မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်တွင် မတ်လ ၂၂ရက်နေ့ နံနက် ၇နာရီခန့်က ဆိုင်ကယ်စီးနင်းလာသူ တစ်ဦး သေနတ်ကျည်ဆန် ထိမှန်၍ သေဆုံးခဲ့မှုတစ်ခုဖြစ်ပွားခဲ့ရသည်။ အဆိုပါဖြစ်စဉ် ဖြစ်ပွားပြီးနောက် မန္တလေးမြို့နေ ပြည် သူလူထုအတွက် လုံခြုံရေးအတွက် “သတိပေးခေါင်းလောင်းထိုးသံတခု မြည်ဟည်းသွားတယ်”လို့ ဝေဖန်ပြောဆိုနေမှုများ ရှိနေသည်။
မတ်လ ၂၂ ရက်နေ့က ဖြစ်ပွားခဲ့သော ဖြစ်စဉ်မှာ ပြည်ကြီးတံခွန်မြို့နယ် (ခ)ရပ်ကွက် ၇၁ လမ်းနှင့် ၇၂ လမ်းကြား၊ ကျန်စစ်သားလမ်းပေါ်တွင် သေဆုံးသူ ဦးရဲဝင်းသည် ၅၁/ယ ၈၇၅၂၈ ဒိုင်ယန်းအမျိုးအစား CZI ဆိုင်ကယ်ကို အရှေ့မှ အနောက်သို့ မောင်းနှင်လာစဉ် လမ်းဘေးသို့ ထိုးကျသေဆုံးသွားကြောင်း၊ သေဆုံးသူကို မဟာဟိတကာရီ လူမှုရေး အသင်း ကားဖြင့် မန္တလေးဆေးရုံကြီးသို့ ပို့အပ်ခဲ့ရာ ဆေးရုံကြီးက PR(၁၇/၂၀၁၇)ဖြင့် လက်ခံ၍ အလောင်းအား ခွဲစိတ် စစ်ဆေးခဲ့ရာ သေဆုံးသူ၏ ဦးခေါင်းအတွင်းမှ အလျား ၂ဒသမ ၇ စင်တီမီတာ၊ အကျယ် ဒသမ ၅ စင်တီမီတာခန့်ရှိ ကြေးရောင် ကျည်ဆန် ထိပ်ဖူးတစ်ခု တွေ့ရှိခဲ့ရသည်ဟု ကနဦး ရဲကြေးနန်းသတင်းများအရ သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် တိုင်ဒေသကြီး လွှတ်တော်အမတ် ဦးတင်အောင်က “ဒီနေ့ဖြစ်စဉ်ကို ကြည့်ရမယ်ဆိုရင် လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးအပိုင်းကို သတိပေးလိုက်သလိုပါပဲ၊ ဒါကိုကြည့်မယ်ဆိုရင် မန္တလေးဟာ လုံခြုံရေးက တော်တော်လျော့ရဲနေပြီဆိုတာကို ပြနေတယ်၊ မန္တလေးသူ၊ မန္တလေးသား တွေဟာ မာရှယ်လော ထုတ်ခံထားရသလိုပဲ၊ ညပိုင်း ၉ နာရီကျော်ရင် အပြင်ကို မထွက်ရဲကြတော့ဘူး၊ အဲဒီ သဘောဖြစ်နေ တာပေါ့၊ ကျနော်လည်း လာမယ့်လွှတ်တော်မှာ မန္တလေးမှာ အခုလို လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် လျော့ရဲလာမှုတွေကို ဘယ်လိုလုပ် ဆောင်ပေးမှာလဲဆိုတာကို မေးမြန်းသွားဖို့ လုပ်ဆောင်နေပါတယ်”ဟု ပြောသည်။
သေနတ်ကျည်ဆန် ထိမှန်၍ သေဆုံးခဲ့သူ ဦးရဲဝင်း အခင်းဖြစ်ပွားရာနေရာ အနီးတဝိုက်တွင် အခင်းဖြစ်ပွားစဉ် အချိန်က သေနတ်ပစ်ဖောက်သံ မကြားရကြောင်း၊ ဆေးရုံရောက်ပြီးမှ သေနတ်ကျည်ဆန် ထိမှန်၍ သေဆုံးရကြောင်း သိရသည်ဟု အခင်း ဖြစ်ပွားရာ နေရာအနီးတွင် နေထိုင်သူများက ဆိုသည်။
“သေဆုံးသူကိုရဲဝင်းဟာ ဆိုင်ကယ်မောင်းလာရင်း လဲကျသွားတယ်၊ ဖြစ်တာက မနက်ပိုင်း ၇နာရီလောက်မှာပါ၊ နေ့လယ် ပိုင်ရောက်တော့ Facebook ပေါ်မှာ သေနတ်ကျည်ဆန်မှန် သေဆုံးရတယ်ဆိုတာကို သိရတာပါ၊ ဒါပေမယ့် ကိုရဲဝင်း လဲကျသွားချိန်မှာ သေနတ်သံ မကြားလိုက်ရပါဘူး”ဟု ပြည်ကြီးတံခွန်မြို့နယ် (ခ)ရပ်ကွက်နေသူတစ်ဦးက ပြောသည်။
သေနတ်ကျည်ဆန် ထိမှန်သေဆုံးသူ ဦးရဲဝင်းသည် ပြည်ကြီးတံခွန်မြို့နယ်၊ ၆၇ လမ်းနှင့် ၆၈ လမ်းကြား ကျန်စစ်သား လမ်းတွင် နေထိုင်ပြီး ဆိုင်ကယ်တက္ကစီ မောင်းသူဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ ကနဦး သတင်းထုတ်ပြန်ချက်များအရ သိရသည်။
ဦးရဲဝင်းသေဆုံးရမှုနှင့် ပတ်သက်၍ MDCF မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးသိန်းအောင်မြင့်က “မနေ့က မန္တလေးမြို့မှာ ဆိုင်ကယ်စီးလာသူ တဦးကို သေနတ်နဲ့ ချောင်းမြောင်း ပစ်ခတ် လုပ်ကြံ သတ်ဖြတ်ခံရတဲ့ သတင်းတွေ ကြားသိရပါတယ်၊ မနက်က ၇ နာရီခန့်က အသက် ၃၅ နှစ်အရွယ် ဆိုင်ကယ်တက္ကစီသမား ကိုရဲဝင်းဆိုသူက ဆေးရုံရောက် ခွဲစိတ် စစ် ဆေးပြီးမှ သေနတ်ကျည်ဆန်မှန်တာ သိရတယ်လို့ သတင်းတွေကြားရတာပါ၊ ဒီအခြေအနေကို ခန့်မှန်းရရင် ပတ်ဝန်း ကျင်မှာ သေနတ်သံတောင် မကြားလိုက်ရဘဲ ဆိုင်ကယ်သမားရဲ့ နဖူးကို မှန်အောင် ပစ်သတ်သွားတယ်၊ ဒါဟာ နိင်ငံ မတည်မငြိမ်ဖြစ်ပြီး တရားဥပဒေစိုးမိုးရေးကို ဖျက်လိုဖျက်ဆီး ဆောင်ရွက်လုပ်ကိုင်နေသူတွေ ရှိနေကြပြီဆိုတဲ့ လုံခြုံရေးအတွက် သတိပေးခေါင်းလောင်းသံပါပဲ၊ ဒီမိုကရေစီ ပြည်သူအားလုံး သတိဝီရိယ ရှိကြပါလို့ ပြောချင်ပါတယ်” ဟု ပြောသည်။
“သေဆုံးသူဟာ ဆိုင်ကယ်တက္ကစီ မောင်းသူဆိုတော့ သူနဲ့ပတ်သက်တာတွေကို အရင်ဆုံး လိုက်လံစုံစမ်းသင့်တယ်။ သူနဲ့ ပတ်သက်ပြီးတော့ ပြောရမယ်ဆိုရင် သတင်းတစ်ခု ပေါက်ကြားသွားတာမျိုးကြောင့်လည်း အခုလိုဖြစ်တာ ထင်ပါတယ်၊ သာမန်ဆိုရင်တော့ လူတယောက်ကို သတ်ဖို့ဆိုတာ မလွယ်ကူတဲ့အလုပ်ပါ၊ ကျွန်တော့်အမြင် ပြောရရင် သေဆုံးသူဟာ နောက်ကြောင်းတွေ ရှိမယ်လို့ ထင်ပါတယ်”ဟု မန္တလေးမြို့ခံ ဥပဒေလေ့လာနေသူတစ်ဦးက သုံးသပ်ပြောပြသည်။
ယခုအခါ သေနတ်ကျည်ဆန် ထိမှန်သေဆုံးရမှုကို ပြည်ကြီးတံခွန်မြို့မရဲစခန်းတွင် (ပ) ၂၀၇/ ၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားပြီး ပြည်ကြီးတံခွန်မြို့နယ် ရဲတပ်ဖွဲ့မှ ရဲမှူးဝင်းနိုင်၏ အနီးကပ် ကြီးကြပ်မှုဖြင့် မြို့မရဲစခန်း စခန်းမှူး ဒုရဲမှူးသိန်းလွင်ဦးဆောင်၍ စုံစမ်းစစ်ဆေးမှု လုပ်ဆောင်နေလျက်ရှိကြောင်း ရဲကြေးနန်းသတင်းများ အရ သိရ သည်။
“မန္တလေးမြို့ကြီးဟာ လုံခြုံမှု မရှိတော့ဘူးဆိုတာက ညပိုင်းမှတင် မဟုတ်တော့ပါဘူး၊ နေ့ခင်းအချိန်မှာတောင် တလောက အောင်ပင်လယ်ဘက် ၄၉ လမ်းဘက်မှာ လူသတ်မှုဖြစ်ခဲ့တာကို ကြည့်ရင် သိနိုင်ပါတယ်၊ ဒါတွေရဲ့ အဓိက အကြောင်းရင်း တွေက နံပါတ် ၁ မူးယစ်ဆေးပဲ၊ မူးယစ်ဆေးနောက်မှာ အခုလို ပြစ်မှုတွေ ပါလာတာပဲ၊ လုယက်မှုတွေ လူသတ်မှုတွေ ဖြစ် ပွားလာရတယ်၊ လုယက်မှုတွေကို အခုနောက်ပိုင်းတရားခံတွေ တော်တော်ဖမ်းမိပါတယ်၊ ဒါတွေကလည်း CCTV တွေ တပ်ဆင်လာကြတာကြောင့် ဖြစ်ပါတယ်၊ လုံခြုံရေးပိုင်း အားနည်းလာတယ်ဆိုပေမယ့် ရဲတပ်ဖွဲ့အနေနဲ့ကလည်း အတတ် နိုင်ဆုံး လုပ်ဆောင်ပေးလာတာ တွေ့ရပါတယ်”ဟု အထက်တန်းရှေ့နေ ကိုတင်ဇော်လင်းက ပြောသည်။
