သတင်း

မြန်မာအမျိုးသမီး ၅ ဦးတွင် ၁ ဦး အိမ်တွင်းအကြမ်းဖက်ခံနေရ

မြန်မာနိုင်ငံရှိ အမျိုးသမီး ၅ ဦးတွင် ၁ ဦးသည် ရုပ်ပိုင်း၊ စိတ်ပိုင်းနှင့် လိင်ပိုင်းဆိုင်ရာအရ အိမ်တွင်း အကြမ်းဖက်မှုကို ခံစားနေရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပထမဆုံး ထုတ်ပြန်သည့် ၂၀၁၅-၁၆ မြန်မာနိုင်ငံ လူနေမှုဘဝနှင့် ကျန်းမာရေးဆိုင်ရာ အခြေခံ အချက်အလက် စစ်တမ်း (MDHS) တွင် ဖော်ပြသည်။

ယနေ့ မတ်လ ၂၃ ရက် နေပြည်တော် Horizontal Lake View ဟိုတယ်တွင် ပြုလုပ်သည့် ယင်းစာတမ်းထုတ်ပြန်ပွဲ၌ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာသက်သက်မူက “၅ ယောက်မှာ တယောက်က ရုပ်ပိုင်း ဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ လိင်ပိုင်းဆိုင်ရာရော ပါတယ်။ အမျိုးသမီးကို အော်တာ ငေါက်တာ၊ ဟိုမသွားနဲ့ ဒီမသွားနဲ့ ဆိုပြီး ချုပ်ချယ်တာ၊ အမျိုးအိမ် သွားလည်တာကို ချုပ်ချယ်တာလည်း ပါတယ်။ မရိုက်မနှက်ဘဲနဲ့ စိတ်ဆင်းရဲအောင် လုပ်ရင်လည်း ဒီအထဲထဲမှာ ပါတယ်”ဟု မီဒီယာများသို့ ပြောသည်။

ယင်းစာတမ်းအတွက် ၂၀၁၅ ဒီဇင်ဘာလမှ ၂၀၁၆ ဇူလိုင်လအထိ အိမ်ထောင်စု ၁၂၅၀၀ ကျော်၊ အသက် ၁၅ နှစ်နှင့် ၄၉ နှစ်ကြားရှိ အမျိုးသမီး ၁၂၈၈၅ ဦး၊ အမျိုးသား ၄၇၃၇ ကို မေးမြန်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဒေါက်တာသက်သက်မူက “ရုပ်ပိုုင်းဆိုင်ရာ လုပ်ရင်လည်း နှိပ်စက်တာပဲ။ အမျိုးသမီးကို စိတ်ဆင်းရဲအောင် လုပ်ရင်လည်း နှိပ်စက်တာပဲ။ ကျမတို့ အဲလို သတ်မှတ်တယ်။ အမျိုးသမီး အကြမ်းဖက်ခံရမှုကို မေးတဲ့အခါမှာ အမျိုးသမီးအချင်းချင်းပဲ မေးတယ်။ ပတ်ဝန်းကျင်မှာလည်း သူတို့ ၂ ယောက်ပဲရှိတယ်။ ဖြေဆိုဖို့ သဘောတူတဲ့ အမျိုးသမီးကိုပဲ မေးတယ်။ မေးနေတုန်း တခြား တဦးဦးဝင်လာရင် ဆက်မမေးတော့ဘူး”ဟု ပြောသည်။

အမျိုးသမီး အကြမ်းဖက်ခံရမှုသည် အိမ်ထောင်စုများတွင် အနည်းနှင့် အများ ဖြစ်ပေါ်လေ့ရှိပြီး ယခုနောက်ပိုင်း အမျိုးသမီးများ၌ ဝင်ငွေရှိလာခြင်း၊ အကြမ်းဖက်ခံရပါက တိုင်ကြားနိုင်သည့် ဗဟုသုတများ ရရှိလာခြင်းနှင့် အသင်းအဖွဲ့များနှင့် ဆက်သွယ်ဆောင်ရွက်မှုများ ပိုမိုများပြားခြင်း စသည့် အခွင့်အလမ်းများ ပိုမိုရရှိနေပြီ ဖြစ်ကြောင်း နေပြည်တော်ရှိ အိမ်ရှင်မများက ပြောသည်။

နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက်မှ အိမ်ရှင်မတဦးက“အကြမ်းဖက်ခံရရင် တိုင်လို့ရတယ်ဆိုပြီး TV မှာ လာတယ်။ မိခင်နဲ့ ကလေးလို အသင်းအဖွဲ့တွေမှာ တိုင်ကြားလို့ရတယ်ဆိုတာ သိတယ်။ မိန်းမအများစု ကတော့ ဆင်းရဲတာကို ခံနိုင်တယ်။ ညှင်းပန်းတာကိုတော့ မခံနိုင်ကြဘူး”ဟ ုဧရာဝတီသို့ ပြောသည်။

တခြားအိမ်ထောင်သည်တဦးဖြစ်သူ နေပြည်တော်မှ ဒေါ်ဟန်စုယဉ်ကလည်း “ဆူတာ ငေါက်တာကလည်း အိမ်တွင်း အကြမ်းဖက်မှုပဲ။ စိတ်သဘောထား မတိုက်ဆိုင်လို့ တဖက်သတ် အော်ငေါက်နေတာမျိုးပေါ့။ သူ တခွန်း ကိုယ်တခွန်းမဟုတ်ဘဲနဲ့ ကိုယ့်ကိုချည်းပဲ ဟောက်နေရင်တော့ ဒါလည်း ဆိုင်တယ်လို့ ထင်တယ်”ဟု ပြောသည်။

မြန်မာနိုင်ငံ လူနေမှုဘဝနှင့် ကျန်းမာရေးဆိုင်ရာ အခြေခံအချက်အလက် (MDHS) စစ်တမ်းသည် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ယူ အကောင်အထည်ဖော်ခြင်းဖြစ်ပြီး USAID နှင့် 3MDG တို့မှ စစ်တမ်းကောက်ယူရန် လိုအပ်သည့် ဘဏ္ဍာရေးအထောက်အပံ့များကို ပေးအပ်ခဲ့သည်။

အားလုံးခြုံငုံပါဝင်သော နိုင်ငံတော်အဆင့် ကျန်းမာရေး စစ်တမ်းကို မြန်မာနိုင်ငံက ပထမဆုံး ထုတ်ပြန် နိုင်ခြင်း ဖြစ်၍ ယခုစစ်တမ်းသည် ၂၀၁၇-၂၁ မြန်မာနိုင်ငံ၏ အမျိုးသားကျန်းမာရေးစီမံကိန်းအတွက် အရေးပါသော အစိတ်အပိုင်းတရပ် ဖြစ်လာမည်ဟု USAID ၏ ညွှန်ကြားရေးမှူး ထရီဇာမက်ဂီက ပြောကြောင်း ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက ယနေ့ထုတ်ပြန်သည်။

ယခုစာတမ်း အချက်အလက်များအရ နိုင်ငံ၏လူနေမှုစနစ် လိုအပ်ချက်များ၊ ကျေးလက်မြို့ပြကြား ကွာဟချက်များနှင့် မိသားစုစီမံကိန်းများမှ ကလေး၊ မိခင်တို့၏ ကျန်းမာရေးအခြေအနေများကို သိရှိနိုင်ပြီး ၅ နှစ် တကြိမ် စစ်တမ်း ကောက်ယူခြင်းအားဖြင့် တိုင်းပြည်၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်မှုများကို သိရှိနိုင်လိမ့်မည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

Loading