သတင်း

ဘင်္ဂါလီများကို ဥပဒေနှင့် မညီဘဲ နိုင်ငံသားကတ် ထုတ်ပေးနေမှုအပေါ် ကန့်ကွက်ဆန္ဒပြ

ဘင်္ဂါလီများကို ၁၉၈၂ နိုင်ငံသား ဥပဒေနှင့် ညီညွတ်မှုမရှိဘဲ နိုင်ငံသား စိစစ်ရေးကတ်ပြားများ ထုတ်ပေးနေမှုကို ချက်ချင်းရပ်တန့်ပေးရန် ရခိုင်ပြည်နယ် ဒေသခံများက စစ်တွေမြို့၊ ဝင်္ကပါကွင်း၌ ကန့်ကွက်ဆန္ဒပြလျက် ရှိသည်။

ဆန္ဒပြပွဲကို အနောက်တံခါးဒေသ ကူညီစောင့်ရှောက်မှုအဖွဲ့ (စစ်တွေ) က ဦးဆောင်ပြုလုပ်ခြင်း ဖြစ်ပြီး၊ မတ်လ ၂၀ ရက်က စတင်ပြုလုပ်ကြောင်းနှင့် ဆန္ဒပြပွဲကို မတ်လ ၂၄ ရက်အထိ ၅ ရက်တိုင်တိုင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ဆန္ဒဖော်ထုတ်ရေး ကော်မတီဝင် ဦးအောင်ဌေးက “ မနေ့က စပြတာ။ အဓိကအကြောင်းရင်းက ဘင်္ဂါလီတွေကို ၁၉၈၂ နိုင်ငံသား ဥပဒေနဲ့ ညီညွတ်မှု မရှိဘဲ၊ တိကျခိုင်မာမှု မရှိဘဲ နိုင်ငံသားအဖြစ် အသိအမှတ်ပြု ကတ်ပြားတွေ ထုတ်ပေးနေတဲ့အပေါ် ကျနော်တို့ ကန့်ကွက်ဆန္ဒပြတယ်” ဟု ဆိုသည်။

ဆန္ဒပြပွဲသို့ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ ရသေ့တောင် မြို့နယ်တို့မှ ဒေသခံ လူထုကိုယ်စားလှယ် ၂၀၀ ခန့် ပူးပေါင်း ပါဝင်ကြောင်း ၎င်းက ဆက်ပြောသည်။

ဆန္ဒပြသူများက ၁၉၈၂ နိုင်ငံသား ဥပဒေအတိုင်း မှန်ကန်တိကျစွာ စစ်ဆေးမှု မရှိဘဲ ဘင်္ဂါလီများကို နိုင်ငံသားဖြစ်ခွင့် မပြုရေး၊ ဥပဒေနှင့်မညီဘဲ ထုတ်ပေးထားသည့် နိုင်ငံသားစိစစ်ရေးကတ်များကို ပြန်လည်သိမ်းဆည်းပေးရေး၊ နိုင်ငံသားဥပဒေကို လိုက်နာမှုမရှိဘဲ ချိုးဖောက်သည့် လဝကဝန်ထမ်းများကို တရားစွဲဆို အပြစ်ပေးရေးနှင့် နိုင်ငံသားစိစစ်ရေး ကော်မတီများတွင် တိုင်းရင်းသား ကိုယ်စားလှယ်များ ပါဝင်ခွင့် ရရှိရေးဟူသည့် အချက် ၄ ချက်ကို အဓိက တောင်းဆိုကြသည်။

လက်ရှိအချိန်၌ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအရ ကိုက်ညီမှုရှိသည့် ရခိုင်ပြည်နယ်၊ မောင်တောဒေသမှ ဘင်္ဂါလီ ၅၃ ဦးကို နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးထားကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၏ စာရင်မှတ်တမ်းများအရ သိရသည်။

