သတင်း

အင်းဝအပ်ချုပ်ဆိုင်အမှု တရားရုံးစွဲချက်တင်ရန် နီးစပ်လာ

အိမ်အကူမိန်းကလေး ၂ ဦးကို ညှင်းပမ်းနှိပ်စက်ဖြင့် ၆ လ နီးပါး စစ်ဆေးပြီးနောက် အင်းဝအပ်ချုပ်ဆိုင် ပိုင်ရှင်များအပေါ် တရားစွဲဆိုထားမှုများကို စွဲချက်တင်နိုင်တော့မည်ဖြစ်ကြောင်း အမှုလိုက်ရှေ့နေများက ပြောသည်။

ထိုအမှုအား လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်ဆန်းအောင်က “တရားလို သက်သေတွေထဲမှာ တဦးလောက်ပဲ ရှိတော့တယ်၊ ပြီးရင်အမှုတွေကို စွဲချက်တင်ဖို့ တရားသူကြီးက ဆုံးဖြတ်ပြီးရင် အမိန့်ချဖို့က သိပ်မလိုတော့ဘူး။ ၄ လပိုင်း အကုန်လောက်မှာ အမှုပြတ်မယ်လို့ မျှော်လင့်တယ်” ဟု ပြောသည်။

အနောက်ပိုင်းခရိုင် တရားရုံး၌ မတ်လ ၁၄ ရက်တွင် ကာယကံရှင် အိမ်အကူတဦးဖြစ်သူ မစန်းကေခိုင်ကို စစ်ဆေးခဲ့ပြီး တရားလိုပြ သက်သေအဖြစ် အမှုစစ်ရဲအရာရှိတဦးကို ဆက်လက်စစ်ဆေးရန် ကျန်ရှိတော့ကြောင်း သိရသည်။

ရုံးချိန်းတွင် မစန်းကေခိုင်ကို စစ်ဆေးရာ၌ အသက်အထောက်အထားအတွက် သက်သေခံပစ္စည်းများ တင်ပြရာတွင် ငယ်စဉ်က ရိုက်ကူးထားသည့်ဓာတ်ပုံနှင့် အိမ်ထောင်စု လူဦးရေစာရင်းတို့မှာ ပယ်ချခံခဲ့ရပြီး ၁၂ နှစ်ပြည့် မှတ်ပုံတင်နှင့် ဆေးမှတ်တမ်းတို့ကို သက်သေခံအဖြစ် တင်သွင်းခွင့်ပြုခဲ့သည်။

အိမ်ရှင်များ နှိပ်စက်မှုကြောင့် လက်ချောင်းများ ကျိုးခြင်း၊ ရေနွေးပူလောင် ဒဏ်ရာ၊ ကတ်ကြေးဖြင့် အထိုးခံရသည့် ဒဏ်ရာများ ရရှိခဲ့သည့် မစန်းကေခိုင်မှာ ရန်ကုန်ပြည်သူ့ ဆေးရုံးကြီးတွင် ၅ လခန့် တက်ရောက်၍ ခွဲစိတ်ကုသမှု ခံယူခဲ့ရပြီး ယခုအခါတွင် ဒဏ်ရာများ သက်သာလာသော်လည်း ဆေးရုံ၌ နေထိုင်ကုသလျက်ရှိနေဆဲ ဖြစ်သည်။

အိမ်အကူမိန်းကလေး နှစ်ဦးကို ကိုယ်အင်္ဂါချို့ယွင်းသည့်အထိ ညှင်းပမ်းနှိပ်စက်ခဲ့မှုအတွက်  အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် မိသားစုဝင် ၆ ဦးကို လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေ၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ဥပဒေ၊  နာကျင်စေမှုတို့ဖြင့် ရဲတပ်ဖွဲ့နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့က၂၀၁၆ ခုနှစ် စက်တင်ဘာလတွင် အမှုဖွင့်တရားစွဲဆိုမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အင်းဝအပ်ချုပ်ဆိုင် ပိုင်ရှင်များဖြစ်သည့် ဦးကိုလတ်နှင့် ဦးတင်မင်းလတ်တို့၏ ရှေ့နေဦးမျိုးညွန့်က “အမှုမှာ ဘယ်သူက ရိုက်နှက်တယ်။ ဘယ်လိုလုပ်တယ်ဆိုတာ တိတိကျကျ ထွက်ဆိုရမှာပါ။ တကယ်လုပ်တဲ့သူကလည်း လုပ်သလို အပြစ်ဒဏ်ယူရမှာပါ၊ မလုပ်တဲ့သူကိုရောပြီး ပြစ်ဒဏ်မခံရစေချင်ပါဘူး” ဟု ပြောသည်။

အမှုကို အနောက်ပိုင်းခရိုင် တရားရုံး၌ လာမည့် မတ်လ ၁၆ ရက်တွင် ဆက်လက်စစ်ဆေးမည်ဖြစ်ပြီး မစန်းကေခိုင်ကို စွပ်စွဲခံထားရသူများ၏ ရှေ့နေများက ပြန်လှန်မေးမြန်း စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

အိမ်အကူ မိန်းကလေးများဖြစ်သည့် အသက် ၁၆ နှစ်နှင့် ၁၇ နှစ်အရွယ် မစန်းကေခိုင်နှင့် မသဇင်တို့သည် ကော့မှူးမြို့နယ်၊ ဘောလုံးကွင်းကျေးရွာတွင် နေထိုင်သူများဖြစ်ပြီး အသက် ၁၀ နှစ်အရွယ်ခန့် ကတည်းက အင်းဝ အပ်ချုပ်ဆိုင် ပိုင်ရှင်များထံတွင် အိမ်အကူအဖြစ် လာရောက်လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ် သြဂုတ်လတွင်မှ ၎င်းတို့ ညှင်းပမ်းနှိပ်စက်ခံရမှုကို Myanmar Now သတင်းဌာနက ဖော်ထုတ်ရေးသားခဲ့မှုကြောင့် ပြန်လည်လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။

Loading