အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီမှ ပြည်ထောင်စု အဆင့် အစိုးရ အဖွဲ့ဝင်တွေ၊ တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ ဝန်ကြီးတွေ လာဘ်ပေး လာဘ်ယူ၊ အဂတိ လိုက်စားမှုတွေ ရှိနေရင် အချက်အလက် တိတိကျကျနဲ့ တိုင်ကြားဖို့ NLD ခေါင်းဆောင်တွေ က လွှတ်တော် ကိုယ်စားလှယ်တွေကို မှာကြားလိုက်တယ်လို့ သိရပါတယ်။
မတ်လ ၁၅ ရက်က နေပြည်တော် လွှတ်တော်ဝင်းထဲမှာရှိတဲ့ ဇမ္ဗူသီရိ ခန်းမဆောင်မှာ NLD ပါတီ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်တွေ ဖြစ်တဲ့ ဦးဝင်းထိန်၊ ဦးဝင်းမြင့်၊ ဒေါက်တာ မေဝင်းမြင့်၊ ဦးထွန်းထွန်းဟိန် နဲ့ ဦးအောင်စိုး တို့က ပါတီဝင် လွှတ်တော် ကိုယ်စားလှယ် တွေကို ခေါ်ယူတွေ့ဆုံခဲ့ပြီးတော့ မှာကြားလိုက်တာ ဖြစ်ပါတယ်။
“ဝန်ကြီးချုပ်တွေပဲ ဖြစ်ဖြစ်၊ ပါတီကပဲ ဖြစ်ဖြစ်၊ လွှတ်တော် ကိုယ်စားလှယ်တွေပဲ ဖြစ်ဖြစ် လာဘ်စားတာ၊ တခုခု လုပ်ထား တာတွေ ရှိတယ်လို့ သိရင် တိတိကျကျ တိုင်ကြားဖို့ အဓိက မှာတယ်။ ကိုယ့်လူကိုယ် ထိန်းခိုင်းတဲ့ သဘောပဲ”လို့ ရန်ကုန်တိုင်း ဒေသကြီးက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးက ဧရာတီကို ပြောပါတယ်။
ပြည်ထောင်စု အဆင့် ဝန်ကြီးတွေ၊ ဝန်ကြီးချုပ်တွေမှာ အကျင့်ပျက် ခြစားမှုတွေ ရှိလာရင်လည်း သမ္မတ၊ အဂတိ လိုက်စား မှု တိုက်ဖျက်ရေး ကော်မရှင်နဲ့ လွှတ်တော် ဥက္ကဌ တွေဆီကို တိုင်ကြားဖို့ ပြောဆိုပြီး တကယ်လို့ ရှိလာခဲ့ရင် ပါတီ အနေနဲ့ ဘယ်သူ့ကိုမှ ညှာမှာ မဟုတ်ဘူးလို့ သတိပေးလိုက်တယ် လို့လည်း ဆိုပါတယ်။
အစိုးရ၊ လွှတ်တော်နဲ့ ပါတီတို့ကြားမှာလည်း Check and Balace လုပ်ပြီး ပူးပေါင်း ဆောင်ရွက်ကြဖို့၊ ပါတီနဲ့ အစိုးရ အဖွဲ့ ကြားထဲမှာလည်း အစောပိုင်းမှာ နားလည်မှု လွဲမှားခဲ့တာတွေရှိလို့ မွန်ဝန်ကြီးချုပ်ကို လဲလှယ်လိုက်ရတာမျိုးတွေ ဖြစ်သွား တယ်ဆိုပြီး ပါတီဝင်တွေကို ရှင်းပြခဲ့တယ်လို့ သိရပါတယ်။
အဲဒီ တွေ့ဆုံပွဲမှာ ကယားပြည်နယ်က အမျိုးသား လွှတ်တော် ကိုယ်စားလှယ်တဦးက သူ့ပြည်နယ် ဝန်ကြီးချုပ်ဟာ ကား ၅ စီးလောက် နဲ့ ဆီဂါလန် ၄၀ ရနေပေမယ့် ကိုယ်စားလှယ် သွားဖို့လာဖို့ တစီးလောက် အကူအညီ တောင်းတာကို မပေးလို့ လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်ဆီကို တင်ပြခဲ့တယ်လို့ သိရပါတယ်။
“မကူညီချင်တော့ အဆင် မပြေတာမျိုးတွေ ဖြစ်တာပေါ့။ ဆီ ဂါလန် ၄၀ လောက်ရတာကို မလောက်ဘူးလို့ ပြောတယ်တဲ့။ ကယား ကိုယ်စားလှယ်က ဦးဝင်းမြင့်ကို တိုင်တာပေါ့။ ဦးဝင်းမြင့် ကလည်း ဒါတော့ မဖြစ်သင့်ဘူး။ နားလည်အောင် ပြောပြ ပေးမယ်ဆိုပြီး ပြန်ရှင်းတယ်။ တချို့ကျတော့လည်း ဝန်ကြီးချုပ် စိတ်ဝင်သွားတာပေါ့”လို့ အမျိုးသား လွှတ်တော် ကိုယ်စား လှယ် ဒေါက်တာ ကျော်သန်းထွန်းက ပြောပါတယ်။
