ဧပြီတရက်နေ့တွင် နိုင်ငံတဝန်း ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ဒေသခံ လူမျိုးစု ပါတီများ အကြား ဒေသတွင်း အာဏာ မညီမျှမှုနှင့် ကွဲလွဲမှုများကို မီးမောင်း ထိုးပြနေသည်။
လွတ်တော်ကိုယ်စားလှယ် နေရာ ၁၉ နေရာအတွက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ ရှမ်းပြည်နယ်တွင် ၈ နေရာ၊ ရန်ကုန်တိုင်း တွင် ၅ နေရာ၊ ချင်း၊ မွန်၊ ကရင်နီနှင့် ရခိုင်ပြည်နယ်များတွင် တနေရာစီနှင့် ပဲခူးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးတွင် တနေရာစီပါဝင်သည်။
ဒေသခံ လူမျိုးစု အများအပြား၏ ဆန္ဒကို လျစ်လျှူရှုပြီး ဒေသတံတားတစင်းကို ပြည်ထောင်စုအစိုးရက လွတ်လပ်ရေး သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်း၏ အမည်ပေးခြင်းကို မွန်လူမျိုး ထောင်ပေါင်းများစွာက မကြာသေးမီက ဆန့်ကျင် ကန့်ကွက်ခဲ့သော မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မတ်လ၂၁ နှင့်၂၂ ရက်နေ့များတွင် မဲဆွယ်သည်။
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းက သူ အပြတ်အသတ် နိုင်မည် ဟု ယုံကြည်ကြောင်း ပြောသည်။
“ကျနော့်ကို ထောက်ခံတဲ့သူတွေ မျက်နှာကို ကြည့်လိုက်တော့ ကျနော်နိုင်မယ် ဆိုတာ သိလိုက်တယ်၊ ကျနော် အပြတ်အသတ် နိုင်မှာပါ” ဟု ပြောရင်း မကြာသေးမီက အငြင်းပွားမှုသည် ရွေးကောက်ပွဲရလဒ်ကို ထိခိုက်မည် မထင်ကြောင်း ပြောသည်။
ထိုမဲဆန္ဒနယ်တွင် အခြား ကိုယ်စားလှယ်လောင်း သုံးဦးလည်း ရှိပြီး နှစ်ဦးမှာ မတူညီသော မွန်နိုင်ငံရေး ပါတီများမှ ဖြစ်ကာ ကျန်တဦးမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဖြစ်သည်။ ၎င်းတို့သည် ပြည်သူ့လွှတ်တော် အတွက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
ထိုဒေသမှာ လူမျိုးအရ ကွဲပြားနေသည်။ ချောင်းဆုံမြို့နယ်၏ မြောက်ပိုင်းတွင် မွန်လူမျိုးစု အများစု နေထိုင်သည်။ တောင်ပိုင်းတွင် မွန်နှင့် ဗမာ ရောနှောနေထိုင်သည်။
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ချောင်းဆုံမြိုနယ် လွှတ်တော်ကိုယ်စားလှယ်လောင်း နိုင်ဝင်းထွဋ်က လက်ရှိ အချိန်တွင် ရွေးကောက်ပွဲ ရလဒ် ကြိုတင်ခန့်မှန်းရန် ခက်ခဲနေသေးကြောင်း ပြောသည်။
“အခုလောလောဆယ် ဘယ်ဘက်က အားသားလဲ ဆိုတာ ပြောဖို့ခက်တယ်။ တဖက်နဲ့ တဖက်က အားမျှနေတဲ့ အနေအထားပဲ” ဟု သူက ပြောသည်။
မကြာသေးမီက ဖြစ်ပွားခဲ့သည့် တံတား အမည်ပေးသည့် ကိစ္စ အငြင်းပွားမှုကြောင့် ချောင်းဆုံမြို့နယ်မှာ ရှိသည့် မွန်အများစုက သူ့အား မဲပေးလိမ့်မည်ဟု ပြောသည်။
ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ အတွင်း ဒေသခံများ အဆိုပြုသည့် ကိုယ်စားလှယ်လောင်းကို မရွေးချယ်ဘဲ ဌာနချုပ်က ရွေးချယ်ပေးသည့် ကိုယ်စားလှယ် ဖြစ်နေသောကြာင့် ဒေသခံ ပါတီဝင်များသည်ပင် စိတ်ဝမ်းကွဲ နေကြသည် ဟု သူက ပြောသည်။
“သူတို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ထဲမှာကို သွေးကွဲနေတယ်” ဟု နိုင်ဝင်းထွဋ်က ပြောသည်။
သို့သော် မွန်ကိုယ်စားလှယ် ၂ ဦး ဝင်ရောက် ယှဉ်ပြိုင်သောကြောင့် မွန်မှာလည်း မဲအင်အား ကွဲနေသည် ဟု ဒေသခံများက ပြောသည်။
မွန်လူငယ်ဖိုရမ် အဖွဲ့အစည်း၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ မွန်လူမျိုး အဖွဲ့အစည်းများက နိုင်ဝင်းထွဋ်ကို စုပေါင်း မဲပေးရန် စည်းရုံးလှုံ့ဆော်နေကြသည်။