မြန်မာနိုင်ငံ ကြက်ခြေနီအသင်း အမှတ်တံဆိပ်သင်္ကေတကို ကိုယ်ကျိုးအတွက် အသုံးပြုမှုများကို ထိန်းချုပ် ကန့်သတ်နိုင်မည့် ဥပဒေတရပ်ကို ရေးဆွဲပြီးဖြစ်လို့ လွှတ်တော်သို့ ဒီနှစ်အတွင်း တင်သွင်းမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ကြက်ခြေနီအသင်း အထွေထွေအတွင်းရေးမှူး ဦးခင်မောင်လှက “တချို့က အမြန်လမ်းလို မြို့ဝင်မြို့ထွက် တိုးဂိတ်တွေမှာ ဒီတံဆိပ်ကိုတပ်ထားပြီး တိုးဂိတ်မှာပေးရတဲ့ အခွန်ကို မပေးကြတာမျိုး၊ နောက်တခုက လိုင်စင်မဲ့ကားတွေမှာ ဒီတံဆိပ်ကို တပ်သုံးတာမျိုးတွေပေါ့၊ သူတို့အမြင်မှာ ဒီတံဆိပ်ကို သုံးခြင်းအားဖြင့် သူတို့အခွင့်ထူး ရလိမ့်မယ်လို့ ထင်နေတယ်။ တချို့လည်း တရားမဝင် ပစ္စည်းတင်တာမျိုးတွေ ရှိတယ်” ဟု ယနေ့ နေပြည်တော်တွင် ပြုလုပ်သည့် မြန်မာနိုင်ငံကြက်ခြေနီအသင်း “၇၈” ကြိမ်မြောက် ဗဟိုကော်မတီအစည်းအဝေးတွင် ပြောသည်။
ယခုဥပဒေမူကြမ်းကို သက်ဆိုင်ရာ ဝန်ကြီးဌာနများ ၊ ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ၊ ပြည်ထောင်စု တရားလွှတ်တော် ရှေ့နေချုပ်ရုံးအထိ အဆင့်ဆင့် တင်ပြထားပြီးဖြစ်ကြောင်းနှင့် နောက်ဆုံးအဆင့်အဖြင့် ယင်းဥပဒေမူကြမ်း ရေးဆွဲခဲ့ချိန်က ပါဝင်ခဲ့သည့် အဖွဲ့အစည်းများ၊ ဥပဒေ ပညာရှင်များနှင့် ဆွေးနွေးပြီး ယခုနှစ်အတွင်း လွှတ်တော်သို့ တင်ပြသွားမည်ဟု မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဥပဒေအကြံပေး ဒေါ်မေထားက ပြောသည်။
နေပြည်တော်၊ ပုပ္ဗသီရိမြို့နယ်အတွင်းရှိ ညောင်ပင်ကြီးစုကျေးရွာ ကျေးလက်ဒေသန္တရ ဆေးပေးခန်းမှ တာဝန်ကျ ဆရာဝန်တဦးက ကြက်ခြေနီသင်္ကေတကို ကျေးလက်ဒေသန္တရ ဆေးပေးခန်းတချို့နှင့် အရပ်ဘက် ကယ်ဆယ်ရေးအဖွဲ့များတွင် အသုံးပြုနေမှုများကို ကန့်သတ်မည်ဆိုပါက ပညာပေးဆိုင်ရာ ကိစ္စများကို ဦးစားပေး ဆောင်ရွက်သင့်သည်ဟု အကြံပြုပြောဆိုသည်။
အလားတူ မြန်မာနိုင်င ံကြက်ခြေနီအသင်း၏ အချိန်ပိုင်း အမှုဆောင်အဖွဲ့ဝင် သရုပ်ဆောင် ဝေဠုကျော်က “အမှတ်အသားတွေက အသိအမှတ်ပြုရန်၊ အကာအကွယ်ပေးရန်ဆိုပြီး အဆင့်ဆင့် သတ်မှတ်ချက်၊ စည်းကမ်းတွေ ရှိပါတယ်။ လူတိုင်းကလည်း ဒီ red cross ကို ချစ်ခင်တယ်၊ မြတ်နိုးတယ်ဆိုပြီး လှလို့တပ်ကြတာမျိုးတွေ ရှိပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်း “၇၈” ကြိမ်မြောက် ဗဟိုကော်မတီအစည်းအဝေးကို နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (ရုံးချုပ်) တွင် ပြုလုပ်ခြင်း ဖြစ်သည်။ အသင်းကြီးကို ၁၉၂၅ ခုနှစ်က အိန္ဒိယနိုင်ငံ၏ အသင်းခွဲအဖြစ် စတင်ဖွဲ့စည်း တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ၁၉၂၇ ခုနှစ်တွင် တရားဝင် အသင်းကြီးအဖြစ် ရပ်တည်လုပ်ကိုင် လာခဲ့သည်။