အမေရိကန်နိုင်ငံ၏ အပြည်ပြည်ဆိုင်ရာ ကူညီထောက်ပံ့ရေး အေဂျင်စီ၏ အကျိုးအမြတ် မယူသောအဖွဲ့ (FHI 360 )နှင့် မဟာမိတ် အဖွဲ့အစည်းများ၏ အစီအစဉ်ဖြင့် မြန်မာနိုင်ငံတွင် ၁၉၈၈ မှ ၂၀၁၀ ခုနှစ်များ အတွင်း ဒီမိုကရေစီ လှုပ်ရှားမှု တွင် ပါဝင် ပတ်သက်မှုကြောင့် အကျဉ်းကျခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားဟောင်းများထဲက ၅၀ ဦး ရွေးချယ်ကာ လစာ နှင့် အထောက်အကူ ပြု ပစ္စည်းများ ထောက်ပံ့ကာ လုပ်ငန်းခွင် ဖန်တီးပေးမည်ဖြစ်ကြောင်း သိရသည်။
အစီအစဉ် အရ နိုင်ငံရေးအကျဉ်းသား တဦးအတွက် ၁ လလျှင် ကျပ် ၃ သိန်း၊ လက်ကိုင်ဖုန်းနှင့် လက်ပတော့ ၁ လုံးစီကို ၆ လ ကြာ ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း၊ ၆ လသက်တမ်း အပြည့် တာဝန် ထမ်းဆောင်ပြီးပါက ထောက်ပံ့ ပေးခဲ့သည့် ပစ္စည်းများကို ပြန်လည် သိမ်းယူမည် မဟုတ်ကြောင်း FHI 360 က ထုတ်ပြန်ထားသည်။
ရွေးချယ်စိစစ်ရေးအဖွဲ့ဝင် AAPP တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က “ကန့်သတ်ချက်တော့ ရှိတယ်။ အလုပ်ရှိနေပြီးသား၊ အဖွဲ့အစည်းတစ်ခုမှာ ခေါင်းဆောင်ပိုင်း တာဝန်ယူထားတယ်။ ပုံမှန်ဝင်ငွေ ရှိတဲ့သူဆို လျှောက်လို့မရဘူး။ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးရာ ရောက်သလို လုပ်ချင်ကိုင်ချင်စိတ်ရှိရင် အလုပ်သင် အဖြစ် အလုပ်ရမယ့် အစီအစဉ်လည်း ဖြစ်ပါတယ်”ဟု ပြောသည်။
FHI 360 မှ တာဝန်ရှိသူများ၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုယ်စားလှယ် တဦး၊ နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) မှ ကိုယ်စားလှယ် တဦး၊ The 5 J Club မှ ကိုယ်စားလှယ် တဦးဖြင့် ရွေးချယ်စိစစ်ရေးအဖွဲ့ ဖွဲ့စည်းထားသည်။
စီမံကိန်းကို ၂၀၁၄ မှ ၂၀၁၈ အထိ လေးနှစ် ပြုလုပ်နေရာ အရပ်ဘက် အဖွဲ့အစည်းများအတွက် အရည်အသွေးများ ဖြည့်ဆည်းပေးခြင်း၊ ဒီမိုကရေစီအုပ်ချုပ်ရေး နှင့် အသွင် ကူးပြောင်းရေးလုပ်ငန်းစဉ်များတွင် သတင်း အချက်အလက် များကို လွယ်ကူမှန်ကန်စွာ ရရှိနိုင်ရန် စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း၊ နိုင်ငံရေး အခင်းအကျင်းနှင့် ပြည်သူ့ ရေးရာ ဆွေးနွေးမှု များတွင် အားလုံး ပါဝင် နိုင်အောင် လိုအပ်ချက်များကို ဖြည့်ဆည်းရန် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ စီမံကိန်းတွင် ပါဝင်ရန် လျှောက်ထားလိုသည့် နိုင်/ကျဉ်းဟောင်းများသည် ၁၉၈၈ မှ ၂၀၁၀ အတွင်း ဒီမိုကရေစီ လှုပ်ရှားမှုတွင် ပါဝင်မှုကြောင့် အကျဉ်းကျ ခံရသူ၊ ကျန်းမာရေးကောင်းသူ၊ မြန်မာနိုင်ငံသား ဖြစ်ရမည်ဖြစ်ပြီး အခြားအဖွဲ့အစည်းတခုခု၏ ခေါင်းဆောင် သို့မဟုတ် ပုံမှန်လစာရသော အလုပ်တခုခု ရှိသူ မဖြစ်ရဟု သတ်မှတ်ထား ကြောင်း သိရသည်။
ရွေးချယ်ခံရသော နိုင်/ကျဉ်းဟောင်း ၅၀ ဦးကို FHI 360 ၏ အရပ်ဘက် အဖွဲ့အစည်း ၁၉ ဖွဲ့၊ လွတ်လပ်သော သတင်း မီဒီယာ ၁၀ ဖွဲ့ ပူးပေါင်းဖွဲ့စည်းထားသည့် မဟာမိတ် အဖွဲ့အစည်း ၂၉ ဖွဲ့ တွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင် ကူးပြောင်း ရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်များအတွက် တာဝန်ယူ ဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရှိရသည်။