သတင်း

တိုင်းအစိုးရနှင့် ထပ်မံဆွေးနွေးရန် လက်ပံတောင်းဒေသခံများ တောင်းဆိုမည်

Want create site? Find Free WordPress Themes and plugins.

လက်ပံတောင်း မြေယာလျော်ကြေးနှင့် ပတ်သက်ပြီး စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရနှင့် ထပ်မံဆွေးနွေးရန် တောင်းဆိုသွားမည်ဖြစ်ကြောင်း လက်ပံတောင်းဒေသ ဆည်တည်းကျေးရွာသူ ဒေါ်ရီဝင်းက ပြောသည်။

“တောင်းဆိုထားတာ ဘာမှထူးခြားမှု မရှိသေးဘူး။ ၁ လပြည့်ရင်ကတော့ အကျိုးအကြောင်း လှမ်းမေးပြီး လုပ်သင့်လုပ်စရာရှိတာ လုပ်ရမှာပဲ။ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ကို တွေ့ဆုံဖို့လည်း လှမ်းမေးထားတယ်” ဟု ဒေါ်ရီဝင်းက ဆိုသည်။

စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ကို တောင်သူများအနေဖြင့် တွေ့ဆုံရန် ကမ်းလှမ်းလာပါက အချိန်မရွေး တွေ့ဆုံ ဆွေးနွေးနိုင်သည်ဟု အစိုးရအဖွဲ့က ပြောဆိုထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၅ ရက်က လက်ပံတောင်း ဒေသခံ တောင်သူများသည် စစ်ကိုင်းတိုင်း လွှတ်တော်ရုံး၌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် တွေ့ဆုံပြီး သီးနှံလျော်ကြေးအတွက် ညှိနှိုင်းဆွေးနွေးမှုများ တောင်းဆိုခဲ့ကြသည်။

ထိုသို့တွေ့ဆုံရာတွင် လက်ပံတောင်း ဒေသခံများက လက်တလောတွင် နှစ်စဉ်သီးနှံ လျော်ကြေးပေးရန် (သို့မဟုတ်) နှစ် ၆၀ စာ တွက်ချက်ပြီး လျော်ကြေးပေးရန်နှင့် လက်တလောတွင် နှစ် ၆၀ စာ လျော်ကြေး မပေးနိုင်သေးပါက ပြီးခဲ့သည့် ၅ နှစ် တာအတွက် လျော်ကြေးကို ဦးစွာပေးရန် တောင်းဆိုခဲ့ကြကြောင်း သိရသည်။

လက်ပံတောင်း ဒေသခံများ တောင်းဆိုထားသည့် အချက်အလက်များကို ပြည်ထောင်စုအစိုးရထံ တင်ပြထားပြီး ပြည်ထောင်စုအစိုးရက ဆုံးဖြတ်ရမည့် ကိစ္စရပ်များ ဖြစ်သဖြင့် ဒေသခံများအနေဖြင့် စောင့်ဆိုင်းရန် လိုအပ်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး စည်ပင်သာယာဝန်ကြီး ဦးမြင့်ကြည်က ပြောသည်။

“လုပ်တာက လုပ်နေတယ် သူတို့ဆန္ဒစောလို့ မရဘူး။ ဒါက စီမံကိန်းကြီးလေ။ နောက်တခုက ပြည်ထောင်စုက ဆုံးဖြတ်ရမှာဖြစ်တော့ ဆန္ဒစောလို့ မရဘူး ” ဟု ၎င်းက ဆိုသည်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာသိန်းနိုင်က ဒေသခံများ တောင်းဆိုမှုနှင့် ပတ်သက်ပြီး “ ပြည်ထောင်စုက ဆုံးဖြတ်ရမှာလေ။ တိုင်းဒေသကြီးက ဘာပြောလို့ရမှာလဲ တွေ့လည်းတွေ့တာပဲ ရှိမှာပေါ့ ” ဟု ပြောသည်။

လက်ပံတောင်း ကြေးနီထုတ်လုပ်ရေး စီမံကိန်းကြောင့် မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်ရှိ ဝက်မှေး၊ ဆည်တည်း၊ ဆီးတော၊ ကံတော၊ မိုးကြိုးပြင်၊ ရွှေလှေ၊ ကျောက်ဖြူနိုင်၊ တုံရွာ၊ ဖောင်းကားတောင်၊ ပလောင်၊ ကူးတို့ကုန်း စသည့် ကျေးရွာ အများအပြားရှိ လယ်ယာဧက ၇,၈၆၈ ဒသမ ၇၈ ဧက သိမ်းဆည်းခံခဲ့ရပြီး၊ လယ်ယာမြေများ သာမက စီမံကိန်းနှင့် မလွတ်သော ကျေးရွာများပါ ပြောင်းရွှေ့ပေးခဲ့ရကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading