ချင်းပြည်နယ်၊ မတူပီမြို့နယ် အမှတ် (၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဟွန်းခဲန်ကို သေဆုံးစေခဲ့သည့် ယာဉ်တိုက်မှုနှင့် ပတ်သက်ပြီး ဆိုင်ကယ်သမားတဦးကို မတူပီမြို့နယ် တရားရုံး၌ ယနေ့ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့သည်။
မတူပီမြိုမ စခန်းမှူး ဒုရဲမှူးမြသောင်းက “ဒီနေ့ ပထမဆုံး ရုံးထုတ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ် ဦးဟွန်းခဲန် သေဆုံးစေခဲ့တဲ့ ယာဉ်တိုက်မှုနဲ့ ပတ်သက်လို့ ပုဒ်မ ၃ ခုနဲ့ ဥပဒေအကြံတောင်း တင်ပြတဲ့အခါ ဥပဒေရုံးကလည်း အတည်ပြုတဲ့အတွက် အဲဒီပုဒ်မ ၃ ခုနဲ့ တရားစွဲဆိုခဲ့တာပါ” ဟု ဧရာဝတီကို ပြောသည်။
မတူပီ လွှတ်တော်ကိုယ်စားလှယ် ဦးဟွန်းခဲန်သည် ဇန်နဝါရီလ ၆ ရက်က မတူပီမြို့တွင်း၌ ဆိုင်ကယ်ချင်း တိုက်မှုဖြစ်ပွားခဲ့ရာ ဦးခေါင်းတွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး မန္တလေးဆေးရုံသို့ ပို့ဆောင်စဉ် လမ်းခုလတ်ဖြစ်သည့် မင်းတပ်ပြည်သူ့ဆေးရုံတွင် ကွယ်လွန်သွားခဲ့သည်။
ဆိုင်ကယ်ချင်းတိုက်မိခဲ့သူ မတူပီမြို့ပေါ် လောင်ဗန်းရပ်ကွက်မှ ကိုပဲန်ဒိန်းထာန်ကို မတူပီမြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး မတူပီမြို့မ စခန်းမှူး ဒုရဲမှူး မြသောင်းက ပုဒ်မ ၃၀၄ – က (လူသေစေမှု)၊ ပုဒ်မ ၃၃၇ (နာကျင်စေမှု)နှင့် ပုဒ်မ ၂၇၉ (ယာဉ်မဆင်မခြင် မောင်းနှင်မှု) ဖြင့် တရားလို ပြုလုပ်၍ မတူပီမြို့နယ် တရားရုံးသို့ တရားစွဲဆို တင်ပို့ခဲ့ခြင်း ဖြစ်သည်။
ယာဉ်တိုက်မှုဖြစ်ခဲ့သူ ကိုပဲန်ဒိန်းထာန်ကို ဆိုင်ကယ်စီးရာတွင် ဦးထုပ်မဆောင်းခြင်းနှင့် လူ ၂ ယောက်ထက် ပိုစီးခြင်းတို့ဖြင့် မတူပီမြို့နယ် တရားရုံးက တမှုလျှင် ဒဏ်ငွေ ၃ သောင်းစီ ချမှတ်ခဲ့ပြီး ယာဉ်မောင်းလိုင်စင် မရှိဘဲ မောင်းနှင်မှုအတွက် ဒဏ်ငွေ ၅ သောင်း ချမှတ်ခဲ့ကြောင်း သိရသည်။
မတူပီမြို့နယ် တရားသူကြီးက “ကိုပဲန်ဒိန်းထာန်ကို လွှတ်တော်ကိုယ်စားလှယ် ဦးဟွန်းခဲန် သေဆုံးခဲ့တဲ့ ယာဉ်တိုက်မှုနဲ့ ပတ်သက်လို့ ကြားနာစစ်ဆေးနေတယ်။ ရုံးတော်က တရားဥပဒေအတိုင်း စီရင်ဆုံးဖြတ် သွားမှာပါ” ဟု ပြောသည်။
မတူပီမြို့နယ် အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဟွန်းခဲန်မှာ ၂၀၁၅ ခုနှစ် နိုဝင်ဘာလက ကျင်းပခဲ့သည့် အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ကိုယ်စားပြု ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့သူ ဖြစ်သည်။