ဗိုလ်တထောင်မြို့နယ်၊ လမ်း ၅၀ အောက်ဘလောက်ရှိ ကုမ္ပဏီရုံးခန်းတခု အနုကြမ်းစီးခံရမှု၌ သံသယရှိသူ အမျိုးသား ၂ ဦးကို ရဲတပ်ဖွဲ့က ရှာဖွေနေဆဲဖြစ်ကြောင်း ဗိုလ်တထောင်မြို့မ ရဲစခန်းက ပြောသည်။
ဗိုလ်တထောင် မြို့မရဲစခန်း တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တဦးက “လက်ရှိတော့ သံသယရှိတဲ့ ၂ ယောက်ကို ရှာဖွေဖမ်းဆီးနေတုန်းပဲ။ ဦးမင်းဆွေရဲ့ဒဏ်ရာက အသက်အန္တရာယ် စိုးရိမ်စရာ မရှိတော့ဘူး”ဟု ပြောသည်။
ထိုအမှုနှင့် ပတ်သက်၍ ဗိုလ်တထောင်မြို့မ ရဲစခန်းက (ပ) ၅၅/၁၇၊ ပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက် ရှိသည်။
ဖြစ်စဉ်မှာ လမ်း ၅၀ အောက်ဘလောက်ရှိ အိမ်အမှတ် ၁၅၊ ၅ လွှာတွင် ဖွင့်လှစ်ထားသည့် New Wave Services ကုမ္ပဏီရုံးခန်းသို့ ယနေ့ နံနက် ၅ ခန့်က ပိုင်ရှင်ဖြစ်သူ အသက် ၆၀ ကျော်အရွယ် ဦးမင်းဆွေက လာရောက်ပြီး ဘုရားရှိခိုးနေစဉ် အနုကြမ်းစီးခံရခြင်းဖြစ်ပြီး ဦးမင်းဆွေ၏ လက်မောင်းနှင့် ပေါင်တို့တွင် ဓားဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
အခင်းဖြစ်ပွားပြီး နံနက် ၈ နာရီခန့်တွင် ဦးမင်းဆွေက ရုံးရှေ့ဝရံတာသို့ထွက်၍ ဘေးပတ်ဝန်းကျင်သို့ အော်ဟစ်အကူအညီ တောင်းရာမှ အနုကြမ်းစီးခံရမှုကို သိရှိခဲ့ရခြင်းဖြစ်ကြောင်း ထိုပတ်ဝန်းကျင်တွင် နေထိုင်သူများက ပြောသည်။
အခင်းဖြစ်ပွားခဲ့သည့်တိုက်နှင့် မျက်နှာချင်းဆိုင်တိုက်တွင် နေထိုင်သူတဦးက “ မနက် ၈ နာရီလောက် သူထွက်အော်တော့မှ ကျနော်တို့လည်း သိရတာ။ သူ့မှာလဲ သွေးတွေနဲ့။ ကြိုးနဲ့လည်း အတုတ်ခံထားရတယ်” ဟု ပြောသည်။
အနုကြမ်း အစီးခံရစဉ်အတွင်း အစိမ်းရောင် ကျောက်တလုံးပါ ငွေကျပ် ၆ သိန်းတန် ရွှေလက်စွပ် ၁ ကွင်း၊ ငွေသား ၂ သိန်းနှင့် ဘဏ်စာအုပ် ၂ အုပ်၊ မှတ်ပုံတင်ကတ်နှင့် စာရွက်စာတမ်းများပါသည့် ပိုက်ဆံအိတ်တလုံး ပျောက်ဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
New Wave Services ကုမ္ပဏီ ဒါရိုက်တာဖြစ်သူ ကိုမျိုးခိုင်ထွန်းက “ ရုံးထဲမှာက CCTV တော့ ရှိပေမယ့် ကျနော်တို့ မနေ့ကပြန်တော့ မီးတွေပိတ်သွားတော့ ဘာမှမရလောက်ဘူး။ ဖြစ်စဉ်အပေါ် ရဲတွေက စစ်ဆေးနေဆဲပါပဲ” ဟု ပြောသည်။
ကုမ္ပဏီပိုင်ရှင်ဖြစ်သူ ဦးမင်းဆွေသည် တပ်မတော် အငြိမ်းစား ဗိုလ်မှူးကြီး တဦးဖြစ်ပြီး၊ အခင်းဖြစ်ပွားစဉ် ရရှိခဲ့သည့် ဒဏ်ရာကြောင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် တက်ရောက်ကုသလျက် ရှိသည်။
ယခုကဲ့သို့ အနုကြမ်းစီးခံရမှုများမှာ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၇ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ကျောက်တံတား မြို့နယ် ၃၈ လမ်း အလယ်ဘလောက်ရှိ နာရီဆိုင်နှင့် အောက်တိုဘာ ၃၁ ရက်နေ့ မွန်းလွဲပိုင်းကလည်း သင်္ဃန်းကျွန်း၊ လေးထောင်ကန်ရပ်ကွက်၊ ပြည်တော်အေးလမ်းအတွင်းရှိ နေအိမ်တလုံးတို့တွင် ဖြစ်ပွားခဲ့သည်။