သတင်း

ကိုးကန့်တိုက်ပွဲ ပြင်းထန်လာပြီး ဒုက္ခသည်များ ထွက်ပြေးနေ

ပြီးခဲ့သည့် အပတ်အတွင်းက ရှမ်းပြည်နယ် ကိုးကန့်ဒေသတွင် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA) နှင့် မြန်မာ့ တပ်မတော် တို့ကြား တိုက်ပွဲများ စတင်ခဲ့ပြီးနောက်ပိုင်းတွင် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ရှိ ဒုက္ခသည် စခန်းတခုက တဖြည်းဖြည်းချင်း ပိုမိုကြီးမားလာသည်။ တောင်ကုန်းတောင်တန်းများ၏ အလွန်မှ ပဲ့တင်ထပ် နေသော မော်တာ ပစ်သံတွေကို ကြားနိုင်လောက်သည့် နယ်စပ်တဘက်မှ နေရာလည်း ဖြစ်ပါသည်။

ယူနန်ပြည်နယ် အနောက်တောင်ပိုင်းမှ တောင်ကုန်းများ ထူထပ်သည့် အဆိုပါနေရာသို့ မကြာသေးခင်က ရိုက်တာ သတင်းဌာန ရောက်ရှိခဲ့သည့် အချိန်တွင် အကူအညီပေးရေးလုပ်သားများ နှင့် စစ်ရှောင်ဒုက္ခသည်များက ကိုးကန့်ဒေသ တွင် ၂၀၁၅ ခုနှစ် အစောပိုင်းက ပေါ်ပေါက်ခဲ့သည့် ပဋိပက္ခထက် ပိုမိုကြီးမားသော ပဋိပက္ခ ဖြစ်လာမည်ကို စိုးရိမ် ကြောင်း ပြောကြားခဲ့ကြသည်။

“နေ့တိုင်း လူတွေပိုပြီး ရောက်လာတယ်” ဟု စခန်းမှ အကူအညီပေးရေး မန်နေဂျာတဦး ဖြစ်သော Li Yinzhong က မြန်မာနိုင်ငံ ကိုးကန့်ဒေသမှ ဟန်တရုတ်လူမျိုး အများစုဖြစ်သည့် စစ်ရှောင် ဒုက္ခသည်များကို ပြရင်းပြောသည်။ ဗွက်ထ နေသည့် နီညိုရောင်မြေပြင်ပေါ်တွင် အပြာရောင်တဲများ တန်းစီရှိနေပြီး ဒုက္ခသည်များက တဲများထဲတွင် နိုင်လွန် တာပေါ် လင်စများ ခင်း၍ အိပ်စက်ကြရသည်။

“သူတို့ ပြန်သွားဖို့ ဆုံးဖြတ်တဲ့ အချိန်အထိ ကျနော်တို့က စောင့်ရှောက်ထားပါမယ်။”

တရုတ်နိုင်ငံက ထောက်ပံ့ပေးထားသည့် အပြာရောင် ကယ်ဆယ်ရေးတဲများက Nansan သို့ သွားသည့် လေထန်သော တောင်ပေါ်လမ်းဘေးတွင် လှေခါးထစ်စိုက်ပျိုးနည်း ဖြင့်စိုက်ပျိုးထားသော ကြံခင်း၊ ပြောင်းခင်း နှင့် လက်ဖက်ခင်းများ ကြားတွင် ရှိနေသည်။ ကိုးကန့် ဒေသနှင့် နီးကပ်သော Nansan မြို့က ထောက်ပံ့ ပေး ထားသည့် ဒုက္ခသည် အရေ အတွက်က ၂၀၀၀၀ ကျော်မည်ဟု တရုတ် အာဏာပိုင်များက ခန့်မှန်းထားသည်။

