ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာကျေးရွာအတွင်း တပ်မတော် နှင့် ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)တု့ိ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားရာ ဒေသခံ ၂ ဦး လက်နက်ကြီး ကျည် ထိမှန်သေဆုံးပြီး ၂ဦး ထိခိုက်ဒဏ်ရာ ရရှိကြောင်း သတင်း ရရှိသည်။
သေဆုံးသူမျာမှာ အမျိုးသမီး ၁ ဦးနှင့် ကလေးငယ် ၁ ဦးဖြစ်ပြီး ဒဏ်ရာရရှိသူ ၂ ဦးကို ဆေးရုံ တင်ထားသည် ဟုလည်း ဆိုသည်။
မတ်လ ၁၄ ရက် နံနက် ၄ နာရီဝန်းကျင်တွင် နမ့်ဖက်ကာ ကျေးရွာရှိ လမ်းမကြီးများ ပေါ်၌ TNLA တပ်ဖွဲ့ဝင်များ ဝင် ရောက်လာပြီး တပ်မတော်သားများ ကို စတင် တိုက်ခိုက်သဖြင့် တိုက်ပွဲများ ဖြစ်ပွားရခြင်း ဖြစ်သည်ဟု TNLA က ဧရာဝတီကို ပြောသည်။
TNLA မှ ဗိုလ်မှူး မိုင်းအိုက်ကျော်က “တိုက်ပွဲက ၄ နေရာ၊ ကွတ်ခိုင် မြို့နယ်ထဲမှာပဲ။ နမ့်ဖက်ကာ၊ နမ့်ကွတ်၊ နမ့်ဖတ် လွန် ရွာနဲ့ နောက်တနေရာက ရွာတော့ မဟုတ်ဘူး။ ဒေသအခေါ် ရှုခင်းသာလို့ ခေါ်တဲ့ နေရာမှာပါ။ ၄ နာရီ ကျော်က နေ ၈နာရီကျော်ထိ ဖြစ်ပါတယ်။ ဒီမနက်လည်း ရင်ကွဲတောင်နား မနက် ၆နာရီခွဲကျော်ကနေ ၇နာရီထိ တနာရီနီးပါး ဖြစ်တယ်”ဟု ပြောပြသည်။
လက်နက်ကြီးကျည် ထိမှန်သေဆံုံးခဲ့သည့် အသက် ၄၂ အရွယ် အမျိုးသမီး နှင့် အသက် ၅ နှစ်အရွယ် မိန်းကလေး ငယ်သည် သားအမိ တော်စပ်ပြီး နမ့်ဖက်ကာ ကျေးရွာ နမ့်ခုံးရွာ ဒေသခံ ပလောင် တိုင်းရင်းသားများ ဖြစ်သည်ဟု သိရသည်။
ပလောင် (တအာင်း) အမျိုးသမီး အဖွဲ့အစည်းမှ မလွေးပိုးကျိန်ကီး က “လက်နက်ကြီးကျည်က ခြံဝင်းထဲကို ကျတာ။ သူတို့ အိမ်က ဝါးနဲ့ နှစ်ထပ်ဆောက်ထားတာ။ ကလေးက အိမ်ပေါ်မှာ နေနေတာ။ ကျည်ကျတော့ သားအမိ နှစ်ယောက် လုံး ပွဲချင်းပြီးပဲ ဆုံးသွားတာပါ”ဟု ပြောသည်။
နမ့်ဖက်ကာ ကျေးရွာ အုပ်စုအတွင်းရှိ ရွာများတွင် လက်နက်ကြီး ကျည်များ ကျရောက်သဖြင့်ထိ ခိုက်ဒဏ်ရာများ ရရှိကြပြီး လက်ရှိတွင် သက်ကြီးရွယ်အို တဦးနှင့် အမျိုးသမီး တဦးကို လားရှိုးဆေးရုံသို့ တင်ထားရ ကြောင်း သိရ သည်။
ထို့အပြင် နွား ၁၀ ကောင်လည်း လက်နက်ကြီး ထိမှန်၍ သေဆုံးခဲ့သည်ဟု သိရသည်။
မလွေးပိုးကျိန်ကီးက နမ့်ဖက်ကာ ဒေသသည် TNLA အပါအဝင် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တပ်သား များလည်း ဖြတ်သန်းသွားလာနေသည့် ရွာများဖြစ်ပြီး မတ်လ ၁၄ ရက်နေ့က တိုက်ပွဲများ ဖြစ်ပွားရာတွင် ဒေသခံများ နေထိုင်သည့်ရွာအတွင်း ဖြစ်ပွားခြင်း မဟုတ်သော်လည်း လက်နက်ကြီးများ ပစ်ခတ်ကြသဖြင့် ရွာအတွင်းသို့ ကျည်များ ကျရောက် ပေါက်ကွဲကာ သေဆုံး၊ ထိခိုက်ဒဏ်ရာရကြသည်ဟု ပြောဆိုသည်။