ယခုအခါ မြန်မာနိုင်ငံတွင် ဖြစ်ပွားလာရသည့် အမှုအခင်များ၌ သေနတ်များကိုင်ဆောင်ပါဝင်လာမှုများရှိရာ အဆိုပါ လက်နက်များ ပါဝင်လာရခြင်းအပေါ် သံလွင်သွေးချင်းဂျာနယ် အယ်ဒီတာချုပ် မြဝန်းရံက “လက်နက်တွေကလည်း ဘာ ကြောင့် အခုလို လွယ်လွယ်ကူကူ ဖြစ်နေကြရတာလဲ၊ အခု နောက်ပိုင်းမှာ လက်နက်တွေ အသုံးပြုလာတာကိုကြည့်ရင် ဒီလက်နက်တွေက ဘယ်လိုရနေကြသလဲ ဆိုတာကလည်း စဉ်းစားစရာဖြစ်လာပါတယ်၊ နိုင်ငံရေးသမားတစ်ယောက်ဖြစ်တဲ့ ဦးကိုနီကိစ္စတောင် အခုအချိန်အထိ အကြောင်းရင်းက တိတိကျကျမသိရသေးတော့ အခုလို သာမန်ပြည်သူတစ်ယောက် ဆိုရင် တရားခံရှာဖို့က တော်တော်ခက်သွားမှာလို့တော့ ပြောချင်ပါတယ်” ဟု ပြောသည်။
မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် တိုင်းဒေသကြီးလွှတ်တော်အမတ် ဦးအောင်ရွှေကလည်း “အခုနောက်ပိုင်းမှာ လက်နက်တွေ ပါလာတာဟာ တရားဥပဒေစိုးမိုးရေးကဏ္ဍကို နားရွက်တံတွေးဆွတ်လိုက်တာလို့ မြင်ပါ တယ်၊ လက်နက်က မြို့တွင်းမှာ တရားဝင်ကိုင်ဆောင်မှုမရှိတာ အားလုံးအသိပါ၊ ဒါတွေဟာ မတရားသက်သက် လုပ်ချင်တဲ့ သဘောလို့ မြင်တယ်၊ ဒီလိုကိစ္စတွေကို အမြန်ဆုံး ဖော်ထုတ်အရေးယူသင့်တယ်၊ လက်နက်ပါတဲ့ ဖြစ်စဉ် တွေကို ကြည့်မယ်ဆိုရင် နိုင်ငံရေးအရ ခလောက်ဆန်ချင်တဲ့သဘောတွေ တွေ့ရတယ်၊ နိုင်ငံလုံခြုံရေးအတွက် နည်းနည်း စိုးရိမ်ရမယ့် အခြေအနေလို့ သုံးသပ်မိပါတယ်၊ ဒါတွေကို သက်ဆိုင်ရာအစိုးရကလည်း ထိန်းချုပ်ရမယ်၊ ပြည်ထဲရေးက လည်း ထိန်းချုပ်ရမယ်၊ အားလုံးသတိ ဝီရိယလေးထားပြီး ပူးပေါင်းဆောင်ရွက်ရမယ့်ကိစ္စ တစ်ခုလို့ပဲ ပြောချင်ပါတယ်” ဟု ဆိုသည်။
သေနတ်ကျည်ဆန် ထိမှန် သေဆုံးခဲ့သူ ဦးရဲဝင်းအမှုနှင့် ပတ်သက်၍ “ကျနော်တို့ ရဲတပ်ဖွဲ့အနေနဲ့ ပြည်သူတွေရဲ့ လုံခြုံရေးအတွက် အတတ်နိုင်ဆုံး လုပ်ဆောင်ပေးနေပါတယ်၊ အခုဖြစ်စဉ်ကို ပြောရမယ်ဆိုရင် အမှုကို ခိုင်မာအောင် တည်ဆောက်ပြီး တရားခံကို အမြန်ဆုံး ဖော်ထုတ်နိုင်အောင် ကြိုးစားနေပါတယ်လို့ ပြောချင်ပါတယ်၊ စုံစမ်း စစ်ဆေး နေဆဲ အခြေအနေဖြစ်တာကြောင့် ဘာကြောင့်ဆိုတာတော့ အတိအကျ မပြောနိုင်သေးပါဘူး”ဟု မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ ဒုတိယရဲမှူးတဦးက ပြောသည်။