ယခုပေါ်ပေါက်လာသော ပဋိပက္ခက မြန်မာနိုင်ငံမှ လူနည်းစု တိုင်းရင်းသား အားလုံးပါဝင်သော ငြိမ်းချမ်းရေးသဘောတူ ညီချက်ရရှိရန် ကြိုးစားနေသော နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ အားထုတ်မှုများ အတွက် ထိုး နှက်ချက်တခု ဖြစ်လာခဲ့သည်။ အချို့ တိုင်းရင်းသား အဖွဲ့များက လက်နက်ကိုင် တော်လှန်နေခဲ့ကြသည်မှာ ဆယ်စုနှစ် များ စွာ ရှိခဲ့ပြီ ဖြစ်သည်။

ထို့ပြင် တရုတ်-မြန်မာ ဆက်ဆံရေးကိုလည်း ထိခိုက်စေခဲ့သည်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံကို သူတို့ နှင့် ဥရောပကြား တွင် စီးပွားရေး လမ်းကြောင်းများ ဗျူဟာမြောက်ဆက်သွယ်မှု မြှင့်တင်နိုင်ရန် ရည်ရွယ်ထားသော ခေတ်သစ် ပိုးလမ်းမ စီမံကိန်း အတွက် အဓိက လမ်းပေါက်တခု ဖြစ်လာရန် မျှော်လင့်ထားသည်။

ကိုးကန့်ဒေသက တရုတ်နိုင်ငံ နှင့် အနီးကပ် ဆက်သွယ်မှုရှိသည်။ လူဦးရေ အများစုမှာ တရုတ်စကားပြောသော တရုတ် လူမျိုးများ ဖြစ်ကြပြီး ငွေကြေးအဖြစ် ယွမ်ငွေကို အသုံးပြုကြသည်။

စစ်တလင်းပြင်

MNDAA က မတ်လ ၆ ရက်နေ့တွင် လောက်ကိုင်မြို့ရှိ မြန်မာ ရဲတပ်ဖွဲ့နှင့် စစ်ရေး ပစ်မှတ်များကို ရုတ်တရက် တိုက်ခိုက်မှု များ ပြုလုပ်ခဲ့ပြီးနောက်ပိုင်းတွင် ကိုးကန့် ဒေသမှလူများ စတင်ထွက်ပြေးခဲ့ကြသည်။ တိုက်ခိုက်မှု ကြောင့် လူ ၃၀ သေဆုံး ခဲ့ရသည်။

ပြီးခဲ့သည့် ၂ အတွင်းတွင် မြန်မာ့တပ်မတော်က အမြောက်များ၊ သံချပ်ကာကားများ နှင့် လက်နက်ကြီးများကို အသုံးပြု၍ တိုက်ခိုက်မှု အကြီးစား နှင့် အငယ်စား စုစုပေါင်း ၅၆ ကြိမ်ပြုလုပ်ခဲ့ကြောင်း မတ်လ ၆ ရက်နေ့ နောက်ပိုင်းတွင် ထုတ်ပြန် ခဲ့သည့် ကျေညာချက်တခု အရသိရသည်။

တိုင်းရင်းသားလက်နက်ကိုင်များက ကိုးကန့်ဒေသကို ထိန်းချုပ်နိုင်ရန် အတွက် RPG လောင်ချာများ နှင့် အခြား စစ်လက်နက်ပစ္စည်းများကို အသုံးပြ၍ အစိုးရတပ်ဖွဲ့များကို တိုက်ခိုက်ခဲ့ကြသည်။

မတ်လ ၁၂ ရက်နေ့တွင် MNDAA က သူတို့၏ တရားဝင် ဝက်ဘ်ဆိုက်တွင် အရေးပေါ်အသိပေးချက် တခုထုတ်ပြန်ခဲ့ပြီး တိုက်ပွဲများ ပိုမိုပြင်းထန်လာသည့် အတွက် ကိုးကန့်ဒေသသည် စစ်နယ်မြေ တခုအခြေအနေတွင် ရှိနေကြောင်း ဖော်ပြခဲ့ သည်။

တရုတ်နိုင်ငံဘက်ခြမ်းတွင်မူ လုံခြုံရေးတပ်ဖွဲများတွင် စစ်ကူအဖြစ် တပ်ရင်းများ ထပ်မံစေလွှတ်ထားပြီး အများစုမှာ ကယ် ဆယ်ရေး အတွက်ဖြစ်သည်ဟု တရုတ်အစိုးရ အရာရှိများက ပြောကြသည်။

