ရခိုင်ပြည်နယ် မောင်တော နှင့် ဘူးသီးတောင် မြို့နယ်များမှ နိုင်ငံသား စိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (NVC) ကိုင်ဆောင်ထားသူများကို ဘင်္ဂလားဒေ့ရှ်နယ်စပ် နှင့် ဒေသတွင်း တရားဝင် ခရီးသွားလာခွင့် ပြုထားကြောင်း မောင် တောခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က အတည်ပြုပြောကြားခဲ့ပါသည်။
NVC ကတ်ကိုင်ဆောင်ထားသူများကို လွတ်လပ်စွာ သွားလာခွင့် ပေးခြင်းက အစိုးရ၏ မူဝါဒ ဖြစ်သည်ဟုလည်း ဦးရဲထွဋ်ကပြောသည်။
၎င်းတို့ကို ဘူးသီးတောင်နှင့် မောင်တောအတွင်းတွင် လွတ်လပ်စွာ သွားလာခွင့်ပြုထားသော်လည်း ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေ နှင့် ရခိုင်ပြည်နယ် အတွင်းမှ အခြား မြို့များသို့ သွားရောက်လိုပါက ပြည်နယ် အစိုးရထံမှ ခရီးသွားလာခွင့် ပါမစ် ရရှိရန် လိုအပ်ကြောင်း သိရသည်။
အကယ်၍ အခြားမြို့နယ်များမှ NVC ကတ်ကိုင်ဆောင်ထားသူများကေ မာင်တောမြို့နယ်သို့ သွားရောက်လိုလျှင်လည်း ပြည်နယ် အစိုးရ၏ ခွင့်ပြုချက် လိုအပ်သည်ဟု ဦးရဲထွဋ်က ထပ်ပြောသည်။
မောင်တောနယ်စပ် ကုန်သွယ်ရေး ကုန်သည်ကြီးများ အသင်းဝင်များကို ကုန်တင်လှေများဖြင့် နယ်စပ်ကို ဖြတ်ကျော်ခွင့် ပေးထားပြီး ဖြစ်ပြီး အခြားသူများအနေဖြင့် ကုန်သွယ်ရေးအသင်း၏ ထောက်ခံချက် လိုအပ်မည် ဖြစ်သည်။ နယ်စပ်ကို ဖြတ်ကျော် ခရီးသွားသူများက ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် အများဆုံး ၇ ရက်အထိ နေခွင့် ရှိသည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်းက မြန်မာနယ်ခြားစောင့် ရဲစခန်းများကိုလက်နက်ကိုင် စစ်သွေးကြွများကဝင် ရောက် တိုက်ခိုက်ခဲ့၍ ရဲအဖွဲ့ဝင် ၉ ဦးသေဆုံးခဲ့ရသည့် နောက်ပိုင်းတွင် မောင်တောနှင့် ဘင်္ဂလားဒေ့ရှ်ကြားမှ နယ်စပ် ကုန်သွယ်ရေး ရပ်ဆိုင်းခဲ့ရသည်။
အစိုးရက ကုန်သွယ်ရေးဇုန်ကို ဒီဇင်ဘာလ နှောင်းပိုင်းတွင် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ဆိပ်ကမ်းများက ဖေဖော်ဝါရီ လလယ် ပိုင်းတွင် လုပ်ငန်းများ ပြန်လည်စတင်ခဲ့ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဒေသဆိုင်ရာ အရာရှိတဦး ဖြစ်သော ဦးခင်ကျော်မြင့်၏ အဆိုအရ သိရသည်။
မောင်တောခရိုင် မြို့နယ်များမှ မွတ်စလင် ၃၀၀၀ ခန့်ကို NVC ကတ်များ ထုတ်ပေးပြီး ဖြစ်သည်ဟု ခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က ဧရာဝတီသို့ပြောသည်။
နောက်ပိုင်းတွင် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေ အရ နိုင်ငံသား ဖြစ်ခွင့် ရှိ၊ မရှိကို စစ်ဆေးခြင်း ခံယူရမည့် သူများကို NVC ကတ်များ ထုတ်ပေးနေခြင်း ဖြစ်သည်။ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေက နိုင်ငံသား ဖြစ်ခွင့်ကို လူမျိုးအလိုက် သတ်မှတ်သည့် ဥပဒေ ဖြစ်သည်။
သို့သော် ၃၀၀၀၀၀ ကျော်ရှိမည်ဟု ခန့်မှန်းရသည့် မောင်တော မွတ်စလင် အများစုမှာ အစိုးရ၏ NVC စီမံကိန်းကို ကန့်ကွက်နေခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ကန့်ကွက်မှုများမှာ စစ်တပ်နောက်ခံရှိသည့် ယခင် စစ်အစိုးရလက်ထက်ကတည်းက ရှိခဲ့ပြီး NVC ကတ်ရရှိရန် အတွက် မွတ်ဆလင်များက သူတို့ကိုယ်သူတို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ရွှေ့ပြောင်းလာသူများဟုအဓိပ္ပါယ်ရသည့် ဘင်္ဂလီဟု ဖော်ပြရန် လိုအပ်သည်။
