သတင်း

သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်က MOU များ ပြန်လည် သုံးသပ်နေဟုဆို

သမ္မတဟောင်း ဦးသိန်းစိန် တာဝန်ယူခဲ့သည့် ၅ နှစ်အတွင်း နိုင်ငံတကာ ရင်းနှီးမြှပ်နှံသူများနှင့် ချုပ်ဆိုခဲ့သည့် နားလည်မှု စာချွန်လွှာ (MOU) စုစုပေါင်း ၁၀၁ ခု အနက် ၆၀ ခုကို NLD အစိုးရက ပြန်လည် သုံးသပ်နေကြောင်း သတင်းရရှိသည်။

ပြန်လည် သုံးသပ်နေသည့် MOU မှာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနတွင် ၄ ခု၊ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနတွင် ၅၆ ခု စုစုပေါင်း ၆၀ ခု ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက မတ်လ ၁၄ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောသည်။

၂၀၁၁ မှ ၂၀၁၆ ခုနှစ်အထိ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများနှင့် လက်မှတ်ရေးထိုး ခဲ့သည့် နားလည်မှု စာချွန်လွှာများမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနတွင် ၁၅ ခု၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနတွင် ၁၀ ခု၊ စက်မှု ဝန်ကြီး ဌာနတွင် ၅ ခု၊ ဆောက်လုပ် ရေး ဝန်ကြီးဌာန တွင် ၁၀ ခု၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတွင် ၆၁ ခု ရှိရာ စုစုပေါင်း ၁၀၁ ခု ဖြစ်သည်။

လသာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်မို့မို့အောင်က ယခင် အစိုးရ ၅ နှစ်အတွင်း ရင်းနှီးမြှုပ်နှံကြသူများနှင့် ၎င်းတို့၏ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော် ပမာဏရှိ လုပ်ငန်းများကို အများ ပြည်သူ သိရှိနိုင်ရန် ချပြနိုင်ခြင်း ရှိ၊ မရှိ သိလိုကြောင်း မေးမြန်းခဲ့ခြင်း ဖြစ်သည်။

ဒေါ်ခင်မို့မို့အောင်က “နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးမှုများဟာ အကြီးစား စီမံကိန်းများ အတွက် ဒေသခံ ပြည်သူလူထုကို တိုင်ပင်ခဲ့တာမျိုး မရှိပါဘူး။ လုပ်ငန်းတွေ အကောင်အထည်ဖော်ရာ မှာလည်း အမျိုးမျိုးသော ဆောင်ရွက်ချက်တွေကြောင့် ပြည်သူတွေက ကန့်ကွက်ခဲ့ကြပါတယ်” ဟု ပြောသည်။

ထို့အပြင် မြစ်ဆုံ စီမံကိန်း၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန်၊ လောင်းလုံ ရေနံချက်စက်ရုံ၊ ရွှေဓာတ် ငွေ့ပိုက်လိုင်း၊ အဆိုပြုထားသည့် မိုင်းတုန် ရေကာတာ စသည့် လုပ်ငန်းများသည် ဒေသခံပြည်သူ များ၏ သဘောထားများ  ရယူမှု မရှိခြင်း၊ လုံလောက်သော တိုင်ပင်နှီးနှောမှု မရှိခြင်း၊ မြေယာ သိမ်း ဆည်းခံရမှုများ ရှိနေခြင်း၊ အခွင့်အလမ်းများ ဖန်တီးပေးနိုင်မှု မရှိခြင်းနှင့် တာဝန်ယူမှု၊ တာဝန်ခံမှု မရှိခြင်းတို့ကို တွေ့ရှိရသည်ဟု ၎င်းက လွှတ်တော်တွင် ပြောသည်။

အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော် ပမာဏရှိ လုပ်ငန်းများ သာမက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ခွင့်ပြုပြီးသော ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းများ၊ ကုမ္ပဏီအမည်စာရင်း၊ ရင်းနှီးမြှုပ်နှံမှု လစဉ်ဝင်ရောက်မှု အခြေအနေတို့နှင့် ပတ်သက်သည့် ကဏ္ဍအလိုက်၊ နိုင်ငံအလိုက် အချက်အလက် များကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ဝက်ဘ်ဆိုက် တွင် အများ ပြည်သူ သိရှိနိုင်စေရန် တင်ပြပေးလျက်ရှိကြောင်း  စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။

MOU စာချုပ် ချုပ်ဆိုပြီးပါက တနှစ်အတွင်း အကောင်အထည်ဖော်ရလေ့ရှိပြီး မလုပ်နိုင်သည့် လုပ်ငန်းများသည် ပြည်သူလူထု၏ အကျိုးစီးပွားအတွက်လည်း အထောက်အကူမပြုနိုင်ပါက ဆက်လက်ခွင့်ပြုရန် မသင့်ကြောင်း စီမံကိန်းများ ပွင့်လင်းမြင်သာမှုရှိရေး အရပ်ဘက် ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်နေသူ ဒေါက်တာ ဝင်းမျိုးသူက ဧရာဝတီသို့ ပြောသည်။

“ပြောရရင် ရပ်လိုက်တာက ပိုအကျိုးရှိမယ်။ MOA အဆင့်အထိ မရောက်သေးတဲ့ စီမံကိန်းတွေဆိုရင် လုပ်ရတာ လွယ်ပါတယ်”ဟု ၎င်းက ပြောသည်။

၂၀၁၁ မှ ၂၀၁၆ အထိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ခွင့်ပြုပြီးသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအနက် အမေရိကန် ဒေါ်လာ သန်း ၅၀၀ ကျော် ပမာဏရှိသော လုပ်ငန်း ၅ ခုရှိခဲ့သည်။

၎င်းတို့မှာ တရုတ်နိုင်ငံမှ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ တည်ဆောက်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း၊ မလေးရှားနိုင်ငံမှ မော်တော်ကား ထုတ်လုပ် ရောင်းချခြင်း လုပ်ငန်း၊ စင်ကာပူနိုင်ငံမှ Ooredoo Myanmar Limited ၊ Telecommunications Services and Related Activities က KDDI Summit Global Myanmar Co., Ltd လုပ်ငန်းနှင့်  တရုတ်နိုင်ငံမှ တနှစ်လျှင် မက်ထရစ်တန် ၅ သန်းခန့်ထွက်ရှိမည့် ရေနံချက် စက်ရုံနှင့် ရေနံ တင်၊ ချ ဆိပ်ကမ်း တည်ဆောက်၍ ရေနံထွက်ပစ္စည်းများ တင်ပို့ရောင်းချသည့် လုပ်ငန်းတို့ ဖြစ်ကြောင်း သိရသည်။

Loading