သတင်း

တိုင်းရင်းသားအရေးမှာ တရုတ်နိုင်ငံ ဝင်ပါနေသလား

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ စုစည်းထားသည့် အဖွဲ့အစည်းတခုဖြစ်သော ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ် ကောင်စီ (UNFC) က တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ တိုင်းရင်းသား နိုင်ငံရေးတွင် အတိုင်းအတာ တခုအထိ ဝင်ရောက် စွက်ဖက်နေကြောင်း ပြောကြား လိုက်သည်။

ထိုင်းနိုင်ငံ အနောက်ပိုင်း ချင်းမိုင်တွင် ပြုလုပ်ခဲ့သော ၃ ရက်ကြာ အရေးပေါ် အစည်းအဝေးတခုအပြီးတွင် UNFC ၏ ပြောရေးဆိုခွင့် ရှိသူ ဖြစ်သော နိုင်ဟံသာက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများရော မြန်မာ့တပ်မတော်ကပါ တိုင်းပြည်၏ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သော ပဋိပက္ခကို စစ်ရေးနည်းဖြင့် ဖြေရှင်းရန် ဆက်လက်ကြိုးစားနေပါက ကြီးမားသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရလိမ့်မည်ဟု မှတ်ချက်ပြုခဲ့သည်။

“ပြဿနာတွေကို စစ်ရေးနည်းနဲ့ ဖြေရှင်းနိုင်လိမ့်မယ်လို့ ကျနော်တို့ မယုံကြည်ပါဘူး။ ဒါကြောင့် ကျနော်တို့က နိုင်ငံရေး နည်းနဲ့ ဖြေရှင်းဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ အခုတောင်မှ ပြဿနာတွေ တက်နေပါတယ်။ အခုအခါ တရုတ်နိုင်ငံက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အထိုက်လျောက် ဝင်ရောက် စွက်ဖက်နေပါတယ်” ဟု နိုင်ဟံသာက ချင်းမိုင် အစည်းအဝေး အပြီးတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ မြောက်ပိုင်းတွင် UNFC ဥက္ကဌ ဖြစ်သည့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)  အပါအဝင် တိုင်းရင်းသားလက် နက်ကိုင် အဖွဲ့ ၄ ဖွဲ့ ပေါင်းစည်းထားသည့် မြောက်ပိုင်းမဟာမိတ် အဖွဲ့၏ တိုက်ခိုက်မှုများကြောင့် တိုက်ပွဲများဆက်လက် ဖြစ်ပေါ်နေခြင်း နှင့် ပတ်သက်၍ နိုင်ဟံသာက အကယ်၍ ၂ ဘက်လုံးက နိုင်ငံရေးအရ မဖြေရှင်းဘဲ စစ်ရေးကို အားကိုး နေပါက ပြဿနာများ ပိုမိုကျယ်ပြန့်လာမည်ဟု မျှော်လင့်ကြောင်း နိုင်ဟံသာက ပြောသည်။ တရုတ်နိုင်ငံ၏ ဝင်ရောက် စွက်ဖက်မှုကြောင့် ပိုမိုဆိုးရွားလာနိုင်သည်ဟုလည်း သူက ထပ်ပြောသည်။

သို့သော်လည်း ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)၊ ရက္ခိုင့်တပ်မတော် (AA)၊ မြန်မာ အမျိုးသားဒီမိုကရေစီမဟာမိတ် တပ်မတော်- ကိုးကန့် တပ်ဖွဲ့(MNDAA) နှင့် ပလောင်(တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့  စုပေါင်းထားသည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို တရုတ်နိုင်ငံက ကျောထောက်နောက်ခံပေးထားသော ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က ထောက်ပံ့ပေးနေသည်ဟု လေ့လာဆန်းစစ်သူများက ယုံကြည် ထားကြသည်။

