သတင်း

ကြားဖြတ်ရွေးကောက်ပွဲ မဲဆန္ဒရှင် သက်သေခံလက်မှတ် ထုတ်ယူနိုင်ပြီ

ဧပြီ ၁ ရက်တွင် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများအတွက် မဲဆန္ဒရှင်သက်သေခံ လက်မှတ်များကို သက်ဆိုင်ရာ ရပ်ကွက်၊ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ထုတ်ယူနိုင်ပြီ ဖြစ်သည်။

မဲဆန္ဒရှင် သက်သေခံလက်မှတ်များကို မဲဆန္ဒကိုယ်တိုင် (သို့မဟုတ်) မိသားစုတစုလျှင် အိမ်ထောင်ဦးစီး (သို့မဟုတ်) မိသားစုဝင် တဦးဦးက လာမည့်မတ်လ ၁၇ ရက်မှ ၃၀ ရက်၊ နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိ သက်ဆိုင်ရာ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် လာရောက်ထုတ်ယူရမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

လှိုင်မြို့နယ်၊ ၁၃ ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက “သက်သေခံ လက်မှတ်ကို ၁၇ ရက် ကစပြီး ထုတ်ပေးဖို့ ပြောတယ်။ ဒါပေမယ့် မဲစာရင်းထုတ်ပေးတာ နည်းနည်းနောက်ကျတော့ ခုမှရေးတဲ့သူကရေး၊ တံဆိပ်ရိုက်တဲ့သူက ရိုက်၊ လက်မှတ်ထိုးသူက ထိုးပေါ့” ဟု ဧရာဝတီကို ပြောသည်။

ယခုကဲ့သို့ မဲဆန္ဒရှင် သက်သေခံလက်မှတ် ကြိုတင်ထုတ်ပေးခြင်းသည် ရွေးကောက်ပွဲနေ့၌ မဲစာရင်းတွင် လွယ်ကူစွာ ရှာဖွေနိုင်ပြီး အချိန်ကုန်သက်သာစေရန် ရည်ရွယ်ချက်ဖြင့် ထုတ်ပေးခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ စာရင်းများအရ ကြားဖြတ်ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူ ဦးရေ ၂ သန်းကျော် ရှိသော်လည်း မဲဆန္ဒရှင် ပြည်သူများအနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု နည်းပါးနေပြီး မဲစာရင်း လာရောက်ကြည့်ရှုသူ အရေအတွက် အလွန်နည်းကြောင်း ၎င်းက ဆက်ပြောသည်။

ဦးထွန်းထွန်းလင်းက “အခုက ကြားဖြတ်ဖြစ်တဲ့အတွက် စိတ်ဝင်စားမှု အတော်နည်းတယ်။ ကျနော်ကတော့ ကိုယ့်ရပ်ကွက်ကသူတွေ မဲပေးပိုင်ခွင့် မဆုံးရှုံးအောင် ကော်မရှင်အဖွဲ့တွေက သူ့အပိုင်းနဲ့သူ မဲရုံတရုံချင်းစီကို စလစ်ပြားရေးပြီးတာနဲ့ လာမယူရင် အိမ်တိုင်ရာရောက် လိုက်ဝေပေးဖို့ စီစဉ်ထားတယ်။ သူတို့လက်ထဲရောက်မှ သူတို့ မဲပေးချင်စိတ် ဖြစ်လာမှာ” ဟု ပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲကို လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာတွင် ကျင်းပမည်ဖြစ်ပြီး နိုင်ငံပါရေးပါတီ ၂၄ ပါတီမှ ကိုယ်စားလှယ်လောင်း ၈၈ ဦးနှင့် တသီးပုဂ္ဂလကိုယ်စားလှယ် ၇ ဦး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ စာရင်းများအရ သိရသည်။

Loading