မြန်မာနိုင်ငံဖက်သို့သွားသော တောင်ပေါ်လမ်းအတိုင်း တရုတ် သံချပ်ကာ လူတင်ယာဉ် ၇ စီး အနောက်ဖက်သို့ မောင်းနှင် သွားသည်ကို ရိုက်တာ သတင်း အဖွဲ့က မြင်တွေ့ခဲ့ရသည်။ ဘောလုံးကွင်း ၁၀ ကွင်းစာ လောက် အရွယ်အစား ရှိမည့် ရွှံ့နွံထူသည့် မြေပေါ်မှ ဒုက္ခသည်စခန်း ကိုလည်းမြင်ခဲ့ရသည်။

၂၀၁၅ ခုနှစ် အစောပိုင်း နှင့် ၂၀၀၉ ခုနှစ်တို့တွင်လည်း MNDAA နှင့် ပတ်သက်သည့် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ၂ ကြိမ်လုံး တွင် ထောင်နှင့် ချီသော ပြည်သူများ နေအိမ်စွန့်၍ ထွက်ပြေးခဲ့ကြရသည်။

တရုတ်နိုင်ငံဘက်သို့ လက်နက်ကျည်ဆံများ ကျရောက်ခြင်းများ ရှိခဲ့ပြီး ၂၀၁၅ ခုနှစ်က တိုက်ပွဲများ အတွင်းတွင် တရုတ်နိုင်ငံသား ၅ ဦး သေဆံခဲ့ရသည်။

ယခုတကြိမ်တွင်လည်း ကျေးရွာတရွာမှ အိမ်တံခါးတခု ပျက်စီးခဲ့ရပြီး Nansan မြို့ရှိ Anran ဟိုတယ် အပေါ်ထပ်သို့လည်း ကျည်ဆံများ ကျရောက်လာသည့် အတွက် ဟိုတယ်ပိတ်လိုက်ရသည်ဟု ဒေသခံများ နှင့် တာဝန် ရှိသူ တဦးကပြောသည်။ သို့သော်လည်း အဆိုပါကိစ္စများကို ရိုက်တာက စုံစမ်းမှုမပြုလုပ်နိုင်ခဲ့ပါ။

“တကယ်လို့ ၂၀၁၅ ခုနှစ်က အဆင့်လောက်အထိရောက်သွားရင် တရုတ်နိုင်ငံက အရမ်း ဒေါသဖြစ်ပါလိမ့်မယ်” ဟု ဝါ ရှင်တန်မြို့မှ Stimson Center မှ တရုတ်-မြန်မာဆက်ဆံရေး ကျွမ်းကျင်သူ တဦးဖြစ်သည့် Yun Sun ကပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ပြီးခဲ့သည့် သြဂုတ်လ အတွင်းက စတင်ဆောင်ရွက်ခဲ့သည့် အားလုံး ပါဝင်သော ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးမှုတွင် တရုတ်အစိုးရက ကိုးကန့် အဖွဲ့ကို ပါဝင်စေလိုသည်ဟု သူကဆိုသည်။

သို့သော်လည်း မြန်မာတပ်မတော်က ပါဝင်ရေးကို ပိတ်ပင်ထားခဲ့ပြီး လက်နက်ကိုင်များ အနေဖြင့် သူတို့၏ လက်နက်များ ကို စွန့်လွှတ်ပြီးမှ ပါဝင်နိုင်သည်ဟု ပြောကြားခဲ့သည်။

“တကယ်တော့ တရုတ်နိုင်ငံက ဆွေးနွေးညှိနှိုင်းမှုတွေမှာ ကိုးကန့်အဖွဲ့ပါဝင်ရေးကို ဗျူဟာအရရော ပုဂ္ဂလိက အနေနဲ့ရော ထောက်ခံပါတယ်။ ဒါပေမယ့် သူတို့ အဲဒါကို ပြောလို့ မရဘူး” ဟု Yun Sun ကပြောသည်။