လက်ရှိတွင် နမ့်ဖက်ကာဒေသမှ ရွာသူ ရွာသားများသည် ထွက်ပြေး တိမ်းရှောင်ခြင်းများ မရှိသော်လည်း တိုက်ပွဲများ ဖြစ်လျှင် ၎င်းတို့အား ရိုက်နှက် မေးမြန်းခြင်းများ ရှိမည်ကို ကြောက်ရွံ့သဖြင့် ညပိုင်းတွင် တအိမ်နှင့် တအိမ် ပေါင်းကာ လူများများစုပြီး အိပ်ကြရသည်ဟုလည်း မလွေးပိုးကျိန်ကီးက ပြောသည်။
ကွတ်ခိုင်မြို့နယ်မှ ကချင် ငြိမ်းချမ်းရေး ကွန်ရက် အဖွဲ့ဝင် မမိုင်းမိုင်က “အခုထိကြတာက တိုက်ပွဲကြားမှာ သွားလို့ ထိ နေကြတာ မဟုတ်ဘူး။ လက်နက်ကြီးတွေနဲ့ ပရမ်းပတာ ပစ်လို့ ထိကြတာ။ နမ့်ဖက်ကာ ဆေးရုံကို ရောက်နေတဲ့ တယောက်ဆို အခု စိုးရိမ်ရတယ်။ Coma ( သတိလစ် မေ့မျော) ဝင်နေတယ်”ဟု ပြောသည်။
ကွတ်ခိုင်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားရခြင်းနှင့် ပတ်သက်၍ TNLA ဗိုလ်မှူး မိုင်းအိုက်ကျော်က “ထိုးစစ်တွေက တော်တော်လေး ပြင်းထန်တယ်။ ကျနော်တို့ နေတဲ့ တောတွင်း ထိကို တပ်မတော်တွေက ထိုးစစ်တွေလုပ်တယ်။ အတွင်းပိုင်းထိ တော်တော်နေရာ ယူထားတယ်။ ဒါကြောင့် ကျနော်တို့ လမ်းမပေါ်ကို တကြိမ် ပြန်ထွက်တိုက်ရတာ ဖြစ်ပါတယ်”ဟု ပြောသည်။
TNLA တပ်ဖွဲ့ဝင်များ နေထိုင်ရာ နေရာများ၊ တပ်စခန်းရှိရာ နေရာများကို တပ်မတော်က ထပ်မံ အင်အားတိုး ချဲ့ခြင်း၊ တိုက်ခိုက်ခြင်းများ ပြုလုပ်ပါက တိုက်ပွဲများ ဆက်လက်ရှိနေမည်ဟုလည်း ၎င်းက ပြောသည်။
တိုက်ပွဲများနှင့် ပတ်သက်ပြီး တပ်မတော်က သတင်းထုတ်ပြန်ခြင်း မရှိ၍ တပ်မတော် ပြောရေးဆိုခွင့် ရှိသူများကို ဧရာဝတီက ဆက်သွယ်သော်လည်း မေးမြန်းခွင့် မရခဲ့ပေ။
TNLA မှာ ဒီမိုကရေစီ အစိုးရ လက်ထက်မှ ပေါ်ပေါက်လာသည့် အဖွဲ့အစည်းဖြစ်သည်ဟု တပ်မတော်က ဆိုကာ ငြိမ်းချမ်းရေးခေါ်ယူ ဆွေးနွေးရမည် မဟုတ်ကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်လိုပါက လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်ပြီးမှ ပါဝင်ရမည် ဖြစ်ကြောင်း ပြောဆိုထားသည်။
TNLA သည် အစိုးရနှင့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် (NCA) ချုပ်ဆိုထားခြင်း မရှိပေ။ သို့သော် TNLA သည် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ပြီး နိုင်ငံရေးဆွေးနွေးလိုသည်ဟု သိရသည်။
လက်ရှိတွင် TNLA သည် ဖေဖော်ဝါရီလ အတွင်း ကျင်းပခဲ့သည့် ပန်ခမ်းထိပ်သီး အစည်းအဝေး၌ ပါဝင်ထားသည်။
NCA ကို ငြင်းဆိုကာ အပစ်အခတ်ရပ်စဲရေး စာချုပ်သစ် ဆွေးနွေးရန် ထိုအစည်းအဝေးက ဖွဲ့စည်းထားသည့် နိုင်ငံရေး ဆွေးနွေးမှု ကော်မတီ တွင်လည်း TNLA ပါဝင်ကာ အစိုးရနှင့် နိုင်ငံရေး ဆွေးနွေးနိုင်ရန် ပြင်ဆင်နေသည်ဟု ဆိုသည်။