မွန်ပြည်နယ် ဝန်ကြီးချုပ်ပြီးရင် နောက်ထပ် တိုင်ကြားခံရသူ တဦးကတော့ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်ပါ။
NLD ခေါင်းဆောင် ဦးဝင်းထိန်ရဲ့ စစ်ကိုင်းတိုင်း ခရီးစဉ်အတွင်းမှာ ကိုယ်စားလှယ်တွေကို မြေယာ စီမံခန့်ခွဲမှု ကော်မတီ တွေမှာ ထည့်သွင်း ဖွဲ့စည်းပေးဖို့ နှုတ်နဲ့ ညွှန်ကြားခဲ့တာကို မလိုက်နာခဲ့လို့ တိုင်ကြားခံရတာ ဖြစ်ပြီး အခုတော့ ပြေလည် သွားပြီလို့ စစ်ကိုင်းတိုင်းက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးက ပြောပါတယ်။
စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဦးမြင့်နိုင်ဟာ မြို့နယ်၊ ခရိုင်နဲ့ တိုင်းအဆင့် မြေယာ စီမံခန့်ခွဲရေး ကော်မတီတွေမှာ သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်တွေကို မထည့်သွင်းလို့ ဆိုပြီး လွှတ်တော်နဲ့ ပါတီကို တိုင်ကြားခဲ့တာကြောင့် နောက်ပိုင်းမှာ တရားဝင် စာထုတ်ပြီး ပြန်လည် ထည့်သွင်း ပေးလိုက်တယ်လို့ သိရပါတယ်။
စစ်ကိုင်း၊ မကွေး၊ မန္တလေးနဲ့ ဧရာဝတီတိုင်းတွေမှာ ဝန်ကြီးချုပ်တွေဟာ ပါတီဝင် လွှတ်တော် ကိုယ်စားလှယ်တွေကို သက်ဆိုင်ရာ မြေယာ စီမံခန့်ခွဲမှု ကော်မတီတွေမှာ မပါဝင်ခိုင်းလို့ နောက်ပိုင်းကျမှ ပြန်လည် ထည့်သွင်းပေးရတာမျိုး ရှိနေ ပါတယ်။
တနှစ်သား NLD အစိုးရဟာ အစိုးရရဲ့ လုပ်ငန်းစဉ်တွေကို နားလည်အောင် သင်ယူရတုန်းပဲ ရှိသေးပြီး အပြောင်းအလဲတွေ အောက်ခြေကို ရောက်အောင် မလုပ်နိုင်သေးဘူးလို့ ပါတီဝင် လွှတ်တော် ကိုယ်စားလှယ်တွေက ဧရာဝတီကို ပြောပါတယ်။
“အပေါ်က ပေါ်လစီ ဘယ်လိုကောင်းကောင်း ဌာနတွေက အကောင်အထည် မဖော်နိုင်ရင် အပြောင်းအလဲတွေက ပြည်သူ တွေဆီကို ရောက်မှာ မဟုတ်ဘူး။ ကျနော်တို့က အဲဒါကို စိတ်ပူတယ်”လို့ ရန်ကုန်တိုင်းက လွှတ်တော် ကိုယ်စားလှယ် ဦးလွင်ကိုလတ် က ဧရာဝတီကို ပြောပါတယ်။
ပြည်ထောင်စု အဆင့် ဝန်ကြီးတွေ၊ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ နီးနီးကပ်ကပ် အလုပ် လုပ်နိုင်ရင် မြန်မာပြည်ရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုဟာ ပိုအရှိန်ရလာနိုင်တယ်လို့လည်း သူက ဆိုပါတယ်။
မတ် ၁၅ ရက်က NLD ခေါင်းဆောင်တွေနဲ့ ပါတီဝင် ကိုယ်စားလှယ်တွေ တွေ့ဆုံပွဲမှာ ကြားဖြတ် ရွေးကောက်ပွဲမှာ ပါတီ အောင်နိုင်ရေး ဆိုင်ရာ ကဏ္ဍကနေ ဝိုင်းကူကြဖို့၊ ဒေသမှာ မြေယာ သိမ်းဆည်းခံရမှုတွေကို ဝိုင်းဝန်း ကူညီကြဖို့၊ လွှတ်တော် မှာ အဆို တွေ မေးခွန်းတွေ မေးမြန်းတဲ့အခါမှာ ပိုပြီးတော့ ထိထိရောက်ရောက်ဖြစ်အောင် မေးမြန်းကြဖို့ ပြောဆို ဆွေးနွေး ခဲ့တယ်လို့လည်း သိရပါတယ်။