တရုတ်နိုင်ငံ၏ စစ်ရေးထောက်ပံ့မှုများ ရရှိနေသည်ဟု သိကြသော UWSA သည် မြန်မာနိုင်ငံတွင် အင်အားအတောင့် တင်းဆုံး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဖြစ်သည်ဟု အများစုက ယူဆကြပြီး လက်နက်အပြည်အစုံ တပ်ဆင်ထားသည့် တပ်သား ၃၀၀၀၀ ခန့်ရှိသည်ဟု ခန့်မှန်းရသည်။ ၎င်းတို့ကို တရုတ်အစိုးရ အဆင့်မြင့် အရာရှိများ နှင့် သံတမန်များ၏ အနီးကပ် စောင့်ကြည့်မှု ရှိသည်ဟုလည်း ယူဆရသည်။

တရုတ်နိုင်ငံကလည်း မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် သူ၏ အခန်းကဏ္ဍ က အရေးကြီးကြောင်းကို ဖော်ပြရန် ဆန္ဒရှိကြောင်း  မြန်မာနိုင်ငံမြောက်ပိုင်းမှ သတင်းရင်းမြစ်များက ပြောကြသည်။ လတ်တလောတွင် တရုတ် အာဏာပိုင်များ က အဆိုပါကိစ္စနှင့် ပတ်သက်၍ ပိုမိုတက်ကြွစွာ ဆောင်ရွက်လာခဲ့သည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၊ ညီလာခံများသို့ တက်ရောက်ခြင်း နှင့် မြန်မာတပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ နှင့် တွေ့ဆုံခြင်းများပြုလုပ်ခဲ့သည်။

ဇန်နဝါရီလအတွင်းတွင် တရုတ်နိုင်ငံ၏ အာရှရေးရာ အထူးကိုယ်စားလှယ် Sun Guoxiang က မြန်မာတပ်မတော် နှင့်ရော မြောက်ပိုင်းမဟာမိတ်အဖွဲ့၏ ကိုယ်စားလှယ်များနှင့်ပါ သီးခြားစီတွေ့ဆုံခဲ့သည်။ တရုတ်-မြန်မာနယ်စပ် အနီးတွင် ဖြစ်ပေါ် နေသောတိုက်ပွဲများကို တရုတ်နှစ်သစ်ကူးကာလအတွင်းတွင် ရပ်ဆိုင်းထားပေးရန်လည်း တောင်းဆိုခဲ့သည်။

တရုတ်-မြန်မာနယ်စပ်မှ တိုင်းရင်းသားရေးရာများ ကျွမ်းကျင်သူ ဖြစ်သော လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များ နှင့် UWSA တို့ကို မြန်မာနိုင်ငံ၏ အညင်းပွားဖွယ်ရာ ဖြစ်သော တနိုင်ငံလုံး အတိုင်း အတာ နှင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် (NCA) တွင် လက်မှတ်ထိုးရန် Sun Guoxiang က ဖိအားပေးခဲ့သည် ဟု သိရကြောင်း ပြောသည်။

“သူ (Sun Guoxiang) က UWSA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံးကို NCA လက်မှတ်ထိုးစေချင် တယ်။ သူက NCA ကို ထောက်ခံတယ်။  ဒါပေမယ့် တချို့တိုင်းရင်းသားအဖွဲ့တွေက လက်မှတ် မထိုးချင်ဘူး” ဟုဦးမောင်မောင်စိုး က ပြောသည်။

ရက္ခိုင့်တပ်မတော် (AA) ၏ ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင် က ဧရာဝတီသတင်းဌာန နှင့် ဇန်နဝါရီလအတွင်းက ပြု လုပ်ခဲ့သည့် အင်တာဗျူးတခုတွင် မြန်မာအစိုးရက AA နှင့် ဆွေးနွေးရန် လမ်းဖွင့်ထားကြောင်း သူ့ကို Sun Guoxiang က သတင်းပေးခဲ့သည်ဟု ပြောသည်။

