Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်းကို စမ်းချောင်းမြို့နယ် မြောင်းမြလမ်းထိပ်တွင် အမျိုးသား သုံးဦးက ခြိမ်းခြောက် နှောင့်ယှက်ခဲ့ရာ ကျူးလွန်ခဲ့သူများအား အရေးယူနိုင်ရန် စမ်းချောင်း မြို့နယ် တရားရုံးသို့ ယနေ့ မနက်ပိုင်းတွင် ဦးတိုက် လျှောက်ထားခဲ့ကြောင်း ကိုဆွေဝင်းက ပြောသည်။
မတ်လ ၁၄ ရက်နေ့ ည ၉ နာရီခန့်က ကိုဆွေဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး စကော့မာရှယ်၏နေအိမ် ညစာစားပွဲမှအပြန် ဗဟိုလမ်းနှင့် မြောင်းမြလမ်းထိပ်တွင် စမ်းချောင်းမြို့နယ်၊ ဖျာပုံလမ်းတွင် နေထိုင်သူ ထွန်းထွန်းဇော်ဆိုသူ အပါအဝင် ၃ ဦးက ဓာတ်ပုံရိုက်၍ “ဟေ့ကောင် မင်း ဆွေဝင်း မဟုတ်လား”ဟု မေးမြန်းကာ ထိုးကြိတ်မည့်ဟန်ဖြင့် ခြိမ်းခြောက် နှောင့်ယှက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကိုဆွေဝင်းက “ဒါက သာမန် ခရီးသွားဟန်လွဲ ဖြစ်တဲ့ကိစ္စ မဟုတ်ဘူး၊ ကျနော်ကို လူမျိုးရေး၊ ဘာသာရေး တွေ နဲ့ပတ်သက်လို့ အစွန်းရောက်တဲ့ကိစ္စတွေ ရေးသားလို့ဆိုပြီး ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ အခြေ အနေတွေ ပဲလေ၊ ဒီနေရာမှာတင် မဟုတ်ဘဲ ဘယ်ပဲသွားသွား ကျနော်ရော၊ ကျနော့်ရဲ့ မိသားစုပါ ရင်ဆိုင် ရနိုင်တဲ့ ကိစ္စတွေပဲ၊ တခြား အလားတူထပ်မဖြစ်အောင် အခု ပထမဆုံး ဖြစ်တဲ့ကိစ္စကို အရေးယူပေးဖို့ အတွက် အရေးကြီး တယ်” ဟု ဧရာဝတီကို ပြောသည်။
ခြိမ်းခြောက်ခဲ့သူ ၃ ဦးထဲမှ တဦး အပါအဝင် ဖြစ်သည့် ထွန်းထွန်းဇော်ဆိုသူကို ၎င်း၏နေအိမ်တွင် ညတွင်းချင်းပင် သွားရောက် ရှာဖွေခဲ့သော်လည်း တိမ်းရှောင်လျက်ရှိကြောင်း သိရပြီး ယနေ့မနက်ပိုင်းအထိ ၎င်းတို့သုံးဦးကို ဖမ်းဆီးရမိ ခြင်း မရှိသေးကြောင်း စမ်းချောင်းမြို့မရဲစခန်းက သိရသည်။
စမ်းချောင်းမြို့မရဲစခန်းတာဝန်ကျ ရဲတပ်ဖွဲ့ဝင်တဦးက “ပါဝင်တဲ့သူတွေကို ဖမ်းဆီးရမိတာ မရှိသေးဘူး၊ ဒီကိစ္စအပေါ် မြို့နယ်တရားရုံးကို ဦးတိုက်လျောက်နိုင်အောင် ဆောင်ရွက်ပေးထားပါတယ်”ဟု ယနေ့ မနက်ပိုင်းက ဧရာဝတီသို့ ပြောသည်။
ကိုဆွေဝင်းသည် ဦကိုနီ အသတ်ခံရမှုတွင် စုံစမ်းမေးမြန်း ရေးသားမှုများကြောင့် လူပုဂ္ဂိုလ်တချို့၏ ခြိမ်းခြောက် ရေးသားမှုများ ခံနေရသူဖြစ်ပြီး အမျိုးဘာသာ သာသနာစောင့် ရှောက်ရေးအဖွဲ့(မဘသ) ဦးဆောင်ဆရာတော် ဦးဝီရသူကို အသရေပျက်စေရန် ရည်ရွယ်၍ လူမှုကွန်ရက် ဖေ့စ်ဘုတ် စာမျက်နှာတွင် ရေးသားသည်ဟုဆိုကာ မန္တလေး မဘသ အဖွဲ့ဝင် ဦးကျော်မျိုးရွှေက ဆက်သွယ်ဥပဒေ ၆၆ ဃ ဖြင့် အမှုဖွင့်တရားစွဲဆို ထားသည်။
သူသည် အင်းဝ အပ်ချုပ်ဆိုင်ပိုင်ရှင်များက အိမ်အကူမိန်းကလေး ၂ ဦးအား ညှင်းပမ်းနှိပ်စက်နေမှုများကို ဖော်ထုတ်ရေးသားကာ မိန်းကလေး ၂ ဦးအား ကယ်တင်နိုင်ခဲ့သည့်အတွက်လည်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်ပြုခံထားရသူ တဦးလည်းဖြစ်သည်။