သတင်း

ကန်ထရိုက်လယ်ယာစနစ် ဥပဒေ အတည်ပြုနိုင်ရန် စီစဉ်နေ

ကန်ထရိုက်လယ်ယာစနစ် ဖော်ဆောင်ရန် ဥပဒေမူကြမ်းကို ယခုလအတွင်း အစိုးရအဖွဲ့သို့ တင်ပြ မည်ဖြစ်ရာ အတည်ပြုနိုင်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးရဲမင်းအောင်က ”ကျနော်တို့ ပထမ မူကြမ်းရေးဆွဲပြီးပါပြီ။ အစိုးရက အတည်ပြုတာနဲ့ ထုတ်ပြန်မှာ ဖြစ်ပါတယ်။ အခုလ ၁၈ ရက်နေ့ အစည်းအဝေးပြီးတာနဲ့ အစိုးရကိုတင်ပြမှာ ဖြစ်ပါတယ်”ဟု ပြောသည်။

အဆိုပါ ကန်ထရိုက် လယ်ယာစနစ် ဥပဒေမူကြမ်းတွင် တောင်သူလယ်သမားများ၏ အငြင်းပွားမှု ပြဿနာများ ဖြေရှင်းရေး၊ အခွင့်အရေးနှင့်  အကျိုးစီးပွားကာကွယ်ရေး၊ လယ်ယာစိုက်ပျိုးရေးအတွက် တောင်သူလယ်သမားများ အာမခံချက်များ ရရှိရေး၊ လုပ်ငန်းရှင်ဘက်က တောင်သူလယ်သမားများ အတွက် ပျက်ကွက်မှုမဖြစ်ရေးနှင့် အကယ်၍ လယ်သမားဘက်က ပျက်ကွက်လျှင်လည်း ဥပဒေအရ ဆောင်ရွက်ရန် စီမံရမည့် အချက်တို့ကို ထည့်သွင်းရေးဆွဲထားသည်ဟု သိရသည်။

“အရင်ကတော့ ကန်ထရိုက်လယ်ယာစနစ်ဆိုတာကို တနေရာတည်းမှာပဲ ပုံစံတမျိုးစီနဲ့ လုပ်နေတာ ဖြစ်တယ်။ အဲဒီတော့ တချို့နေရာက တောင်သူလယ်သမားတွေ ဆိုရင် နစ်နာမှုတွေ ရှိတယ်။ လယ်မြေတွေ အသိမ်းခံရတာ၊ စွန့်လွတ်လိုက်ရတာတို့ အထိဖြစ်ကြတယ်။ တချို့လုပ်ငန်းရှင်တွေ နစ်နာတာလည်း ရှိပါတယ်။ ဒါပေမယ့် လုပ်ငန်းရှင်နစ်နာတာက နည်းပါတယ်။ တောင်သူလယ်သမား နစ်နာတာက ပိုများတယ်”ဟု ဦးရဲမင်းအောင်က ရှင်းပြသည်။

လက်ရှိတွင် ခရမ်းမြို့နယ်၌ လယ်သမားနှင့် လုပ်ငန်းရှင် ပူးပေါင်း၍  ကန်ထရိုက်လယ်ယာစနစ်ဖြင့် စတင်လုပ်ကိုင်မှုများ ရှိနေသော်လည်း  မူဝါဒဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ ဥပဒေများ မရှိသေး သဖြင့် လယ်သမားများ အတွက် အကျိုးခံစားခွင့် ရရှိမှုမှာ မသေချာနိုင်သေး၍ နစ်နာရကြောင်း လယ်သမားများထံက သိရသည်။

ခရမ်းမြို့နယ်မှ လယ်သမား ဦးကျော်ခိုင်က “ကန်ထရိုက်စနစ် အခုလုပ်နေတာက လယ်သမား နစ်နာပါတယ်။ ဘာလို့လဲဆိုတော့ လုပ်ငန်းရှင်က လုပ်ပြီဆိုရင် လယ်သမားဆီက လယ်တွေကို ပြင်တယ်။ သူတို့ ပြင်ဆင်နေတဲ့အချိန်မှာ သီးနှံ စိုက်ပျိုးခွင့်မရဘူး။ လယ်ယာ ပြန်ပြုပြင်မယ်ဆိုရင် စိုက်ပျိုးထားတဲ့ သီးနှံလုပ်လက်စတွေလည်း ပျက်စီး ဆုံးရူံးရတယ်။ အကျိုးခံစားခွင့်လည်း တိတိကျကျ မသိရဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက လာလုပ်တဲ့ ကန်ထရိုက်  လယ်ယာ စနစ်တခုတောင် ပျက်သွားတာရှိတယ်” ဟု ပြောသည်။

တောင်သူလယ်သမားနှင့် လုပ်ငန်းရှင် အကျိုးတူပူးပေါင်းလုပ်ဆောင်မည့် ကန်ထရိုက်လယ်ယာစနစ် ဥပဒေမူကြမ်းကို မတ်လ ၁၈ ရက်နေ့တွင် ဒုသမ္မတ ဦးဆောင်သည့် “တောင်သူလယ်သမား အခွင့် အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး” ကော်မတီသို့ တင်ပြမည် ဖြစ်ရာ လမ်းညွှန်ချက်၊ အကြံပြုချက်များကို တောင်သူလယ်သမားများနှင့် လုပ်ငန်းရှင်များ သိရှိစေရန် ထုတ်ပြန်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။

ထို့အပြင် တောင်သူလယ်သမားများအတွက် သီးနှံအာမခံစနစ် ထားရှိပြီး ရာသီဥတု အခြေခံသော အာမခံ စနစ်ထားရှိရန်  ညိုနိူင်းဆောင်ရွက်ခြင်း၊ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေနှင့် ပတ်သက်ပြီး သီးနှံများ အစားထိုး စိုက်ပျိုးနိုင်ရန်အတွက် ဥပဒေပါ အချက်များကို လိုအပ်သလို ပြင်ဆင်ရန် ဦးစားပေး ကဏ္ဍအဖြစ် ဆွေးနွေးနေကြောင်း သိရသည်။

Loading