ဒဂုံမြို့သစ်တောင်ပိုင်းရှိ ပျဉ်းကတိုးခင်း၊ သွပ်မိုးနေအိမ်တလုံး အလုံးလိုက်ခိုးယူခံရမှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး ရောင်းချသွားသည့် သံသယတရားခံ တဦးကို ဖမ်းမိထားပြီး အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။
ထိုနေအိမ်ကို ရောင်းချခဲ့သည့် သံသယတရားခံ ညဏ်ထွန်းခေါ် ကုလားပုကို မတ် ၁၉ ရက်က ဖမ်းဆီးရမိခဲ့ပြီး ပုဒ်မ ၃၇၉ (ခိုးမှု) ဖြင့် အမှုဖွင့်ထားပြီး ရမန်ယူစစ်ဆေးနေကြောင်း တောင်ဒဂုံရဲစခန်းမှ တာဝန်ကျ ရဲဝန်ထမ်းတဦးက ပြောသည်။
ဖြစ်စဉ်မှာ မတ် ၁၈ ရက်က ဒဂုံမြို့သစ်တောင်ပိုင်း၊ ၂၅ ရပ်ကွက်၊ ပြည်ထောင်စု လမ်းမပေါ်ရှိ လွန်ခဲ့သည့် ၁၀ နှစ် ခန့်က ဝယ်ယူထားသော နေအိမ်ဟောင်းရှေ့မှ ဖြတ်သန်းသွားစဉ် ကြည့်မိရာမှ နေအိမ်အလုံးလိုက် ပျောက်ဆုံးနေသည်ကို တွေ့ရှိခဲ့ရပြီး တောင်ဒဂုံရဲစခန်းသို့ အမှုဖွင့် တိုင်ကြားခဲ့ကြောင်း ထိုအိမ်ပိုင်ရှင်ဖြစ်သူ ဦးလူမော်က ပြောသည်။
ထိုအိမ်ဘေး ပတ်ဝန်းကျင်ရှိ လူများ၏ ပြောဆိုမှုများအရ အခင်းဖြစ်နေအိမ်ကို မတ် ၁၇ နံနက်ပိုင်း၌ လူ ၁၀ ဦးခန့် လာရောက်ဖျက်ယူပြီး ကားဖြင့်သယ်ဆောင်သွားသည်ဟု တွေ့ရှိရကြောင်း ၎င်းက ဆက်ပြောသည်။
အခင်းဖြစ်ပွားမှုနှင့် ပတ်သက်ပြီး ဖြစ်စဉ်ကို ဦးလူမော်က မတ် ၁၈ ရက်တွင် လူမှုကွန်ရက် ဖေ့ဘုတ်စာမျက်နှာသို့ တင်ခဲ့ပြီး သူငယ်ချင်းများကတဆင့် ပြန်လည်မျှဝေမှုကြောင့် လူအများအပြား သိရှိသွားကြောင်းနှင့် အိမ်ဖျက်ဝယ်ယူခဲ့သူ ကိုယ်တိုင်လည်း သိရှိသွားပြီး ရဲစခန်းသို့ သွားရောက်ပြောပြချက်အရ ရောင်းချသူဟု ဆိုသူကို လက်ရှိအချိန်တွင် ဖမ်းဆီးထားခြင်း ဖြစ်သည်ဟု သိရသည်။
အလုံးလိုက် ခိုးယူခံရသည့်အိမ်သည် အိမ်ပိုင်ရှင်ဦးလူမော် လက်ရှိနေထိုင်သည့် နေအိမ်နှင့် ကားဖြင့်သွားမည် ဆိုပါက သုံးမိနစ်ခန့်သာ ကွာဝေးကြောင်း သိရသည်။
နေအိမ် အလုံးလိုက် ခိုးယူခံရမှု ဖြစ်စဉ်နှင့် ပတ်သက်၍ တောင်ဒဂုံရဲစခန်းတွင် တရားခံတဦး ဖမ်းဆီးရမိထားပြီ ဖြစ်သော်လည်း ကွင်းဆက်တရားခံများကို ဆက်လက်ဖော်ထုတ် ပေးစေလိုကြောင်း ဦးလူမော်က ဆက်ပြောသည်။
“အခု တယောက်မိတယ် ပြောတယ်။ အိမ်ဖျက်တဲ့သူက ဒီလူ့ဆီက ဝယ်ပါတယ်ဆိုပြီး ပြောတော့ သူ့ပြပြီး ဖမ်းလိုက်တာပဲ။ ဒီကိစ္စက လူတယောက်တည်းနဲ့ လုပ်တယ်လို့ မယူဆဘူး။ အခု ရဲက ခိုးမှုနဲ့ ဖွင့်ထားတယ်။ တရားစွဲဆိုဖို့ ဆက်ဆောင်ရွက် နေတယ်ဆိုတာ မဖြစ်သင့်ဘူး။ ဆက်ပြီး စုံစမ်းစစ်ဆေးဖို့ လိုအပ်နေသေးတယ်” ဟု ကိုလူမော်က ဆိုသည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး ရန်ကုန်တိုင်း ဒေသကြီး၊ တောင်ဒဂုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက “ဒီဟာက လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို ကြည့်မယ်ဆိုရင် အင်မတန်မှ စိတ်မသက်သာစရာကြီးလို့ မြင်တယ်။ အိမ်တွင်းထဲက ပစ္စည်းတင် မဟုတ်ဘူး။ အိမ်အလုံးလိုက်ပါ ခိုးယူသယ်သွားတယ်ဆိုတော့ တော်တော်လေးကို စိတ်ခြောက်ခြား တုန်လှုပ်စရာ ဖြစ်သွားတယ်။ ကာယကံရှင်တွေ အနေနဲ့က လွယ်လင့်တကူ ပြီးသွားတယ်ဆိုတာမျိုး မဟုတ်ဘဲ ကွင်းဆက်အဖွဲ့အစည်းနဲ့ လုပ်တာလားဆိုတာကို ဆောင်ရွက်စေချင်တယ်” ဟု ပြောသည်။