားကို ဗိုလ်ချုပ် နာမည်ပေးရန် ထိုက်တန်ကြောင်းနှင့် ဗိုလ်ချုပ်အောင်ဆန်း၏ ဝိသေသ ဂုဏ်ထူးများ၊ ၎င်း၏ ဆောင်ရွက်ချက်များကို ချီးကျူး ဂုဏ်ဖော်ခဲ့ကြသည်။

“လွှတ်တော်မှာ ပြောပြနေတာက သမိုင်းကို ပြောပြနေတာ ဖြစ်ပါတယ်။ လုပ်ကြံပြီး ပြောနေတာ တခုမှ မရှိပါဘူး”ဟု လွှတ်တော်အပြီး တွင် သတင်းထောက်များကို ဒေါ်မိကွန်ချမ်းက ပြောသော်လည်း ဧရာဝတီက ယခုအဆိုသည် ကိုယ်ပိုင်ဆန္ဒဖြင့် တင်ခြင်းလား၊ ပါတီ၏ ခိုင်းစေ မှုကြောင့် တင်ခြင်းလားဆိုသည့် မေးခွန်းကိုမူ ဒေါ်မိကွန်ချမ်းက ပြန်လည် ဖြေကြားခြင်း မရှိပါ။

လွှတ်တော်၏ အဓိက တာဝန်သည် ဥပဒေပြုခြင်းနှင့် အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့ကို အပြန်အလှန် ထိန်းကျောင်းခြင်းတို့ဖြစ်၍ ယခု ကိစ္စသည် စေတနာမှန်သော်လည်း လုပ်နည်းမှားနေကြောင်း USDP မှ မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မြင့် က ပြောသည်။

စက်မှု ဝန်ကြီးဟောင်းလည်းဖြစ်သူ ဦးမောင်မြင့်က“လွှတ်တော်ဟာ ဒီလို တံတား နာမည်ပေး ကင်ပွန်းတပ်တာကို ငြင်းခုံဆွေးနွေးရမယ့် နေရာ မဟုတ်ဘူးလို့ ကျနော် ယုံကြည်ပါတယ်။ Platform မှားနေတယ်လို့ ပြောချင်ပါတယ်”ဟု လွှတ်တော်တွင် ပြောသည်။

ယခု စီမံကိန်း စတင်ခဲ့စဉ်က သံလွင်တံတား(ချောင်းဆုံ)ဟု သတ်မှတ်ခဲ့ကြောင်း၊ ကျပ်သန်းပေါင်း ၆၀၀၀၀ သောင်းကျော် ကုန်ကျခံခဲ့ရ သည့် ယခုတံတားအမည်ကို ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ပြည်နယ်အစိုးရတို့ ညှိနှိုင်းဆောင်ရွက်ရမည့် ကိစ္စ၍ လွှတ်တော်နှင့် သက် ဆိုင်သည်ဟု မထင်ကြောင်း တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးဇော်ဇော်မိုးက ဆွေးနွေးသည်။

“တံတားအမည်ပေးရေးနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ ဆန္ဒမဲနှင့် အတည်ပြု သတ်မှတ်ခြင်းထက် အဓိကနှင့် သာမည ခွဲခြားကာ လွှတ်တော်၏ ဆောင်ပုဒ်နှင့်အညီ ဒေသခံပြည်သူများ၏ ဆန္ဒနှင့် အသံကို အလေးအနက် ထားသင့်ပါတယ်”ဟု ဗိုလ်မှူး ဇော်ဇော်မိုးက ပြောသည်။

NLD ပါတီမှ စေတုတ္တရာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်လွင်အောင်က ဒီမြေမှာ နေ၍ ဒီရေကို သောက်သူတိုင်း သည် ဗိုလ်ချုပ်အောင်ဆန်း၏ ကျေးဇူးနှင့် မကင်းကြောင်း ထောက်ပြခဲ့ပြီး မွန်လူမျိုးများသည် ကျေးဇူးတရား သိသူများ ဖြစ်ကြောင်း NLD မှ သထုံကိုယ်စားလှယ် ဒေါ်မာမာခိုင်က ထောက်ခံ ပြောဆိုခဲ့သည်။