“ကျနော်တို့ Sun Guoxiang နဲ့ ဇန်နဝါရီလ ၁၉ ရက်နေ့မှာ တွေ့တယ်။ သူက မြန်မာအစိုးရက ဆွေးနွေးဖို့ အသင့်ပဲလို့ သတင်းပေးတယ်။ ကျနော် နားလည်ထားသလောက်ကတော့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆွေးနွေးပွဲမှာ ကျနော်တို့ ပါဝင်စေချင်တယ်လို့ သူက ဆိုလိုတယ် ထင်ပါတယ်” ဟု ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်က ပြောသည်။

Sun Guoxiang က KIO၊ ကရင်အမျိုးသားအစည်းအရုံး (KNU ) နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည် တပ်မတော်တောင်ပိုင်း (RCSS)စသည့် အဖွဲ့များနှင့်လည်း ယူနန်ပြည်နယ် ကူမင်းမြို့တွင် ဖေဖော်ဝါရီလအတွင်းက တွေ့ ဆုံခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှ တရုတ်နိုင်ငံ၏ အခန်းကဏ္ဍကို ရှင်းလင်းခဲ့သည်။ RCSS နှင့် KNU တို့မှာ NCA လက် မှတ် ထိုးထားသည့် အဖွဲ့များ ဖြစ်သည်။

ကူမင်းမြို့တွင် Sun Guoxiang က RCSS မှ ကိုယ်စားလှယ်များကို တရုတ်နိုင်ငံသည် ၂၀၁၅ ခုနှစ်က NCA လက်မှတ် ထိုးရာတွင် နိုင်ငံတကာ အသိသက်သေတဦးဖြစ်ခဲ့သည်ကို ပြည်သူများက မမေ့လျော့စေလိုကြောင်း ပြောကြားခဲ့သည် ဟု ချင်းမိုင် အခြေစိုက် Pyidaungsu Institute for Peace and Dialogue ၏ ဒါရိုက်တာဖြစ်ပြီး တိုင်းရင်းသားရေးရာ ကိစ္စများ နှင့် ပတ်သက်၍ အကြံပေးအဖြစ် ကာလရှည်ကြာစွာ ဆောင်ရွက်ခဲ့သော ဦးခွန်ဆိုင်းကျိုင်ယင်က ပြောသည်။

“သူ (Sun Guoxiang)က အချက် ၅ ချက်ကို တင်ပြခဲ့တယ်။ ပထမအချက် အနေနဲ့ တရုတ်နိုင်ငံက မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဘယ်သူက မှန်ပြီး ဘယ်သူကမှားတယ်ဆိုတာ ဆုံးဖြတ်တဲ့ ဒိုင်လူကြီးလုပ်မှာ မဟုတ်ဘူးလို့ သူက ပြောတယ်။ ဒုတိယအချက်အနေနဲ့တော့ သူက သက်ဆိုင်ရာတပ်ဖွဲ့ အားလုံးကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင် စေချင်တယ်။ တတိယအနေနဲ့ တော့ သူက အားလုံးကို NCA လက်မှတ် ထိုးစေချင်တယ်။ ဒါပေမယ့် စတုတ္ထ အနေနဲ့ သူက NCA လက်မှတ်ထိုးဖို့ ဘယ်သူ့ကိုမှ ဖိအားမပေးဘူးလို့ ပြောတယ်” ဟု ဦးခွန်ဆိုင်းကျိုင်ယင်က ပြောသည်။  သူက RCSS ကိုယ်စားလှယ် အဖွဲ့နှင့် အတူ Sun Guoxiang ကိုကူမင်းမြို့တွင် တွေ့ဆုံခဲ့သူ ဖြစ်သည်။

