မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်အတွင်း ဆိုင်ကယ်တက္ကစီ သမား တဦး သေနတ်ကျည်ဆံ ထိမှန်ပြီး သေဆုံးမှု မတ်လ ၂၂ ရက်နေ့ မနက် ၈ နာရီခန့်က ဖြစ်ပွားခဲ့ပြီး ထိုအမှုနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့အနေဖြင့် စုံးစမ်းမှုများ ပြုလုပ်လျှက်ရှိကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့က ဧရာဝတီသို့ ပြောသည်။
ပြည်ကြီးတံခွန်မြို့နယ် ၇၁ လမ်းနှင့် ၇၂ လမ်းကြား၊ ကျန်စစ်သားလမ်းတွင် ယင်းအမျိုးသား ဆိုင်ကယ်မောင်းနှင်နေစဉ် လဲကျသွားကြောင်း ၎င်းအား ဆေးရုံသို့ပို့ဆောင်၍ ခွဲစိပ် စစ်ဆေးရာတွင် သေနတ်ကျည်ဆံထိမှန်၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုချက်အရ သိရသည်။
တိုင်းရဲ အရာရှိတဦးက “သေဆုံးသူဟာ သေနတ်ကျည်ဆံမှန်သေဆုံးရတယ်ဆိုတာ မှန်ပါတယ်။ သေနတ်မှန်တာက တမင် ပစ်ခံတာလား၊ ဘာကြောင့် သေနတ်မှန်ရတာလဲ ဆိုတာကိုတော့ စုံစမ်းနေတုန်းပါ၊ သတင်းတိတိကျကျကို သိရတာနဲ့ ထုတ်ပြန် ပေးသွားပါမယ်” ဟု ဧရာဝတီသို့ ပြောသည်။
သေနတ်ကျည်ဆံ ထိမှန်သေဆုံးသူမှာ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၇ လမ်းနှင့် ၆၈ လမ်းကြား ကျန်စစ် သားလမ်းတွင် နေထိုင်သည့် ဆိုင်ကယ် တက္ကစီမောင်းသူ ဦးရဲဝင်း ၃၅ နှစ်ဖြစ်ကြောင်း သိရသည်။
မန္တလေး ဆေးရုံကြီး အရေးပေါ်ဌာနမှ တာဝန်ကျ ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်တစ် ဦးက “ဆိုင်ကယ်အက်ဆီးဒင့် ဖြစ်တယ်ဆိုပြီး အတူပါလာတဲ့ သူ့အဖေက ပြောတယ်၊ ဒါကြောင့် ယာဉ်မတော် တဆမှုနဲ့ ကနဦး လက်ခံခဲ့တယ်။ ပြင်ပဒဏ်ရာမတွေ့ရပါဘူး။ ခေါင်းက ဒဏ်ရာကို စစ်လိုက်တော့မှ မျက်ခုံးနှစ်ဖက်ကြားထဲ ကျည်ဆံဝင်ထားတာကို တွေ့ရှိရပါတယ်၊ ဒါကြောင့် တိုင်းရဲတပ်ဖွဲ့ကို ကနဦး သတင်းပေးပို့ခဲ့ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
မန္တလေး ဆေးရုံကြီး အရေးပေါ်ဌာနမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင် တစ်ဦးကလည်း “ဆေးရုံရောက်ကတည်းက အသက်မပါတော့ဘူး၊ ဒါကြောင့် ခွဲစစ်ဆေးတော့မှ ကျည်ဆံထိမှန် သေဆုံးရတယ်ဆိုတာကို သိရတာပါ” ဟု ပြောသည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် တိုင်းရဲတပ်ဖွဲ့အနေဖြင့် စုံစမ်းရှာဖွေမှုများ ဆက်လက်ဆောင်ရွက် နေကြောင်း၊ သက်သေအထောက်အထားများ ရရှိပါက ရဲတပ်ဖွဲ့အနေဖြင့် သတင်းထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ပြောသည်။