လက်ရှိ NVC ကတ် ထုတ်ပေးရေး လုပ်ငန်းတွင် ကိုင်ဆောင်သူများ၏ လူမျိုးနှင့် ဘာသာကို ထည့်သွင်းဖော်ပြထားခြင်း မရှိသည့် အတွက် မွတ်စလင် ကျေးရွာ အများအပြားက ငြင်းဆန်ခဲ့ကြပြီး အခြေခံ အသိအမှတ်ပြုမှုကို တောင်းဆိုခဲ့ကြ သည်။
ရခိုင် အမျိုးသားပါတီ (ANP) ၏ မောင်တောမြို့နယ် ဥက္ကဋ္ဌ ဦးခင်မောင်သန်းက မောင်တောမြို့နယ်မှ ဗုဒ္ဓဘာသာဝင် ရခိုင်များသာမက မွတ်စလင်များပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ယာယီသွားရောက်ခွင့် ဗီဇာရရှိရန် အိမ်ထောင်စုစာရင်းနှင့် အ ထောက်အထား စာရွက်စာတမ်းများကို အာဏာပိုင်များထံ တင်ပြရန် လိုအပ်ကြောင်း၊ ဗီဇာသက်တမ်းမှာ ၁ နှစ် ဖြစ်ပြီး ကျပ် ၁၅၀၀၀ ခန့် ကုန်ကျသည်ဟုလည်း သူက ဆိုသည်။
NVC ကတ်ကိုင်ဆောင်ထားသူများကို နယ်စပ်ဖြတ်ကျော်ခွင့်ပေးရေး နှင့် ပတ်သက်၍ ရခိုင် အမျိုးသားပါတီ (ANP) ၏ မောင်တောမြို့နယ် ဥက္ကဋ္ဌ ဦးခင်မောင်သန်းက “ဒါက ကောင်းတဲ့ အစီအစဉ်ပါ။ အာဏာပိုင်တွေက အလွယ်တကူ စစ်ဆေးလို့ ရတာပေါ့” ဟုပြောသည်။
ထိုအချိန်တွင် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ရခိုင်ပြည်နယ် နှင့် ထိစပ်နေသည့် Teknaf ခရိုင်သို့ ဝင်ရောက်ခွင့်ကို တင်းကျပ်ထားသည်ဟု သိရကြောင်း ဦးခင်မောင်သန်းက ပြောသည်။
မောင်တောမြို့ မြောက်ဘက်ရှိ ငခူရကျေးရွာမှ မွတ်စလင်တဦး ဖြစ်သည့် ဦးမောင်မောင်က လက်ရှိအချိန်တွင် အခြေအနေ အေးချမ်းနေသည့် အတွက် ကျေးရွာမှ လူများ မောင်တောမြို့သို့ သွားလာနိုင်ကြသော်လည်း ကုန် အရောင်းအဝယ် နှင့် စီးပွားရေးကိစ္စများ အတွက် ပုံမှန် သွားနေကျ ဖြစ်သော ဘင်္ဂလားဒေ့ရှ်ဘက်သို့ ဝင်ရောက်ရေးမှာ မောင်တောဒေသမှ မွတ်စလင်များအတွက် ခက်ခဲနေသေးကြောင်း ဧရာဝတီသို့ မတ်လ ၁၄ ရက်နေ့တွင် တယ်လီဖုန်းမှ တဆင့်ပြော ကြားခဲ့သည်။
အာဏာပိုင်များက ငခူရကျေးရွာတွင် NVC ကတ်များ ထုတ်ပေးခြင်းမရှိသေးကြောင်း၊ အစိုးရက ဧပြီလအတွင်း NVC ကတ်များ လာထုတ်ပေးမည် ဖြစ်ကြောင်း ကျေးရွာတွင် နေထိုင်သူများကို ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောခဲ့ကြောင်း သိရသည်။
အကယ်၍ NVC ကတ်များတွင် ရိုဟင်ဂျာ မွတ်စလင်ဟု ဖော်ပြခွင့် မရှိခဲ့လျှင် ကျေးရွာတွင် နေထိုင်သူများက လက်ခံနိုင် ခြင်းရှိ၊ မရှိ မေးမြန်းသည့်အခါ “တကယ်လို့ NVC ကတ်က လွတ်လပ်စွာ ခရီးသွားခွင့် ရမယ်ဆိုရင် ရွာက လူတွေကလည်း လက်ခံမယ်လို့ ကျနော်ထင်ပါတယ်။” ဟုဦးမောင်မောင်က ပြောသည်။
ရခိုင်ပြည်နယ်မှ နိုင်ငံမဲ့များကို နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (NVC) များ ထုတ်ပေးရေး အတွက် ၂၀၁၆ ခုနှစ် ဇွန်လတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရက အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ခေါင်းဆောင်သည့် အဖွဲ့ဝင် ၆ ဦးပါ ကြီးကြပ်ရေး အဖွဲ့တခုကို ဖွဲ့စည်းခဲ့သည်။
သမ္မတရုံးမှ ထုတ်ပြန်ခဲ့သည့် ကြေညာချက်တခု အရ ယာယီနိုင်ငံသား သက်သေခံလက်မှတ်ဟု အဓိပ္ပါယ်ရပြီး သမ္မတဟောင်း ဦးသိန်းစိန် လက်ထက် ၂၀၁၅ ခုနှစ်က ပယ်ဖျက်ခဲ့သည့် ဝှိုက်ကတ်များကို ပြန်အပ်ခဲ့သူ ၃၉၇၅၀၀ ဦး အနက် ၆၂၀၀ ခန့်ကို NVC ကတ်များ ထုတ်ပေးခဲ့ပြီး ဖြစ်သည်ဟု သိရသည်။