“နောင်ဆုံးအချက်အနေနဲ့ တော့ သူတို့ တရုတ် လေ့လာစောင့်ကြည့််သူတွေက၂၀၁၅ ခုနှစ် NCA လက်မှတ်ရေးထိုးပွဲမှာ သက်သေအနေနဲ့ သူတို့လည်း လက်မှတ်ထိုးခဲ့တယ်ဆိုတာကို မေမေ့စေချင်ဘူးလို့ သူကပြောပါတယ်” ဟု ဦးခွန်ဆိုင်းကျိုင်ယင်က ပြောသည်။

တရုတ်နိုင်ငံက နိုင်ငံရေးအခင်းအကျင်း ကျယ်ပြန့်လာသည်နှင့် အညီ မြန်မာနိုင်ငံတွင် နိုင်ငံရေးကစားပွဲတခုကို ကစားနေသည်ဟုလည်း ဦးခွန်ဆိုင်းကျိုင်ယင်က ပြောသည်။ တရုတ်နိုင်ငံ၏ ပထမဦးစားပေးအချက်မှာ သူ၏ ကိုယ်ပိုင်အကျိုးစီးပွား ဖြစ်သည်ဟု သူက ထပ်ပြောသည်။ မြန်မာအစိုးရနှင့်ရော တခြားသက်ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့်ပါ ဆက်ဆံခြင်းက သူတို့အစိုးရ၏ ကိုယ်ပိုင်အကျိုးစီးပွားကို ဖြစ်ထွန်းစေသည့် နည်းလမ်းများအတိုင်းသာ ဖြစ်လိမ့်မည်ဟု သူက ထောက်ပြခဲ့သည်။

မကြာသေးမီက ချင်းမိုင်သို့ လာရောက်ခဲ့သော တရုတ်ပညာရှင်တဦးက မြန်မာနိုင်ငံသည် ၁၉၈၀ နှင့် ၁၉၉၀ နှစ်များ ကထဲ က မည်သို့ပြောင်းလဲခဲ့သည်ကို ထောက်ပြခဲ့ကြောင်း ဦးခွန်းဆိုင်ကျိုင်ယင်က ပြောသည်။  အထူးသဖြင့် မဟာမိတ် ပြုသည့် အတိုင်းအတာတွင် ဖြစ်သည်။

“၁၉၈၀- ၁၉၉၀ နှစ်တွေမှာ တရုတ်နိုင်ငံက မြန်မာနိုင်ငံရဲ့ တဦးတည်းသော မိတ်ဆွေဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ တရုတ်နိုင်ငံက ဝနဲ့ ကချင်ကို အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးဖို့ ဖိအားပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ ဒီလို မဟုတ်တော့ပါဘူး။ မြန်မာနိုင်ငံကလည်း မိတ်ဆွေတွေ ပိုများလာပြီ။ ဒါကြောင့် မြန်မာနိုင်ငံက တရုတ်နိုင်ငံရဲ့ တကယ့် ဆွေမျိုးပေါက်ဖော် ဖြစ်သေးရဲ့လားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်” ဟု ဦးခွန်းဆိုင်ကျိုင်ယင်က ရှင်းပြသည်။

“မြန်မာနိုင်ငံက ၁၉၈၀ နဲ့ ၉၀ နှစ်တွေတုန်းက အခြေအနေမျိုး မဟုတ်တော့တဲ့အတွက် ခုချိန်က တိုင်းရင်းသားအဖွဲ့ အားလုံးကို NCA လက်မှတ်ထိုးရမယ်လို့ ဖိအားပေးလို့ ရတဲ့ အခြေအနေမျိုး မဟုတ်ပါဘူး” ဟု သူက ထပ်ပြောသည်။ ယခုအခါ အသစ်ပြန်လည်ဖွဲ့စည်းထားသည့် Myanmar Peace Center နှင့် နီးစပ်သည့် သတင်းရင်းမြစ်တဦး၏ အဆို တရုတ်အာဏာပိုင်များနှင့် သံတမန်များက ခေါင်းဆောင်များနှင့် ရန်ကုန်၊ နေပြည်တော်၊ ချင်းမိုင် နှင့် တရုတ်-မြန်မာနယ်စပ်ဒေသများတွင် တိတ်တဆိတ် တွေ့ဆုံမှုများ ရှိခဲ့သည်ဟု သိရသည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များမှ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို စောင့်ကြည့်ရန်အတွက် ဆွေးနွေးရန် ဖြစ်သည်။