“မော်လမြိုင်မြို့နှင့် ချောင်းဆုံ မြို့နယ်ကြားရှိ တံတားကို ဗိုလ်ချုပ်အောင်ဆန်း တံတားဆိုပြီး စတင်မှည့်ခေါ်ဖို့ အကြောင်းပေါ်လာတော့ ကျေးဇူးရှင်ကို တနည်းအားဖြင့် ကျေးဇူးဆပ်ခွင့်ရတော့မယ့် မွန်ပြည်နယ်အတွင်း မှှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသား ညီအစ်ကို မောင်နှ မများ အနေနဲ့ ပိုလို့တောင် ဂုဏ်ယူသင့်ပါတယ်”ဟု လယ်ဝေးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဇော်ဦးက ပြောသည်။

ယခင်အစိုးရလက်ထက်က မွန်ပြည်နယ်၊ မော်လမြိုင်မြို့လယ်ခေါင်တွင် ဆွမ်းအုပ်ရုပ်တုကြီး ထားရှိခဲ့သော်လည်း ယခုအချိန်တွင် မူလဆွမ်းအုပ်နေရာ၌ မွန်လူမျိုးတို့၏ အထိန်းအမှတ် သင်္ကေတ ဟင်္သာရုပ်တုကို ပြောင်းလဲပေးလိုက်ခြင်းဖြင့် NLD အစိုးရ၏ တိုင်းရင်းသားတို့အပေါ် ရိုးရာဓလေ့ အမွေအနှစ် အထိန်းအမှတ်များကို ပြန်လည်ဖော်ထုတ်ပေးခြင်းကို မြင်တွေ့နိုင်ကြောင်းလည်း ၎င်းက ဆိုသည်။

လက်ရှိနိုင်ငံ၏ နိုင်ငံရေး၊ အခြေအနေနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တို့သည် ထိလွယ်ရှလွယ်ဖြစ်နေဆဲ ကာလဖြစ်သဖြင့် ယခု တံတားကိစ္စ အပေါ် အကြောင်းပြု၍ မထင်မှတ်သည့် ပယောဂ အမျိုးမျိုးဝင်လာခဲ့ပါက နိုင်ငံ၏ ဦးတည်ချက် လမ်းကြောင်းလွဲသွားမည်ကို မွန်ပြည် နယ်သားများ အနေဖြင့် စဉ်းစားသင့်ကြောင်း မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအင်ထုံးခါးနော်ဆမ်က ပြောသည်။

“နောက်ဆက်လုပ်မည့် အဆောက်အဦတွေမှာ မိမိလူမျိုး၊ အမျိုးသား သင်္ကေတ လက္ခဏာများကို မှည့်ခေါ်နိုင်ဖို့နဲ့ ပြည်ထောင်စု အစိုးရကလည်း စီစဉ်ပေးနိုင်ဖို့ နှစ်ဘက်စလုံးမှာ အခွင့်အရေး များစွာ ရှိနေပါသေးတယ်”ဟု NLD ပါတီမှ ကိုယ်စားလှယ် တဦးဖြစ်သူ ဦးအင်ထုံးခါးနော်ဆမ်က လွှတ်တော်တွင် ဆွေးနွေးသည်။

ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုတခု တည်ဆောက်ရန် အခက်အခဲ အကျပ်အတည်းပေါင်းများစွာကြားမှ ဖန်တီးရယူနေချိန်တွင် ယခုတံတားကိစ္စကို အကြောင်းပြု၍ မရှုစိမ့်နိုင်သည့် “တဖက်စွန်း အမျိုးသား ဝါဒီများ၊ အာဏာရှင် အတွေး အခေါ်ရှိများက သဘော တရား အစာမကြေသည့် ၂ ဖက် နိုင်ငံရေးသမားများကို မြှောက်ပေးကာ ရန်ဖြစ်ခိုင်းနေသည်”ကို ဝမ်းနည်းဖွယ် တွေ့ရကြောင်း ကလောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်က ပြောသည်။

