သတင်း

တွေ့ဆုံဆွေးနွေးရေးလမ်း ရွေးရန် မြောက်ပိုင်း မဟာမိတ်အဖွဲ့ကို တိုက်တွန်း

Want create site? Find Free WordPress Themes and plugins.

မြောက်ပိုင်း မဟာမိတ်အဖွဲ့ (NAB) အနေဖြင့် ပြည်သူလူထု အထိနာစေသော တိုက်ခိုက်မှုများကို ရပ်ပြီး တွေ့ဆုံ ဆွေးနွေးရေး လမ်းကြောင်းကို ရွေးချယ်ရန်လိုအပ်ကြောင်း နိုင်ငံတော် သမ္မတရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် မြောက်ပိုင်း မဟာမိတ်အဖွဲ့ (NAB) ၏ စစ်ဆင်ရေးများသည် ပြည်သူလူထုကို ကြီးမား သည့် ထိခိုက်မှုများရှိနေကြောင်း၊ ထိုသို့ တိုက်ခိုက်မှုများကို စွန့်၍ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် အစိုးရ အနေဖြင့် လမ်းဖွင့် ထားကြောင်းလည်း ဆိုသည်။

ဦးဇော်ဌေး က “အခု တိုက်ခိုက်မှုတွေ ဖြစ်သွားတဲ့ အချိန်မှာ တဖက်နဲ့ တဖက် တင်းမာမှုတွေ ပိုပြီးတော့ မြင့်လာတယ်။ မကျေနပ်ချက်တွေ ပိုပြီးတော့ ပြင်းထန်စေတယ်။ အကောင်းဆုံးကတော့ တွေ့ဆုံဆွေးနွေးဖို့ ဆိုတဲ့ လမ်းကြောင်းကို သူတို့က ဦးတည်ပြီးဆောင်ရွက်သင့်တယ်။ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကို အစိုးရက အမြဲတမ်း တံခါးဖွင့်ထား တယ်” ဟု ဧရာဝတီ သို့ ပြောသည်။

ယခုနှစ် မတ်လဆန်းမှစ၍ ပြန်လည်ဖြစ်ပွားခဲ့သော မြောက်ပိုင်းမဟာမိတ်အဖွဲ့ (NAB) ၏ တကျော့ပြန် စစ်ဆင်ရေးတွင် တပ်မတော် တပ်စခန်းများ၊ ရဲစခန်းများ အပြင် အရပ်သားများ နေထိုင်သည့် မြို့ပေါ်နှင့် မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်ရေး လမ်းကြောင်းတို့ကို တိုက်ခိုက်ခဲ့သဖြင့် အရပ်သားသေဆုံးမှုများ၊ ထွက်ပြေး တိမ်းရှောင်ရမှုများနှင့် ကုန်သွယ်ရေး ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ရသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ၎င်းတို့ လှုပ်ရှားနယ်မြေအတွင်း တပ်မတော်က အင်အား အလုံးအရင်းဖြင့် ဖိအားပေး ထိုးစစ်ဆင် နေခြင်းကြောင့် လုပ်ရခြင်းဖြစ်ကြောင်း NAB အဖွဲ့ဝင် အဖွဲ့အစည်းများက အကြောင်းပြချက် ပေးသည်။

ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၏ ပြောရေး ဆိုခွင့်ရှိသူ မိုင်းအိုက်ကျော် က “ကျနော်တို့ နေတဲ့ တောတွင်းအထိကို တပ်မတော်ဘက်က ထိုးစစ်တွေ ပြုလုပ်တယ်။ အတွင်းပိုင်းအထိ တော်တော် များများ နေရာယူ ထားတယ်။ ဒါကြောင့်မို့ လမ်းမပေါ်အထိ ထွက်တိုက်ရတာဖြစ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကလည်း မြောက်ပိုင်းမဟာမိတ် အင်အားစုများအနေဖြင့် ဌာနေမျိုးနွယ်စုများ သေကျေထိခိုက်စေပြီး အပြစ်မဲ့ပြည်သူများ ဒုက္ခကြုံတွေ့စေသော လက်နက်ကိုင် တိုက်ခိုက်မှုများ ကို စွန့်လွှတ်၍ ငြိမ်းချမ်းရေး စားပွဲဝိုင်းသို့ဦးတည်ကြရန် မတ်လ ၆ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သေးသည်။

