အလုပ်သမား ၁၉၃ ဦးကို အလုပ်ထုတ်ပယ်လိုက်သဖြင့် ဆန္ဒပြမှုများ ဖြစ်ပေါ်လျက်ရှိသည့် ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာ စက်မှုဇုန် ၄ ရှိ Myanmar Mayson Industries Co.,Ltd အလုပ်ရှင် အလုပ်သမား ကိုယ်စားလှယ်များ မတ်လ ၁၄ ရက်က ဆွေးနွေးညှိနှိုှု်င်းကြသော်လည်း ပြေလည်မှု မရကြောင်း သိရသည်။
“ညှိနိူင်းမှုက မပြေလည်ဘူး။ စက်ရုံပိုင်ရှင် ကိုယ်တိုင် မလာဘဲ ကိုယ်စားလှယ်ဘဲ လွတ်လိုက်တာ။ ကိုယ်စားလှယ်ပဲ လာတော့ သူက ဆုံးဖြတ်ပိုင်ခွင့်မရှိဘူးလေ။ ကျနော်တို့ ရန်ကုန်တိုင်း ခုံသမာဓိကို ထပ်တက်လိုက်တယ်။ ပြောရတာတွေ ကလည်း အကုန်လုံး ငြင်းစရာတွေ ဖြစ်နေတာပေါ့။ လုပ်ငန်းရှင်ဘက်ကလည်း အဆုံးအဖြတ်မပေးနိုင်တဲ့ တချို့အရာတွေ ပါနေတယ်။” ဟု Myanmar Mayson ကုမ္ပဏီ အခြေခံ အလုပ်သမားအဖွဲ့ ဥက္ကဋ္ဌ ကိုဇော်လင်းခိုင်က ပြောသည်။
အဆိုပါ စက်ရုံသည် ဈေးကွက်တွင် ဖြန့်ဖြူးရောင်းချလျက်ရှိသည့် Good Morning ပေါင်မုန့်၊ ကိတ်မုန့် စသည့် စားသောက်ကုန်များ ထုတ်လုပ်သည့် စက်ရုံဖြစ်ပြီး အလုပ်သမားများ မလိုအပ်တော့ဘဲ စက်ဖြင့်သာ အလုပ် ဆက်လက် လုပ်ကိုင်မည့် အကြောင်းပြချက်ဖြင့် အလုပ်သမား ၁၉၃ ဦးကို မတ်လ ၈ ရက်နေ့က အလုပ်မှ ထုတ်ပယ်လိုက်ခြင်း ဖြစ်သည်။
ထို့ကြောင့် စက်ရုံရှိ အလုပ်သမား ၄၀၀ ခန့်သည် မတ်လ ၉ ရက်နေ့တွင် စတင်ကာ စက်ရုံရှေ့တွင် ဆန္ဒ ထုတ်ဖော်နေကြခြင်း ဖြစ်ကြောင်း သိရသည်။
“ဒီပြသနာက အလုပ်ရှင်ဘက်က မှားယွင်းတယ် လို့ပဲ မြင်တယ်။ အလုပ်သမားတွေ၊ အလုပ်သမားခေါင်းဆောင်တွေနဲ့ သေချာ ဆွေးနွေးတိုင်ပင်မှု မရှိဘဲနဲ့ သူတို့လုပ်ချင်ရာ လုပ်မယ်ဆိုတဲ့ ပုံစံမျိုးနဲ့ လုပ်လို့ အခုလို ပုံစံမျိုး ဖြစ်သွားတာ” ဟု လှိုင်သာယာ မြို့နယ် အငြင်းပွားမှု ညှိနှိုင်း ဖြန်ဖြေရေး အလုပ်သမား ကိုယ်စားလှယ် မဝင်းသင်္ဂီစိုးက ပြောသည်။
အလုပ်မှ ထုတ်ပယ်ခံရသူများတွင် လုပ်သက် ၁၀ နှစ်ကျော်ရှိ အလုပ်သမားများ ပါဝင်ပြီး အခြေခံ လစာမှာ ၁၀၈၀၀၀ ကျပ် ဝန်းကျင်ရှိကြောင်း၊ အလုပ်ထုတ်ပယ်ခံရသူများကို နှစ်အလိုက် လျော်ကြေး ပေးမည်ဟု ပြောဆိုသော်လည်း အလုပ်လက်မဲ့ မဖြစ်လို၍ အလုပ်သာ ပြန်လည် ရရှိရန် ဆန္ဒရှိသဖြင့် အလုပ်ပြန်ခန့်မှု မရမချင်း ဆန္ဒပြမည်ဖြစ်ကြောင်း အလုပ်သမားများက ရှင်းပြသည်။