သတင်း

အမုန်းစကား ပြောဆိုသူများကို အရေးယူရန် ရခိုင်ကော်မရှင် အကြံပြု

Want create site? Find Free WordPress Themes and plugins.

လူ့အဖွဲ့အစည်းများ အကြား အမုန်းစကား ပြောဆိုမှုများကို ထိရောက်စွာ အရေးယူသင့်ကြောင်းနှင့် နိုင်ငံရေး၊ ဘာသာရေး ခေါင်းဆောင်များက အမုန်းစကား ပြောဆိုနေမှုများကို ရှုတ်ချသင့်သည်ဟု ရခိုင်ပြည်နယ်ဆိုင်ရာ အထူးအကြံပေး ကော်မရှင်က အစိုးရသို့ အကြံပြုပြောသည်။

အကြံပြုချက် ၃၀ ပါဝင်သည့် ကြားဖြတ်အစီအရင်ခံစာကို ရခိုင်ပြည်နယ်ဆိုင်ရာ အထူးအကြံပေး ကော်မရှင်က မတ်လ ၁၆ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး၊ ထိုသို့အကြံပြုချက်များအပေါ် နိုင်ငံတော် အတိုင်ပင်ခံရုံးက သဘောထားအမြင် တူညီကြောင်းနှင့် အချိန်မဆိုင်းဘဲ ထိရောက်စွာ အကောင်အထည်ဖော် သွားမည်ဟု ထုတ်ပြန်ခဲ့သည်။

“လတ်တလော လုပ်ဆောင်သင့်တဲ့ အခြေအနေတွေအတွက် ကြားဖြတ်အစီအရင်ခံစာ ထုတ်သင့်တယ်လို့ ယူဆတယ်။ ဒေသတွင်း အကြမ်းဖက်ဝါဒတွေ ပျောက်ဆုံးသွားအောင် လုပ်ဆောင်ဖို့ လိုအပ်ပြီး အမုန်းပွားအောင် လှုံ့ဆော်သူတွေကိုလည်း အရေးယူဖို့လိုတယ်”ဟု ကော်မရှင်အဖွဲ့ဝင် Mr Ghassan Salame က မတ်လ ၁၆ ရက်က ရန်ကုန်မြို့ရှိ ဆူးလေရှန်ဂရီလာဟိုတယ်တွင် ပြုလုပ်သည့် အစီရင်ခံစာ ထုတ်ပြန်ပွဲတွင် ပြောသည်။

ဒေသတွင်း အကြမ်းဖက်မှုများ၊ ပျက်စီးမှုများအား တာဆီးနိုင်ရေးအတွက် လူ့အသိုင်းအဝိုင်းကြား အပြန်အလှန် ဆွေးနွေးနိုင်ရေးနှင့် အဖွဲ့အစည်းများတွင် ကိုယ်စားပြု ပါဝင်ဆောင်ရွက်နိုင်စေရေးကို လုပ်ဆောင်ပေးရန် လိုအပ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌ မစ္စတာ ကိုဖီအာနန်ကလည်း ထိုအစီအရင်ခံစာ ထုတ်ပြန်ပွဲတွင် ဗွီဒီယိုမှတဆင့် ပြောဆိုသည်။

အကြံပြုချက်များတွင် နိုင်ငံသား စိစစ်ရေးလုပ်ငန်းများကို လျင်မြန်စွာဆောင်ရွက်ရန်နှင့် နိုင်ငံသားဖြစ်ခွင့် ရရှိသူများကို လွတ်လပ်စွာ သွားလာခွင့်ပေးရန်၊ ဒေသတွင်းဖွံ့ဖြိုးရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရန်၊ လူ့အဖွဲ့အစည်းများကြား တွေ့ဆုံဆွေးနွေးရေးနှင့် နိုင်ငံရေးကဏ္ဍနှင့် အရပ်ဘက် အဖွဲ့အစည်းများတွင် မွတ်စလင်များအပေါ် ကိုယ်စားပြုသူများ ပိုမိုပါဝင်ခွင့် ရရှိစေရန် ဆောင်ရွက်သင့်သည်ဟု ထည့်သွင်းရေးသား ထားသည်။

နိုင်ငံတကာ လူသားချင်းစာနာ ထောက်ထားမှု အဖွဲ့အစည်းများနှင့် မီဒီယာများကို ဒေသတွင်း လွတ်လပ်စွာ ဝင်ရောက်ခွင့်ပေးရေး၊ လူ့အခွင့်အရေး ချိုးဖောက်ကြောင်း စွပ်စွဲမှုများကို သက်ဆိုင်ရာ အဖွဲ့အစည်းများက တာဝန်ယူ ဖြေရှင်းရေးနှင့် ရဲတပ်ဖွဲ့ဝင်များကို လူ့အခွင့်အရေးဆိုင်ရာ သင်တန်းများပေးရေးတို့ကို ဆောင်ရွက်သွားရန် ဆက်အကြံပြု ရေးသားထားသည်။

ထို့အပြင် ရခိုင်ပြည်နယ်အတွင်း ကိစ္စရပ်များနှင့် ပတ်သက်၍ ရှောင်နေသူများ နေရပ်ပြန်လာနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ပူးတွဲကော်မတီတရပ် ဖွဲ့စည်း၍ လုပ်ဆောင်သင့်ကြောင်း အကြံပြုထားသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အထူးအကြံပေး ကော်မရှင်ကို ဒေါ်အောင်ဆန်းစုကြည်၏ ညွန်ကြားမှုဖြင့် ၂၀၁၆ ခုနှစ် စက်တင်ဘာလတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အပြီးသတ် အစီအရင်ခံစာကို လာမည့်သြဂုတ်လကုန်တွင် ထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading