သတင်း

ကိုးကန့်တပ် အသုံးပြုနေသော ဘဏ်စာရင်းကို တရုတ်ဘဏ် ဆိုင်းငံ့

ဘေဂျင်းနှင့် မြန်မာနိုင်ငံအကြား သံတမန်ရေးတင်းမာမှုဖြစ်စေသောအစီအစဉ်ကို ဟန့်တားရန် တရုတ်နိုင်ငံ၏ အကြီးဆုံး နိုင်ငံပိုင်ဘဏ်ကြီးတခုက မြန်မာနိုင်ငံအစိုးရကို တိုက်ခိုက်နေသည့် လက်နက်ကိုင်အုပ်စုများကို ငွေကြေး ထောက်ပံ့နေသော ဘဏ်စာရင်းတခုကို ဆိုင်းငံ့လိုက်သည်။

တရုတ်စိုက်ပျိုးရေးဘဏ် Agricultural Bank Of China (AgBank) သည် ယခုလအတွင်း  မြန်မာ့တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားသော မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA) အား ထောက်ခံသူများထံမှ ရန်ပုံငွေ လက်ခံနေသည့်ဘဏ်စာရင်းတွင် ငွေ ဆက်လက်လက်မခံတော့ဟု ပြောသည်။

မည်သည့်အကြောင်းကြောင့် ထိုသို့ပြုလုပ်ရသည်ကို ရိုက်တာသတင်းဌာနက အတည်ပြုနိုင်ခြင်းမရှိသေးပေ။ အကြမ်းဖက်ဝါဒကို ငွေကြေးထောက်ပံ့ရန်နှင့် ရာဇဝတ်မှုများ လွယ်ကူစွာ ကျူးလွန်ခြင်းကို တားဆီးရန် ရည်ရွယ်သော ထိန်းချုပ် မှုများကို အင်အား ချည့်နဲ့စေသည်ဟု ကျွမ်းကျင်သူများက ယူဆသော ဘဏ်လုပ်ငန်းဝန်ဆောင်မှုများနှင့် ပတ်သက်သည့် မေးခွန်းများကို ရိုက်တာသတင်းဌာနက AgBank သို့ ပေးပို့ခဲ့ပြီးနောက် ယခုဖြစ်ရပ်ပေါ်ပေါက်လာသည်။

ဘဏ်လုပ်ငန်းဖောက်သည်အပေါ် စောင့်သိရမည့် တာဝန်ကြောင့်ဟုဆိုကာ MNDAA နှင့် ပတ်သက်သည့်မေးခွန်းများကို AgBank က ဝေဖန်ပြောကြားရန်ု ငြင်းဆိုသည်။ ၎င်းတို့သည် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှု ငွေကြေး ပံ့ပိုးမှုတိုက်ဖျက်ရေးတို့ကို အထူးဂရုပြုကြောင်းနှင့် သက်ဆိုင်ရာ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းများကို လုံ့လစိုက် လုပ်ကိုင်ကြောင်း ထိုဘဏ်က ထုတ်ပြန်သည့်ကြေညာချက်တွင် ဖော်ပြထားသည်။

AgBank သို့မဟုတ် အခြား မည်သည့်ငွေကြေးဆိုင်ရာအဖွဲ့အစည်းမျှ MNDAA အတွက် ငွေပေးငွေယူကိစ္စကြောင့် တရုတ် နိုင်ငံ၏ဥပဒေကို ချိုးဖောက်ကြောင်း အထောက်အထားမရှိပေ။
MNDAAကို မည်သည့်အစိုးရ သို့မဟုတ် နိုင်ငံတကာအဖွဲ့အစည်းကမျှ အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ထားခြင်းမရှိပေ။

သို့်သော် ရိုက်တာသတင်းဌာနက ဆက်သွယ်ခဲ့သည့် ကျွမ်းကျင်သူအများအပြားကမူ ထိုအုပ်စု၏ရန်ပုံငွေကို လက်ခံထားခြင်းကြောင့် ထိုဘဏ်သည် မေးခွန်းထုတ်စရာ သို့မဟုတ် တရားမဝင် ဖြစ်နိုင်ခြေရှိသော လုပ်ဆောင်မှုများနှင့် ပတ်သက်နိုင်သည်ဟု ဆိုကြသည်။

MNDAA သည် လက်နက်ဖြုတ်သိမ်းရန် သို့မဟုတ် မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တက်ကြွစွာ ပါဝင်ခြင်းမရှိဘဲ ၎င်းသည် လက်နက်များကို ဆက်လက်ရယူစုဆောင်းနေသည်ဟု လေ့လာသူများက ပြောကြသည်။

ထိုအဖွဲ့၏ခေါင်းဆောင် ဖုန်ကျားရှင်မှာမူ အမေရိကန်မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အေဂျင်စီက အဓိက မူးယစ်မှောင်ခိုအဖြစ် သတ်မှတ်ခံရသူဖြစ်ကြောင်း ၂၀၀၉ ခုနှစ်တွင် ဝီကီလိခ်က ထုတ်ပြန်သည့်အမေရိကန်သံတမန်ကြေး နန်းအရသိရသည်။

AgBankက ထိုငွေစာရင်းကို လွန်ခဲ့သော ရက်သတ္တပတ်ကုန်က ပိတ်လိုက်ကြောင်း သူ့ကို အကြောင်းကြားသည်ဟု MNDAA အတွက် လှူဒါန်းငွေများကို ကြီးကြပ်သူ ယန်ဇန်ကွန်းက ပြောသည်။

“ကျနော်တို့ လုပ်ထုံးလုပ်နည်းတချို့လုပ်ဖို့ လိုတယ်လို့ ဘဏ်ပြောတယ်။ ဒါ ဘယ်လောက်ကြာမယ်ဆိုတာတော့ မပြောဘူး” ဟု သူဆက်ပြောသည်။

စစ်ရေးဖိအား

MNDAA သည် ယခုလအတွင်း မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းရှိ အစိုးရတပ်များကို တိုက်ခိုက်ပြီး လူနှစ်သောင်းကျော်ကို တရုတ်နိုင်ငံသို့ ထွက်ပြေးစေခဲ့သည်။ မြန်မာစစ်တပ်က ဆက်လက်လုပ်ဆောင်နေသော စစ်ရေးဖိအားကို တုံ့ပြန်ရန် တိုက် ခိုက်ရခြင်းဖြစ်သည်ဟု ထိုအဖွဲ့က ကြေညာသည်။

ဘေဂျင်းက ထိုအဖွဲ့ကို ထောက်ခံအားပေးခြင်းမရှိကြောင်း ပြောကြားမှုကို မြန်မာအစိုးရက လက်ခံသည်။

နယ်စပ်ရှိလူမျိုးစုလက်နက်ကိုင်များကို ထောက်ခံခြင်းမရှိကြောင်း တရုတ်ခေါင်းဆောင်ပိုင်း၏ အာမခံချက်ကို မြန်မာနိုင်ငံက အပြည့်အဝလက်ခံသည်ဟု မြန်မာ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ရုံးမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။ သို့သော် အဆင့်နိမ့်တရုတ်အရာရှိများသည် ၎င်းတို့အကျိုးအတွက် လူမျိုးစုလက်နက်ကိုင်များကို ထောက်ပံ့နေ သည်ဟု ယုံကြည်ကြောင်း တရုတ်အစိုးရသို့ ပြောကြားခဲ့သည်ဟု သူ ဆက်ပြောသည်။

ထောက်ခံသူများထံမှ လှူဒါန်းငွေမေတ္တာရပ်ခံခဲ့ပြီးနောက် ၂ နှစ်အတွင်း ဒေါ်လာ ငါးသိန်းကျော် အလှူငွေရခဲ့ကြောင်း MNDAA ၏ အင်တာနက်စာမျက်နှာမှ မှတ်တမ်းများအရ သိရသည်။

အလှူရှင်များက ငွေကို AgBank ငွေစာရင်း သို့မဟုတ် အခြားသောမိုဘိုင်းငွေကြေးဝန်ဆောင်မှုနှစ်ခုတို့မှတဆင့် ပေးပို့ခဲ့ သည်။ ထိုမိုဘိုင်းငွေကြေးဝန်ဆောင်မှုတခုမှာ Tencent Holdings ၏ WeChat Pay နှင့် အမေရိကန် စတော့အိတ်ချိန်း စာရင်းဝင် အီလက်ထရွန်းနစ်ဘဏ္ဍာရေးလုပ်ငန်း Alibaba ၏လက်အောက်ခံ Ant Financial ၏ Alipay ဖြစ်သည်။

MNDAA က Alipay ကို အသုံးပြုခြင်းနှင့် ပတ်သက်သော ရိုက်တာသတင်ဌာန၏မေးခွန်းများကို Ant Financialက ဖြေ ကြားခြင်းမရှိပေ။ သို့သော် ၎င်းတို့သည် အန္တရာယ်ဖြစ်နိုင်ခြေများကို စီမံခန့်ခွဲရန် အကြီးအကျယ် ရင်းနှီးမြှုပ်နှံထားသည်ဟု ပြောသည်။

“ဒီငွေစာရင်းတွေကို အသုံးချနေတဲ့ မရိုးမသားလုပ်ဆောင်သူတွေ အများကြီးရှိတယ်။ ဒီလိုလူတွေကို စောစောစီးစီး ဖော်ထုတ်ပြီး ကျနော်တို့ရဲ့လုပ်ဖော်ကိုင်ဘက်တွေ သူတို့နဲ့ ငွေပေးငွေယူမလုပ်အောင် တားဆီးပေးမယ့်စနစ် ကျနော် တို့မှာ ရှိပါတယ်”ဟု Ant ၏နိုင်ငံတကာ သေနင်္ဂဗျူဟာအကြီးအကဲ Douglas Feaginက ပြောသည်။

Tencent ကမူ ရိုက်တာသတင်းဌာန၏အီးမေးလ်မှ မေးခွန်းများကို ဖြေကြားခြင်းမပြုခဲ့ပေ။

ဂုဏ်သတင်းထိခိုက်နိုင်ခြေ

ထိုအပ်နှံငွေပမာဏမှာ ကမ္ဘာ့အကြမ်းဖက် ငွေကြေးထောက်ပံ့မှုနှင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး လမ်းညွှန်ချက်များကို လိုက်နာသော ဘဏ္ဍာရေးအဖွဲ့အစည်းများအနေဖြင့် အန္တရာယ်ရှိကြောင်း သိရမည့်ပမာဏဖြစ်သည်ဟု ကျွမ်းကျင်သူ အချို့ ကပြောသည်။

မူးယစ်ဆေး သို့မဟုတ် လက်နက်ရောင်းဝယ်မှုနှင့် ပတ်သက်သော အဖွဲ့အစည်းတခုနှင့် ဘဏ္ဍာရေးအရ ဆက်ဆံသော လုပ်ငန်းများသည် မည်သည့်တရားမဝင် ဆောင်ရွက်မှုမျှ မလုပ်ခဲ့စေကာမူ စည်းမျဉ်းနှင့် ဂုဏ်သတင်းထိခိုက်နိုင်ခြေရှိ သည်ဟု ထိုကျွမ်းကျင်သူများက ပြောသည်။

“ဒီအမှုကို တာဝန်ရှိတဲ့ကော်မတီကိုသာ အပ်လိုက်ရင် သူတို့အနေနဲ့ ဒီငွေစာရင်းကို ချက်ချင်းပိတ်ရမှာ” ဟု နိုင်ငံတကာ ဘဏ်တခုမှ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ကျွမ်းကျင်သူတဦးက ပြောသည်။

တရုတ်နိုင်ငံနှင့် အချို့သောနေရာများမှ ဘဏ်များနှင့် ဘဏ္ဍာရေးလုပ်ငန်းများသည် ၎င်းတို့၏ဝန်ဆောင်မှုကို သုံးစွဲနေသူ များ၊ ကုမ္ပဏီများကို စစ်ဆေးရန် ၎င်းတို့၏ဖောက်သည်ကို သိရှိရမည်ဟူသောစည်းမျဉ်းကို လိုက်နာရန်လိုသည်။

ရာဇဝတ်မှုမြောက်ဖွယ်ရှိသည်ဟု မီဒီယာများ၊ အများပြည်သူသတင်းများက ယေဘုယျ ဆက်စပ်ဖော်ပြသော လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများစစ်ဆေးရန် စနစ်အများအပြားကို နိုင်ငံတကာ ဘဏ္ဍာရေးလုပ်ငန်းများတွင် သုံးကြပြီး ၎င်းတို့နှင့်ဆက်ဆံခြင်းသည် ဂုဏ်သတင်း ထိခိုက်မည်ဟု မြင်ကြသည်ဟု ကျွမ်းကျင်သူများက ပြောသည်။

၎င်းတို့၏ဘဏ္ဍာရေးကွန်ရက်များသည် အနောက်နိုင်ငံများကဲ့သို့ ရင့်ကျက်မှု မရှိသေးခြင်း၊ ရာဇဝတ်နှင့် လက်နက်ကိုင်အဖွဲ့ များ ပိုမိုအဆင့်မြင့်လာခြင်းတို့ကြောင့် ကွန်ရက်အတွင်း စီးဆင်းငွေများကို စစ်ဆေးရန် ခက်ခဲသည်ဟု တရုတ်နိုင်ငံနှင့် ဆက်စပ်သောဘဏ်များက ပြောကြသည်။

မိုဘိုင်းဖုန်းမှ ငွေပေးငွေယူပမာဏမှာ လွန်စွာကြီးမားသောကြောင့် ၎င်းတို့ကို ကြီးကြပ်ရန် မဖြစ်နိုင်ဘဲ ငွေအနည်းငယ် ပေးချေသည့်ကိစ္စများကို ဘဏ်များ၊ စည်းကမ်းထိန်းများ မသိနိုင်ဟုလည်း ဆိုကြသည်။

သံတမန်ရေးတင်းမာမှု

သူပုန်များသည် တရုတ်နိုင်ငံ၏ဘဏ္ဍာရေးကွန်ရက်မှတဆင့် တရုတ်နိုင်ငံမှ ထောက်ခံသူများထံမှ ဒေါ်လာသိန်းချီသော ရန်ပုံငွေကို ဗြောင်ကျကျရနေခြင်းသည် လူမျိုးစုစစ်ပွဲများ အဆုံးသတ်ရေးကို ထိပ်တန်းဦးစားပေး သတ်မှတ်ထားသော ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်နိုင်ငံ၏ ဆက်ဆံရေးတွင် အန္တရာယ်ဖြစ်စေနိုင်သည်ဟု နယ်စပ် ရေးရာကျွမ်းကျင်သူများက ဆိုသည်။

တရုတ်နိုင်ငံက ၎င်းတို့သည် အခြားနိုင်ငံများ၏ပြည်တွင်းရေးကို မစွက်ဖက်ရေးမူကို လိုက်နာသည်ဟု ဆိုသည်။ သို့သော် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဝန်ထမ်းဟောင်း ရန်ကုန်အခြေစိုက် Richard Horsey ကဲ့သို့သော သုတေသီများကမူ တရုတ်နိုင်ငံသည် MNDAA ကဲ့သို့သော တရုတ်လူမျိုးစု သူပုန်များကို မြန်မာအစိုးရပေါ် ဖိအားပေးရန် သုံးနေသည်ဟု ဆိုခဲ့သည်မှာ အတန်ကြာပြီဖြစ်သည်။

MNDAA နှင့် အစိုးရတပ်များအကြား တိုက်ပွဲအပြီး ၂၀၁၅ ခုနှစ်ကလည်း တရုတ်သည် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ဝင်ရောက်စွက်ဖက်သည်ဟု မြန်မာအရာရှိတဦးက စွပ်စွဲပြီး ဘေဂျင်းက ထိုကိစ္စကို ငြင်းဆိုသည်။ ဝေဖန်ပြောကြားပေးရန် မေတ္တာရပ်ခံခြင်းကို MNDAA ပြောခွင့်ရသူက မတုံ့ပြန်ခဲ့ပေ။

“MNDAA ကို တရုတ်နိုင်ငံထဲမှာ ဗြောင်ကျကျ အလှူခံ ရန်ပုံငွေ ရှာခွင့်ပေးတာ မြန်မာနဲ့ဆက်ဆံရေးကို ထိခိုက်မှာပဲ”ဟု Horsey က ပြောသည်။

MNDAA သည် တရုတ်စကားပြော ကိုးကန့်လူမျိုးစုများအရေးအတွက် တိုက်ပွဲဝင်နေသည်ဟု ပြောသည်။

ရိုက်တာသတင်းဌာန၏မေးမြန်းချက်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်ခြင်းမရှိပါ။ MNDAA နှင့်အစိုးရ တပ်များ ကိုးကန့်ဒေသ တိုက်ပွဲအတွင်း လူ ၃၀ ခန့် သေဆုံးပြီးနောက် ယခုလ အစောပိုင်းက နှစ်ဖက် အပစ်ရပ်ရန် တရုတ်က တောင်းဆိုခဲ့သည်။

MNDAA သည် ၂၀၁၅ ခုနှစ်မှ စတင်ပြီး အွန်လိုင်းမှ ငွေကောက်ခံသည်ဟု ၎င်းတို့၏ အင်တာနက်စာမျက်နှာအရ သိရသည်။ နယ်စပ်ကို ခွထားသောတောင်တန်းများပေါ်တွင် ၎င်းတို့ကို မြန်မာစစ်တပ်က ညှပ်တိုက်နေစဉ် ဒုက္ခသည်များ အတွက် ဟုဆိုကာ ဇန်နဝါရီလလယ်တွင် ရန်ပုံငွေ စတင်လက်ခံသည်။ သို့သော် AgBank ဘဏ်မှ ဘဏ်စာရင်းအမည်ခံသူ လီကျန်း ဟွာ Li Jian Hua က ထိုငွေကို ထိုးစစ်အတွက် သုံးသည်ဟု ရိုက်တာသို့ ပြောသည်။

“ဒီငွေက ဒုက္ခသည်တွေအတွက် မဟုတ်ဘူး၊ MNDAA ကို ထောက်ပံ့ဖို့” ဟု သူ ပြောသည်။

အလှူခံရငွေများကို စတင် ကြေညာသည့် ၂၀၁၅ ဧပြီလမှ စတင်ပြီး MNDAA သည် ဒေါ်လာ ၅၃၁၈၅၃ ရသည်။

Loading