“ကျမတို့ဟာ ဘယ်လူမျိုးကြီးဝါဒကိုမျှ လက်မခံသလို အမြင်ကျဉ်းမြောင်းတဲ့ လူမျိုးရေး အတွေးတွေကိုလည်း ကြိုးစား တိုက်ထုတ်ရ ပါမယ်။ ကျမတို့အားလုံး နိုင်ငံရေးသတိ ရှိဖို့ လိုပါတယ်။ အာဏာရှင် အတွေးအခေါ်ကို ယူမှာလား၊ တော်လှန်မှာလားဆိုတာ ရွေးချယ်ကြရ ပါလိ့မ်မယ်”ဟု ၎င်းက ပြောသည်။

သို့သော် ဗမာပိုင်နက်ထဲတွင် ဖြစ်စေ၊ တိုင်းရင်းသားဒေသတခုခုမှာ ဖြစ်စေ ဗိုလ်ချုပ်အထိမ်းအမှတ်အဖြစ် ဆောင်ရွက်ခြင်းသည် နိုင်ငံရေး အရ ဖြစ်စေ၊ လူမှုရေးအရ ဖြစ်စေ ထိုက်တန်မှုရှိသည်ဟု ခိုင်ခိုင်မာမာ ယုံကြည်ကြောင်းလည်း ဒေါ်ပြုံးကေသီနိုင်က ပြောသည်။

မွန်တိုင်းရင်းသားများတွင် မျိုးချစ် ရာဇာဓိရာဇ်၊ မိဘုရားကြီး ရှင်စောပု၊ ဗညားဒလ၊ လဂွန်းအိမ်၊ အဲမွန်ဒယာ၊ သမိန်ဗရမ်း၊ နယ်ချဲ့ ဗြိတိ သျှကို စီးပွားရေးအရ အံတုခဲ့သူ ဦးနာအောက်၊ ဒီဘက်ခေတ်တွင် နိုင်ပန်းလှ၊ မင်းသုဝဏ်တို့ရှိကြောင်း USDP မှ ဦးမောင်မြင့်က ပြောသည်။

“နောက်ဆုံး သမ္မတကြီး ဦးထင်ကျော် ရှိသေးတယ်။ ကြိုက်တဲ့ မွန်လူမျိုးထဲကနေ ရွေးချယ် နာမည် ပေးမယ်ဆိုရင်တောင် ကျနော် ကတော့ ထောက်ခံပါတယ်”ဟု ၎င်းက ဆိုသည်။

ယခုအဆိုကို အဆိုရှင်ဖြစ်သူ ဒေါ်မိကွန်ချမ်းက အတည်ပြုပေးရန် လွှတ်တော်သို့ တောင်းဆိုခဲ့ပြီး တံတားဆောက်လုပ်ခဲ့သည့် ဆောက် လုပ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးဝင်းခိုင်ကလည်း “ပြည်ထောင်စု စိတ်ဓာတ် ခိုင်မာ တည်မြဲရေး”အတွက် ယခုအမည်ကို ထောက်ခံ ကြောင်း သဘောထားပေးခဲ့သည်။

သို့သော် ကန့်ကွက် ဆွေးနွေးသူများ ရှိနေခြင်းကြောင့် ယခုအဆိုကို လွှတ်တော်က မဲခွဲဆုံးဖြတ်ရာ ထောက်ခံသူ ၂၁၇ ဦး၊ ကန့်ကွက်သူ ၄၃ ဦးနှင့် ကြားနေသူ ၁၁၆ ဦးရှိ၍ ထောက်ခံသူများသဖြင့် ဒေါ်မိကွန်ချမ်း၏ သံလွင်မြစ်ပေါ်တွင် ထိုးထားသည့် တံတားအမည်ကို အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အမည် သတ်မှတ်ပေးရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့သည်။

Loading