ဝါရင့်စာနယ်ဇင်းသမားတဦး ဖြစ်သည့် BertilLintner က မြန်မာနိုင်ငံသည် ၎င်း၏ ပြည်တွင်းရေးတွင် တရုတ်နိုင်ငံကဝင် ရောက်စွတ်ဖက်မှုနှင့် ပတ်သက်၍ စိုးရိမ်နေခဲ့ရသည်မှာ ကြာပြီ ဖြစ်သည်ဟ ုဧရာဝတီသို့ ပြောသည်။

“တရုတ်နိုင်ငံက တခြားနိုင်ငံက ငြိမ်းချမ်းရေး အကျိုးဆောင် အားလုံးကို ကစားပွဲထဲကနေ ထွက်သွားအောင် စီစဉ်နိုင်ခဲ့ပြီးတော့ မြန်မာအစိုးရ၊ စစ်တပ်နဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေကြားမှာ အဓိကလူ ဖြစ်လာခဲ့တယ်” ဟု Bertil Lintner က ပြောသည်။

“တရုတ်နိုင်ငံက တိုင်းရင်းသားအဖွဲ့အစည်းတွေထဲမှာ အရေးအပါဆုံးအဖြစ် ပေါ်ထွက်လာပြီး အစီအစဉ်တွေ ချမှတ်နေတဲ့ UWSA ရဲ့နောက်မှာရှိနေတယ် ဆိုတာကတော့ ထင်ရှားပါတယ်။ ဒါက အံ့သြစရာလည်း မဟုတ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ မြန်မာနိုင်ငံမှာ သူတို့ ကာကွယ်ရမယ့် အလွန်ဗျူဟာမြောက်တဲ့ ပထဝီနိုင်ငံရေး အကျိုးစီးပွားတွေ ရှိနေတယ်လို့ သူတို့က မြင်ထားလို့ ဖြစ်ပါတယ်” ဟု သူက ထပ်ပြောသည်။

“ဒါကြောင့်လည်း တရုတ်နိုင်ငံက သူတို့ အနေနဲ့ မြန်မာနိုင်ငံကို အနောက်နိုင်ငံတွေကို လက်လွှဲပြောင်းပေးဖို့ မဖြစ်နိုင်ဘူးလို့ ယူဆထားပါတယ်” ဟု Bertil Lintner က ဆိုသည်။

ဖေဖော်ဝါရီလအစောပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Hong Liang က အစိုးရပိုင် သတင်းဌာနတခု ဖြစ် သည့် မြန်မာ့သတင်းစဉ် (Myanmar News Agency) သို့ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး၊ တည်ငြိမ်မှု နှင့် ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရေးအတွက် အထောက်အကူပေးရန် တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေးက မရှိမဖြစ် လိုအပ်နေဆဲ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းအားလုံး NCA လက်မှတ်ရေးထိုးရန်လည်း သူက တောင်းဆိုခဲ့သည်။

“မြန်မာ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တွန်းအားပေးနိုင်ဖို့ အတွက် ကျနော်တို့ အတတ်နိုင်ဆုံး အကောင်းဆုံး ထောက်ခံသွားမှာ ဖြစ်ပါတယ်။ တွေ့ဆုံဆွေးနွေးမှုတွေကနေတဆင့် ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အောင်မြင်စွာ ရရှိလိမ့်မယ်လို့ ခိုင်ခိုင်မာမာယုံကြည်ထားပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Hong Liang က ပြောကြားခဲ့ပါသည်။

Loading