NLD ဗဟို ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီအား လုပ်ကြံသတ်ဖြတ်ခဲ့သူ တရားခံ ကြည်လင်း၊ အောင်ဝင်းဇော်နှင့် ဇေယျာဖြိုးတို့ကို ယနေ့ နံနက် ၁၀နာရီက ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးတွင် ရုံးတင်စစ်ဆေးရာ အောင်ဝင်းထွန်းဆိုသူပါ ထပ်မံပါဝင်လာသည်ကို တွေ့ရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၅ ရက်နေ့က ရန်ကုန်မြို့၊ မူးယစ်ဆေးဝါး ပြတိုက်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင်မူ လုပ်ကြံသတ်ဖြတ်မှုတွင် ပါဝင်ပတ်သက်သူများဖြစ်သည့် ကြည်လင်း၊ အောင်ဝင်းဇော်နှင့် ဇေယျာဖြိုးတို့ကို ဖမ်းဆီးထား သည်ဟုသာ သတင်းထုတ်ပြန်ခဲ့သော်လည်း ယနေ့ရုံးထုတ်တွင် အောင်ဝင်းထွန်းဆိုသူလည်း အမှုတွဲတွင် ပါဝင်နေခြင်း ဖြစ်သည်။
တရားရုံးထုတ်တွင် ပါဝင်လာသည့် အောင်ဝင်းထွန်းသည် အောင်ဝင်းဇော်၊ အောင်ဝင်းခိုင်တို့နှင့် ညီအကို တော်စပ်သည်ဟုလည်း သိရသည်။ အမှုတွင် ပါဝင်နေသည့် တရားခံ အောင်ဝင်းခိုင်ကိုမူ ရဲတပ်ဖွဲ့က ယနေ့အထိ ဖမ်းဆီးရမိခြင်းမရှိသေးဘဲ စုံစမ်း ဖော်ထုတ် နေဆဲဖြစ်သည်။
ယနေ့ ရုံးထုတ်စဉ်တွင် ရဲတပ်ဖွဲ့ လုံခြုံရေးအင်အား တင်းကျပ်ထားပြီး တရားခံများဘက်မှ မိသားစုဝင်များ လာရောက်ခြင်း မရှိကြောင်း၊ တရားခံ ကြည်လင်းနှင့် အမှုတွဲ၌ အသစ် ပါဝင်လာသူ အောင်ဝင်းထွန်းမှာ ရှေ့နေ ငှားရမ်းထားခြင်း မရှိသေးကြောင်း သိရသည်။
အောင်ဝင်းထွန်းကို ဖမ်းဆီးစစ်ဆေးခြင်း၊ ရုံးထုတ်လာခြင်းနှင့် ပတ်သက်၍ အစိုးရ၊ ပြည်ထဲရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားခြင်း မရှိသဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံ ဧရာဝတီမှ မေးမြန်းသော်လည်း ရဲတပ်ဖွဲ့က အတည်ပြုဖြေကြားခြင်း မရှိပါ။
တရားလွှတ်တော် ရှေ့နေ ဦးမျိုးမင်းဦးက “ဒီနေ့ကပုဒ်မ ၁၉ (စ)၊ (ဃ) တွေနဲ့ တရားစွဲထားတယ်။ တရားခံပြေးရှိလို့ ပြစ်/ထွေနဲ့ ဖွင့်ထားတယ်။ ပုဒ်မ ၃၀၂ (၁) နဲ့ ဖွင့်ထားတယ်။ တရားခံ ၂ ယောက်က ပါဝါ မတင်ဘူး။ ကြည်လင်းနဲ့ အောင်ဝင်းထွန်းပေါ့။
တရားသူကြီးက ကြည်လင်းကို ဘာအခက်အခဲ ရှိလဲလို့မေးတယ်။ ရှေ့နေကို နိုင်ငံတော်က ငှားပေးရမလား မေးတော့ သူ့ဘာသာသူ စီစဉ်မယ် ပြဿနာ မရှိဘူး လို့ ပြောတယ်” ဟု ရုံးထုတ်ကို တက်ရောက်ခဲ့သည့် ရှင်းပြသည်။
နိုင်ငံတော် အဆင့် ခရီးစဉ်မှ ပြန်လာသူ ဦးကိုနီကို ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင် လုပ်ကြံ သတ်ဖြတ်ခံခဲ့ခြင်း ဖြစ်သော်လည်း တရားခံများ ဖြစ်သည့် ကြည်လင်း (ခ) ဖိုးထူးအား ပုဒ်မ ၃၀၂၊ လဝကအက်ဥပဒေ၊ လက်နက်မှုများ၊ အောင်ဝင်းဇော်ကို ပုဒ်မ ၃၀၂၊ ၁၉ (ခ)၊ ဇေယျာဖြိုးကို ပုဒ်မ ၃၀၂၊ ပုဒ် ၆၇၊ ၄၂၀၊ ၄၆၈ ဖြင့် အမှုဖွင့် အရေးယူထားသည်။
၎င်းတို့ ၄ ဦးကို ယနေ့ မနက် ၁၀ နာရီတွင် ရန်ကုန်မြို့၊ မြောက်ပိုင်းခရိုင်တရားရုံးတွင် ရုံးတင် စစ်ဆေးခဲ့ပြီး ဒုတိယအကြိမ် ရုံးချိန်းကို မတ်လ ၂၄ ရက်သို့ ချိန်းဆိုထားကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂၅ ရက်နေ့က ရန်ကုန်မြို့၊ မူးယစ်ဆေးဝါး ပြတိုက်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင်မူ လုပ်ကြံသတ်ဖြတ်မှုတွင် ပါဝင်ပတ်သက်သူ ကြည်လင်း၊ အောင်ဝင်းဇော်နှင့် ဇေယျာဖြိုးတို့ကို ဖမ်းဆီးထားသည်ဟုသာ သတင်းထုတ်ပြန်ခဲ့သော်လည်း ယနေ့ရုံးထုတ်တွင် အောင်ဝင်းထွန်းဆိုသူလည်း အမှုတွဲတွင် ပါဝင်နေခြင်း ဖြစ်ကြောင်း သိရသည်။