၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် ထေရဝါဒ ဗုဒ္ဓဘာသာ အယူအဆနှင့် ဆန့်ကျင်နေသဖြင့် ပြင်ဆင်သင့်ကြောင်း ယဉ်ကျေးမှုနှင့် သာသနာရေး ဝန်ကြီး သူရဦးအောင်ကိုက ပြောသည်။
ပုဒ်မတခုတွင် တရားဥပဒေနှင့် ညီညွတ်သည့် ဆောင်ရွက်ချက်ကိုဖြစ်စေ၊ တရားဥပဒေနှင့် မညီသည့် ဆောင်ရွက် ချက် ကို ဖြစ်စေ “နောက်ကြောင်းပြန် အရေးမယူရ”ဟု စာပိုဒ်တခု ထည့်သွင်းထားခြင်းသည် ထေရဝါဒ ဗုဒ္ဓဘာသာ အယူအဆနှင့် ဆန့်ကျင်နေသည်ဟု ဝန်ကြီး ဦးအောင်ကိုက ဆိုသည်။
“ဒါသည် ထေရဝါဒ ဗုဒ္ဓသာသနာနဲ့ ဆန့်ကျင်နေတယ်။ ဒီဥပဒေဟာ ပြင်ကိုပြင်ရမယ့် ဥပဒေဖြစ်ပါတယ်”ဟု ယမန်နေ့ နေ့လယ်ပိုင်းက နေပြည်တော် ပြည်ထောင်စု လွှတ်တော်တွင် သူရဦးအောင်ကိုက မီဒီယာများသို့ ပြောသည်။
အခြေခံ ဥပဒေကို သုံးသပ်ကြည့်ပါက ထေရဝါဒ ဗုဒ္ဓသာသနာ အယူအဆများနှင့် ဆန့်ကျင်နေသည်ကို တွေ့နိုင် ကြောင်း၊ ထို့ကြောင့် အခြေခံဥပဒေ ရေးဆွဲရာတွင် ပါဝင်ခဲ့သည့် ဥပဒေပညာရှင်များသည် အမည်ခံ ဗုဒ္ဓဘာသာဝင် များသာ ဖြစ်လိမ့်မည်ဟု ပြောချင်ကြောင်းလည်းလည်း ၎င်းက ဆိုသည်။
ယခု ဥပဒေသည် အာဏာရှင် အစိုးရလက်ထက် ဓားမိုးထားသည့် အခြေအနေအောက်တွင် ရေးဆွဲထားသည့် ဥပဒေ ဖြစ်ခြင်း၊ ပြည်သူ့ဆန္ဒ အကျိုးစီးပွားအတွက် ရေးဆွဲထားခြင်း မဟုတ်ဘဲ လူတစု၏ အကျိုးစီးပွား ကာကွယ်မှုအတွက် ရေးဆွဲထားခြင်း ဖြစ်၍ ပြည်သူ့ဆန္ဒကို ကိုယ်စားမပြုကြောင်းလည်း ဝန်ကြီး သူရ ဦးအောင်ကိုက ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မပြင်နိုင်ပါက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် နိုင်ငံ့ အကြီးအကဲများ ကြိုးပမ်းနေသည့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ထာဝရ ငြိမ်းချမ်းရေး မရနိုင်ကြောင်း၊ တရားဥပဒေ စိုးမိုးမှုနှင့် အေးချမ်း သာယာမှု မရနိုင်ကြောင်း၊ ပြည်သူများ မျှော်လင့်နေသည့် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံ ဖြစ်ပေါ်လာတော့မည် မဟုတ်ကြောင်းလည်း သူရဦးအောင်ကိုက ပြောဆိုသည်။
“ဒါကြောင့်မို့ ဒီအခြေအနေတွေအရ ဥပဒေကို ပြင်ကိုပြင်ရမယ်။ ဘယ်တော့ပြီးမလဲ။ ဥပဒေကို ပြင်နိုင်မယ့် အခြေအနေ အချိန်ကာလ တခုကို စောင့်ရမလို ဖြစ်နေတယ်။ ဒီ ၂၀၀၈ ခု အခြေခံ ဥပဒေစာအုပ်ကြီးကို ဖက်တွယ်ထားမှာလား။ ပြည်သူလူထုရဲ့ဆန္ဒနဲ့ အကျိုးစီးပွားကို ကာကွယ်ရပ်တည်မှာလား”ဟု ၎င်းက ဆိုသည်။
အကယ်၍ ယခု အခြေခံဥပဒေ စာအုပ်ကြီးကို ဖက်တွယ်ထားမည်ဆိုပါက ၎င်းကို သမိုင်းက ပြင်သွားလိမ့်မည်ဖြစ်၍ ဖက်တွယ်ထားသူ များသည်လည်း သမိုင်း၏ဖယ်ရှားခြင်းကို ခံရလိမ့်မည်ဖြစ်ကြောင်းလည်း ဦးအောင်ကိုက ပြော သည်။
“ပြင်ဆင်ဖို့ ခက်အောင်လုပ်ထားတာလည်း အားလုံးအသိပါပဲ။ အထူးပြောစရာ မလိုပါဘူး။ ခက်တာကို လွယ်အောင် လုပ်ရမှာပဲ။ ပြင်ရမှာပဲ။ သမိုင်းက ပြင်လိမ့်မယ်။ ပြည်သူတွေက ပြင်လိမ့်မယ်။ အဖြေက အဲဒါပဲ။ အဲဒီအချိန်ကလည်း မဝေးတော့ဘူးလို့ ထင်ပါတယ်”ဟု ၎င်းက ဆက်ပြောသည်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ခိုင်းသော်လည်း တပ်မတော်ကို နိုင်ငံရေးတွင် ပါဝင်ပတ်သက်မှုမှ မောင်းထုတ်ပစ်ရမည် ဟု မဆိုလို ကြောင်း၊ တပ်မတော်ကို တဆင့်ချင်း လွှတ်တော်ထဲတွင် ပါဝင်နေမှုမှ အင်ဒိုနီးရှားနိုင်ငံကဲ့သို့ ဖယ်ရှားသွား နိုင်ပါက အဆင်ပြေနိုင်ကြောင်းလည်း ပြောသည်။
“ဒီလိုမျိုး အင်ဒိုနီးရှားပုံစံအတိုင်း သွားရမှာ ဖြစ်ပါတယ်။ ဒါ ဘယ်အပေါ် မူတည်နေသလဲဆိုတော့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးအပေါ်မှာ မူတည်နေတယ်။ တခါ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ပြည် တွင်း ငြိမ်းချမ်းရေးဟာ အခြေခံ ဥပဒေ ပြင်ဆင်ရေးအပေါ် မူတည်နေတယ်။ အဲလို ပေါက်ပင်ဘာကြောင့် ကိုင်းရတယ် ဆိုတဲ့ အနေအထားလို ဖြစ်နေတယ်”ဟု ဝန်ကြီးက ဆိုသည်။
ဝန်ကြီးက ဆက်၍ “ဒါကို အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဘက်နဲ့ အပေးအယူ အလျှော့ အတင်း လုပ်ဖို့ လိုမယ်ဆိုတာ သေချာပါတယ်။ နောက်ပြီးတော့လည်း ကိုယ်ကျိုးစီးပွား ကာကွယ်လိုမှုကို အတိုင်း အတာ တခုထိ စွန့်လွှတ်ဖို့ လိုမယ်လို့ ပြောချင်ပါတယ်။ ၂ ဖက် အပေးအယူ အလျှော့အတင်းတခု လိုမယ်။ သဘော ထားကြီးဖို့ လိုမယ်”ဟုလည်း ပြောဆိုသည်။
နေပြည်တော်တွင် ဖေဖော်ဝါရီ လကုန်ပိုင်းက ပြုလုပ်ခဲ့သည့် ပထမအကြိမ် အရပ်ဘက် လူမှုအဖွဲ့အစည်းများ(CSO) ဖိုရမ် တွင်လည်း ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ အသစ်ရေးဆွဲရေးတို့ နှင့် ပတ်သက်၍ တောင်းဆိုမှုများ ရှိခဲ့သည်။
အမျိုးသားရင်ကြားစေ့ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးရမှသာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အောင်မြင် နိုင်မည် ဖြစ်ကြောင်း ၂၀၁၆ ခုနှစ်၊ ဇွန်လက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က မီဒီယာများသို့ ပြောဆိုခဲ့ပြီး ဖြစ် သည်။