မငြိမ်းချမ်းသေး

တိုက်ပွဲများ စတင်ခဲ့သည့်နေ့ မနက် ၃ နာရီ ခန့်တွင် ကျယ်လောင်သော ပေါက်ကွဲသံများ နှင့် သေနတ်သံများကြောင့် Cao မိသားစု အိပ်ယာမှ နိုးလာခဲ့ပြီး အလင်းရောင်ပေါ်လာသည် နှင့် ပစ္စည်းအနည်းငယ်ကို ယူပြီး သူတို့ ထွက်ပြေးခဲ့ကြသည်။

“ကျနော် အရမ်းကြောက်ခဲ့တယ်” ဟု Cao Junxiang ကပြောသည်။ သူက နောက်တွဲများတပ်ဆင်ထားသည့် ဆိုင် ကယ် ၄ စီး ပါသော အဖွဲ့နှင့် အတူ ထွက်ပြေးခဲ့သူ ဖြစ်သည်။ တရုတ်နိုင်ငံသို့ ဦးတည်ထွက်ပြေးနေသည့် ဂျစ်ကားများ၊ ကုန် တင်ကားများ၊ ဘတ်စ်ကားများ၊ လှည်းများ၊ မော်တော်ဆိုင်ကယ်များ နှင့် အတူ ၁၅ နာရီနီးပါး လာခဲ့ရသည်။

“ရွာမှာ လူတဝက်ကျော် ကျန်ခဲ့တယ်” ဟု သူကပြောသည်။ အခြားသူများကတော့ တရုတ်ကျေးလက် အိမ်တလုံးရှေ့က ကွက်လပ်ကို ယာယီခိုလှုံစရာ အဖြစ်ပြောင်းလဲထားသော နေရာတွင် စုပြုံနေကြသည်။

အသက် ၄၉ နှစ်အရွယ် အမျိုးသမီး အိမ်ထောင်ဦးစီး တယောက်ဖြစ်သည့် Yao Xiao’er က တိုက်ခိုက်သံများကို ပထမဆုံး ကြားသည် နှင့် ချက်ချင်း ပင် လယ်ယာသုံး ယာဉ် များကို နယ်စပ်ဖြတ်ကျော်၍ စေလွှတ်ခဲ့ကြောင်း ပြောသည်။ နောက်ဆုံး တွင် သူ၏ မိတ်ဆွေ နှင့် ဆွေမျိုး ၁၀၀ နီးပါးကို ကယ်တင်နိုင်ခဲ့သည်။ အသက် ၂ နှစ် အရွယ် ကလေး တဦး နှင့် မျက်စေ့ ကောင်းစွာ မမြင်သည့် ဆွေမျိုးစု အကြီးအကဲ အသက် ၉၀ ကျော် အဖွားအိုတဦး အပါအဝင် ဖြစ်သည်။

ကလေးကို ကျောပိုးထားသော လူငယ်မိခင်တဦးက ဒုက္ခသည် အများစုမှာ စားဝတ်နေရေး အတွက် ကျပမ်း အလုပ် များ လိုက်လံရှာဖွေနေကြသည် ပြောသည်။

“ကျမတို့မှာ ပိုက်ဆံ မရှိဘူး။ အဲဒါကြောင့် ကျမတို့ထဲက တချို့က ကြံခုတ်ကြတယ်။ ကြံ အချောင်း ၂ဝကို အခွံခွာ၊ အမြစ် တွေ ဖယ်ပြီး ခုတ်ပေးရင် ၁ ယွမ်ရတယ်” ဟု သူကပြောသည်။

တရုတ်လေဆိပ်တခု ဖြစ်သည့် Lincang နှင့် မြန်မာနယ်စပ်မှ လောင်းကစားမြို့တော် လောက်ကိုင်တို့ ကြားတွင် ပုံမှန် ပြေး ဆွဲနေသည့် တရုတ် အငှားယာဉ်မောင်း တဦးက သူ၏ စီးပွားရေး အဆင်မပြေတော့ကြောင်း ပြောသည်။

“ဘယ်သူမှ ဒီကို မလာတော့ဘူး။”

Loading