ဘာသာ၊ သာသနာ ညိုးနွမ်းစေရန်အကြံနှင့် မမှန်မကန် ပြောဆိုသည်ဟုဆိုကာ Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်း ကို ကြည့်မြင်တိုင်မြို့နယ်မှ ကိုသက်မျိုးဦး ဆိုသူက ကျောက်တံတားမြို့နယ် တရားရုံးတွင် ဦးတိုက် လျှောက်ထားကြောင်း ကိုဆွေဝင်း၏ ဥပဒေအကြံပေး ဦးခင်မောင်မြင့် က ပြောသည်။
ကိုဆွေဝင်းက ၎င်းအား ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်တိုင်ကြား ခံထားရမှုနှင့် ပတ်သက်ပြီး Myanmar Now ရုံး၌ မတ်လ ၈ ရက်နေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး ထိုသတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများအား ပြောဆိုခဲ့သော စကားအချို့ကို ကောက်နှုတ်၍ တိုင်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။
ဦးခင်မောင်မြင့် က “သူတို့ရဲ့ တိုင်ကြားချက်မှာတော့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုတဲ့ စကားလုံးတွေသည် ဘာသာ သာသနာ ညိုးနွမ်းစေသောကြောင့် ရာဇသတ်ကြီး ဥပဒေ တခုခုအရ အရေးယူပေးပါလို့ ဒီလိုတိုင်တာ” ဟု ဧရာဝတီသို့ ပြောသည်။
ထိုအချက်နှင့် ပတ်သက်ပြီး ကိုသက်မျိုးဦး ဆိုသူက မတ်လ ၁၉ ရက် နေ့တွင် ကျောက်တံတား ရဲစခန်းတွင် ကနဦး တိုင်ကြား ခဲ့သော်လည်း ရဲစခန်းမှ ထိုအမှုသည် ရဲအရေးမပိုင်သဖြင့် တရားရုံးသို့ ဦးတိုက်လျှောက်ထားရန် ညွှန်ပြခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောက်တံတား မြို့နယ် တရားရုံးက ကိုသက်မျိုးဦး၏ ဦးတိုက်လျှောက်လွှာကို လက်ခံခဲ့ပြီး စွပ်စွဲတိုင်ကြားချက် များသည် ခိုင်လုံခြင်းရှိမရှိ စစ်ဆေးရန် ရဲစခန်းသို့ တာဝန် ပြန်ပေးလိုက်ကြောင်း၊ ဧပြီလ ၃ ရက်နေ့တွင် တင်ပြရန်အတွက် ရုံးချိန်း ပေးလိုက်ကြောင်း သိရသည်။
“ရုံးချိန်းပေးလိုက်တော့ ရဲတင်ပြမှု၊ စုံစမ်းမှုအပေါ်မှာ မူတည်ပြီးတော့ တရားသူကြီးက တိုင်ကြားချက်တွေသည် အခြေအမြစ် မရှိဘူး၊ ခိုင်လုံမှုမရှိဘူး ဆိုရင် ပလပ်တဲ့ အမိန့်ချပါမယ်။ တိုင်ကြားချက်တွေကို ကိုဆွေဝင်းအနေနဲ့ ဖြေရှင်းရန် ဝတ္တရား ရှိတယ်လို့ တရားသူကြီးက ယူဆတယ်ဆိုရင်တော့ တရားသူကြီးက ဖမ်းဝရမ်းထုတ်ပါမယ်။ အမှုစွဲပြီး တင်ပါမယ်။ အမှုရဲ့ သဘာဝအရ အာမခံ မပေးနိုင်တဲ့ အတွက် ကိုဆွေဝင်းက အချုပ်လွတ် ထုချေခွင့် မရဘူးအချုပ်ထဲကနေပဲ ထုချေ ဖြေရှင်းရပါမယ်” ဟု ဦးခင်မောင်မြင့် က ရှင်းပြသည်။
တိုင်ကြားခံရပြီးနောက် သတင်းစာရှင်းလင်းပွဲတွင် ကိုဆွေဝင်း ပြောကြားခဲ့သော အချက်များနှင့် ပတ်သက်ပြီး ၎င်းတို့ အနေဖြင့် ပြန်လည် စိစစ်မှုများ ပြုလုပ်ခဲ့ကြောင်း ဘာသာ၊ သာသနာကို ထိခိုက်ညိုးနွမ်းစေရန် ပြောဆိုထားခြင်း မရှိသည်ကို တွေ့ရှိရ ကြောင်း၊ ထိုသို့ စစ်ဆေး တွေ့ရှိချက်များ နှင့်ပတ်သက်၍ သတင်း မီဒီယာကောင်စီထံ စာတင်ထားကြောင်း ဦးခင်မောင်မြင့် ကပြောသည်။
ထို့အတူ အကယ်၍ ကိုဆွေဝင်း အနေဖြင့် ဖြေရှင်းရန် လိုအပ်ကြောင်း တရားရုံးမှ ဆင့်ခေါ်ခဲ့လျှင် ခုခံဆောင်ရွက်နိုင်ရန်အတွက် တရားလွှတ်တော် ရှေ့နေကြီး ဦးကြည်မြင့် ကို ငှားရန်းထားပြီး ဥပဒေအကြောင်း အရ ခုခံနိုင်ရေးအတွက် အမှုနှင့် ပတ်သက်သည့် အချက်အလက်များကို ပြင်ဆင်နေပြီ ဖြစ်ကြောင်း သိရသည်။
ကိုဆွေဝင်းကို အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (မဘသ) ဆရာတော် ဦးဝီရသူ ၏ တပည့် ဦးကျော်မျိုးရွှေ ဆိုသူ ကလည်း ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် မန္တလေးမြို့ မဟာအောင်မြေမြို့နယ် အမှတ် ၇ ရဲစခန်းတွင် မတ်လ ၇ ရက် နေ့က အမှုဖွင့်ဆိုထားသည်။
ယင်းသို့ တိုင်ကြားခံရပြီးနောက် မတ်လ ၁၄ ရက်နေ့ညက စမ်းချောင်းမြို့နယ် မြောင်းမြလမ်းထိပ်တွင် ကိုဆွေဝင်း ကို အမျိုးသား သုံးဦးက ခြိမ်းခြောက် နှောင့်ယှက်ခဲ့ရာ ကျူးလွန်ခဲ့သူများအား အရေးယူနိုင်ရန် စမ်းချောင်း မြို့နယ် တရားရုံးသို့ ဦးတိုက် လျှောက်ထားခဲ့ရသေးသည်။
ကိုဆွေဝင်းသည် အင်းဝအပ်ချုပ်ဆိုင်၌ အလုပ်သမများ ညှင်းပန်းနှိပ်စက်မှုကို ဖော်ထုတ်ရေးသားခဲ့သူဖြစ်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ဥပဒေရေးရာ အကြံပေးအဖွဲ့ဝင် ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှု သတင်းတို့ကို ဖော်ထုတ် ရေးသား မှုများတွင် လူသိများလာခဲ့သူ ဖြစ်သည်။