ဦးအောင်ဌေးက “လက်ရှိက ၅၃ ဦးကို ထုတ်ပေးထားတယ်ဆိုတာ အတိအကျ သတင်းရထားတယ်။ နောက်ထပ်လည်း ပေးမယ်ဆိုပြီး သတင်းရထားတယ်။ ကျနော်တို့က နိုင်ငံသားစိစစ်ရေး လုပ်ရာမှာ ဒေသခံလူထုကိုယ်စားလှယ် မပါဘဲနဲ့ လုပ်ဆောင်နေရင် ပြဿနာတွေ အများကြီး ဖြစ်ပေါ်နိုင်တယ်ဆိုပြီး ကန့်ကွက်ဆန္ဒဖော်ထုတ်နေတာပါ” ဟု ဆိုသည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က နိုင်ငံသား စိစစ်ရေးကတ်များ ထုတ်ပေးရာတွင် ရခိုင်ပြည်နယ်ရှိ နိုင်ငံသား စိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (NVC) ကိုင်ဆောင်ထားသူများထဲမှ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေနှင့် အကျုံးဝင်သူများကိုသာ ထုတ်ပေးခြင်းဖြစ်ကြောင်း ဧရာဝတီကို ပြောသည်။

“NVC ကတ် ထုတ်ပေးတဲ့ လူတိုင်းတော့ မဟုတ်ဘူး။ NVC ကတ် ထုတ်ပေးထားတဲ့ လူထဲကမှ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေနဲ့ အကျုံးဝင်တဲ့သူပဲ ဖြစ်ရမယ်။ ခုထုတ်ပေးထားတာ ၅၃ ဦး မှန်ပါတယ်။ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့ ကိုက်ညီတဲ့သူ မှန်သမျှကို ပုံမှန်စိစစ်ပြီး ထုတ်ပေးသွားမှာ ဖြစ်တယ်” ဟု ၎င်းက ပြောသည်။

နိုင်ငံသား စိစစ်ရေးကတ်များ ထုတ်ပေးရာတွင် ၁၉၈၂ နိုင်ငံသား ဥပဒေအရ မြို့နယ်၊ ပြည်နယ်/တိုင်း အဆင့်ဆင့်ရှိ နိုင်ငံသား စိစစ်ရေး ကော်မတီများက အချက်အလက် ခိုင်လုံခြင်းရှိမရှိ စစ်ဆေးပြီးနောက် နိုင်ငံခြားရေး၊ ပြည်ထဲရေး၊ ကာကွယ်ရေးနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ၄ ပါးနှင့် အတွင်းဝန်များဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံသားစိစစ်ရေး ဗဟိုကော်မတီသို့ တင်ပြရသည်ဟု ဦးမြင့်ကြိုင်က ဆက်ပြောသည်။

နိုင်ငံသားစိစစ်ရေး ဗဟိုကော်မတီက နိုင်ငံသား ဥပဒေနှင့် ကိုက်ညီမှု ရှိမရှိကို တိကျစွာ စစ်ဆေးပြီးနောက် အမျိုးသားမှတ်ပုံတင် နိုင်ငံသားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လက်မှတ်ထိုးပေးရကြောင်း၊ ထို့နောက်မှသာ ပြည်နယ်ကတဆင့် ထုတ်ပေးရခြင်းဖြစ်ကြောင်း ဦးမြင့်ကြိုင်က ရှင်းပြသည်။

မောင်တောခရိုင် မြို့နယ်များမှ မွတ်စလင် ၃၀၀၀ ခန့်ကို NVC ကတ်များ ထုတ်ပေးပြီးဖြစ်ကြောင်းသိရပြီး ယင်းသက်သေခံ ကတ်ပြားကိုင်ဆောင်ထားသူများအနေဖြင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်နှင့် ဒေသတွင်း တရားဝင် ခရီးသွားလာခွင့် ပြုထားကြောင်း မောင်တောခရိုင် အုပ်ချုပ်ရေးမှူးက ဧရာဝတီသို့ ပြောဆိုထားသည်။

Loading