ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်အနီး ဗဟိုပြု လှုပ်ခတ်ခဲ့သော အင်အား အသင့်အတင့်ရှိ ငလျင် ကြောင့် ပွန်းပဲ့ဒဏ်ရာ အနည်းငယ် ရရှိသူ ၂၀ ဦးနှင့် ပုံမှန် မစိုးရိမ်ရ ဒဏ်ရာ ရရှိသူ ၅ ဦး ရှိခဲ့ရာ တိုက်ကြီး ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။
“အခုလောလောဆယ်မှာ ဆေးရုံက ဆင်းခွင့်ပေးလိုက်တာနဲ့ဆိုရင်တော့ လူ ၂၀ ကျော်လောက်တော့ ရှိတယ်။ ဒဏ်ရာ ရရှိသူက ၈ ယောက်လောက်ပဲ ရှိတယ်။ ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာ ရရှိသူ နည်းပါတယ်”ဟု မြေငလျင်ဘေးအတွက် အရေးပေါ်ကူညီကယ်ဆယ်ရေး လုပ်နေသည့် စစ်မြေပြင်ဆေးတပ်ရင်း ၁၄ မှ ဗိုလ်ကြီး မင်းမောင်မောင်က ဧရာဝတီသို့ ပြောသည်။
မတ်လ ၁၃ ရက်နေ့ ည ၈ နာရီ ၄၉ မိနစ်က တိုက်ကြီးမြို့၏ အနောက်တောင်ဘက် ၅ မိုင်ခန့် အကွာကို ဗဟိုပြု၍ အင်အား ၅ ဒသမ ၈ ရစ်ခ်ျတာ စကေးရှိ ငလျင် လှုပ်ခတ်ခဲ့ပြီး ည ၁၀ နာရီ ၁၉ မိနစ်တွင်လည်း တိုက်ကြီးမြို့ အရှေ့တောင်ဘက် ၇ မိုင်ခန့် အကွာကို ဗဟိုပြု၍ အင်အား ၄ ဒသမ ၇ အဆင့်ရှိ ငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ရာ လူနှင့် နေအိမ်ပစ္စည်းများ ထိခိုက်ခဲ့သည်။
ယနေ့ နံနက် ၁၀ နာရီ ၂၂ မိနစ်က ငလျင် ထပ်မံ လှုပ်ခတ်ခဲ့ရာ တိုက်ကြီးမြို့နယ်ရှိ လုပ်သား ၂၀၀ ခန့်ရှိသည့် အထည်ချုပ် စက်ရုံတစ်ရုံမှ အလုပ်သမားအချို့ မူးမိုက်လဲကျခြင်း၊ ပြေးလွှားခြင်းတို့ကြောင့် ပွန်းပဲ့ဒဏ်ရာရခြင်းမျိုး ရှိခဲ့ကြောင်း သိရသည်။
ငလျင်သည် ယမန်နေ့ ညပိုင်းတွင် ၄ ကြိမ်၊ ယနေ့ နံနက်ပိုင်းက နောက်ဆက်တွဲ ငလျင်ငယ် ၃ ကြိမ် စုစုပေါင်း ၇ ကြိမ် လှုပ်ခတ်ခဲ့ပြီး လူအသေအပျောက် လုံးဝမရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီး မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် ဦးလွင်စိုးမင်းက ပြောသည်။
ငလျင်ဒဏ်ကြောင့် တိုက်ကြီးမြို့ရှိ သာသနိက အဆောက်အအုံ အချို့ ပြိုကျခဲ့ပြီး ကံသာယာ ဘုန်းတော်ကြီးကျောင်း အပါအဝင် ဘုန်းကြီးကျောင်းအချို့မှ အုတ်တံတိုင်းများ ပြိုကျခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ ဝန်ထမ်းအိမ်ခန်း အချို့နှင့် လူနေအိမ်အချို့ ပျက်စီးခြင်း၊ လူများ ထိခိုက်ဒဏ်ရာရရှိမှု ရှိခဲ့ရာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ စတင် လုပ်ဆောင်နေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။
“ကိုလိုနီခေတ် ရှေးလက်ရာ အိမ်တလုံး၊ ဘုန်းကြီးကျောင်း တကျောင် အပါအဝင် သက်တမ်းလွန် အဆောက်အဦ ၈ လုံး ပြိုကျတယ်။ အဆောက်အအုံတွေကတော့ သက်တမ်းလွန် အဆောက်အအုံ တွေ ဖြစ်နေတယ်။ အဲဒါကြောင့် ဖြစ်တာပါ တကယ် ကောင်းတဲ့ အဆောက်အအုံတွေက မဖြစ်ပါဘူး။ လူအသေအပျောက် လုံးဝမရှိပါဘူး”ဟု တိုက်ကြီး မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ လွှတ်တော် ကိုယ်စားလှယ် ဦးလွင်စိုးမင်းက ရှင်းပြသည်။
မတ်လ ၁၃ရက်နေ့က လှုပ်ခတ်ခဲ့သည့် တိုက်ကြီးငလျင်သည် နောက်ဆက်တွဲ လှုပ်ခတ်နိုင်သည့် ငလျင်မျိုးဖြစ်ပြီး လက်ရှိတွင်လည်း နောက်ဆက်တွဲ ငလျင်ငယ်များ ထပ်မံလှုပ်ခတ်နိုင်၍ ပြည်သူများအနေဖြင့် ပြိုပျက်နေသည့် အဆောက်အအုံများ၊ စေတီပုထိုးများနှင့် သာသနိက အဆောက်အအုံများ အနီးသို့ သွားရောက်နေထိုင်ခြင်းများ မပြုလုပ်ရန် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတိပေးထုတ်ပြန်ထားသည်။
၂၀၁၆ခုနှစ် သြဂုတ်လ ၂၄ ရက်တွင် ရစ်ချ်တာစကေး ၆ ဒသမ ၈ အဆင့်ရှိ အင်အားပြင်း ငလျင်တခု လှုပ်ခတ်ခဲ့၍ ပုဂံဒေသရှိ စေတီပုထိုးများ အပါအဝင် ပုဂံဘုရားပေါင်း ၃၈၉ ဆူ ပျက်စီးခဲ့ကာ မြန်မာနိုင်ငံ အနှံ့အပြားတွင် ငလျင်ဒဏ်ခံစားခဲ့ရပြီး လူအချို့ သေဆုံး၊ ဒဏ်ရာရမှုများ ဖြစ်ပွားခဲ့သည်။