မန္တလေးမြို့တွင် မြို့နေလူထုအတွက် မလုံခြုံမှုများ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေမှုအပေါ် အကြောင်းရင်း ပျောက်နေရဆဲ အကြောင်းတရားများကိုလည်း ရှာဖွေနေဆဲဖြစ်ရာ လုံခြုံရေးကဏ္ဍ ယခုထက်တိုးမြှင့်ပေးရန်လိုအပ်သည်ဟု သံလွင် သွေးချင်းဂျာနယ် အယ်ဒီတာချုပ် မြဝန်းရံက ပြောသည်။
“သေဆုံးသူကိုရဲဝင်းဟာ ဆိုင်ကယ်တက္ကစီမောင်းတယ်ဆိုတော့ သာမန်ပြည်သူတစ်ယောက်လို့ သတ်မှတ်ရမှာပေါ့၊ ဘာပြောချင်သလဲဆိုရင် ပြည်သူတွေရဲ့လုံခြုံရေးဟာ စိတ်ချရတဲ့အနေအထားမှာ မရှိတော့ဘူးလို့ ပြောရမလို ဖြစ်နေတယ်၊ အခု မန္တလေးမှာဖြစ်တဲ့ အနေအထားနဲ့ နိုင်ငံတဝန်းလုံးမှာ ဖြစ်နေတာတွေကိုကြည့်ပြီး ပြောရမယ်ဆိုရင် နိုင်ငံရေး သမားရော၊ ဝန်ထမ်းရော၊ ပြည်သူရော အားလုံးအတွက် လုံခြုံရေးတာဝန် ယူထားရသူတွေဟာ လုံခြုံရေးအပိုင်းကို ပိုပြီးတိုးမြှင့်ပေးစေချင်ပါတယ်၊ သူတို့တွေဟာ အခုထက်ပိုပြီးတော့ တာဝန်ယူဖို့ လိုအပ်လာတယ်လို့ ကျမကတော့ မြင်ပါတယ်၊ အကြောင်းအရာတွေအားလုံးကို ဘာကြောင့်ပဲဖြစ်နေတာဖြစ်စေ လက်ရှိ တာဝန်ယူထားတဲ့ ပြည်ထဲရေး အနေနဲ့ လက်ရှိ တာဝန်ယူထားရမှု အပိုင်းထက် ပိုပြီး လုံခြုံရေးကို ဂရုစိုက်သင့်တယ်လို့ မြင်တယ်၊ ပိုပြီး တာဝန် ယူ သင့်သလို ပိုပြီး သတိရှိ သင့်တယ်လို့ ပြောချင်ပါတယ်၊ နောက်ကွယ်ကအကြောင်းတရားတွေထက် လတ်တလောမှာ ပြည်သူတွေရဲ့ အသက် အိုးအိမ်စည်းစိမ်လုံခြုံဖို့နဲ့ အေးအေးဆေးဆေး သွားလာနိုင်ကြဖို့အတွက် ပြည်ထဲရေးမှာ တာဝန်အရှိဆုံးလို့ ကျမကတော့ မြင်ပါတယ်”ဟု ဆရာမ မြဝန်းရံက ပြောသည်။
မန္တလေးမြို့တွင် ယခုအခါ ညပိုင်းအချိန်များတွင်သာမက နေ့ပိုင်းအချိန်များ၌ပါ လုံခြုံမှုအခန်းကဏ္ဍ လျော့ရဲပြီး ဆိုင်ကယ်ဖြင့် လုယက်မှုများ၊ အိမ်အတွင်းဝင်ရောက်၍ ဓားထောက်လုယက်မှုများ၊ ဝိန့်ဖူးရွှေဆိုင်အဖောက်ခံရမှုများ၊ ယာဉ် အန္တရာယ် ကင်းရှင်းရေးအတွက် ဆောင်ရွက်နေသည့်အဖွဲ့အား သေနတ်ပြ ခြိမ်းခြောက်မှုများလည်း ဖြစ်ပွားခဲ့သည်။