ဦးဇော်ဌေး က “အဓိက ဦးတည်ချက်က ဘာလဲဆိုတာ စဉ်းစားဖို့လိုတယ်။ ဒီတိုက်ခိုက်မှုတွေကြောင့် လမ်းကြောင်း တွေ ပိတ်သွားတယ် ဆိုရင် ဘယ်သူ ဒုက္ခရောက်လဲ။ တပ်မတော်ကို ဒုက္ခရောက်အောင် လုပ်တာမဟုတ်ဘူး။ အထူး သဖြင့် ကုန်သွယ်ရေး လမ်းကြောင်း ပိတ်ဆို့အောင် လုပ်တယ်ဆိုတဲ့ အနေအထားကို ရောက်သွားတယ်။ ရောက်သွား တာနဲ့ ဒီအပေါ်မှာ ပြည်သူလူထုရဲ့သဘောထားတွေက သူတို့ မျှော်မှန်း ထားသလို ဖြစ်လာချင်မှ ဖြစ်လာမယ်” ဟု ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မြန်မာ-တရုတ် နယ်စပ်တလျှောက်တွင် ဖြစ်ပွားနေသော တိုက်ပွဲများ ရပ်ရန် တရုတ်နိုင်ငံ နိုင်ငံခြားရေး ဌာန အာရှရေးရာ အထူး သံတမန် မစ္စတာ ဆွန်ကော့ရှန် (Sun Guoxiang) က မြောက်ပိုင်း မဟာမိတ် အဖွဲ့များကို မတ်လ ၁၄ ရက်နေ့က တွေ့ဆုံခဲ့သည်။

ယင်းသို့တွေ့ဆုံပြီး နောက်တနေ့တွင် ရှမ်းပြည်နယ် မြောက်ပိုင်း မော်လထိုက်မြို့ပေါ် တပ်မတော်စခန်းကို ပစ်ခတ် တိုက်ခိုက်မှုများ ထပ်မံပြုလုပ်ခဲ့သည်။

ထိုတိုက်ခိုက်မှုတွင် တပ်မတော် တပ်စခန်းအပြင် အခြေခံပညာ အထက်တန်းကျောင်း တကျောင်းကိုလည်း ထိမှန်ခဲ့ သည်ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ ဒုဥက္ကဋ္ဌ နိုင်ဟံသာက မြန်မာပြည်မြောက်ပိုင်း တွင် ဖြစ်ပေါ်နေသော တိုက်ပွဲများကို ရပ်၍ နိုင်ငံရေးအရ စားပွဲဝိုင်းပေါ်တွင် ဆွေးနွေးအဖြေရှာစေလိုကြောင်း စစ်ရေး အရ ဖြေရှင်း နေမည်ဆိုလျှင် ပြဿနာ ပိုမိုကြီးထွား လာနိုင်ကြောင်း ပြောသည်။

“နိုင်ငံရေးအရ ဖြေရှင်းရင် အကောင်းဆုံးပဲလေ။ နိုင်ငံရေးအရ ဖြေရှင်းရင် စစ်ရေးကို နှစ်ဖက်စလုံး ရပ်လိုက်ပါ။ ရပ်ပြီး တော့မှ နိုင်ငံရေးအရ ဖြေရှင်းပါ။ ဒါက နိုင်ငံရေး ပြဿနာ ဖြစ်တာကို နိုင်ငံရေးအရ ဖြေရှင်းရင် နားလည်မှု ရနိုင်တယ် လို့ ကျနော်တို့ မြင်တယ်။ ပြေလည်နိုင်မယ်လို့လည်း ကျနော်ယုံကြည်တယ်” ဟု ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ် သော UNFC ဗဟို ကော်မတီ အရေးပေါ် အစည်းအဝေး အပြီးတွင် ၎င်းက သတင်းထောက်များကို ပြောပြသည်။

NAB သည် ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်မှ စတင်၍ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် စစ်ဆင်ရေး ပြုလုပ်ခဲ့ပြီး အဆိုပါ စစ်ဆင်ရေးတွင် တပ်မတော် တပ်စခန်းများ၊ ရဲစခန်းများ အပြင် အရပ်သားများ နေထိုင်သည့် မြို့ပေါ်နှင့် မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်ရေး လမ်းကြောင်းတို့ကိုလည်း တိုက်ခိုက်ခဲ့သေးသည်။

NAB တွင် ကချင် လွတ်လပ်ရေး အဖွဲ့ (KIA)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – ကိုးကန့်အဖွဲ့ (MNDAA) နှင့် ရက္ခိုင့် တပ်မတော် (AA) တို့ ပါဝင်ပြီး ထိုအဖွဲ့များသည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ထိုး ထားခြင်း မရှိသေးပေ။

Did you find apk for android? You can find new Free Android Games and apps.
Loading