အမေရိကန်အစိုးရက အရှေ့အလယ်ပိုင်း လေဆိပ် ၁၀ ခုမှ ပျံသန်းလာသော လေယာဉ်ခရီးစဉ်များတွင် လက်ပ်တော့၊ အိုင်ပက်နှင့် ဆဲလ်ဖုန်းထက်ကြီးသော အခြား အီလက်ထရွန်းနစ် ကိရိယာများကို ရုတ်တရက် ပိတ်ပင်လိုက်ခြင်းကြောင့် နည်းပညာ ကျွမ်းကျင်သူများ၏ ဝေဖန်မှုများပေါ်ပေါက်စေခဲ့ပြီး ထိုစည်းမျဉ်းသစ်များသည် အခြေခံကွန်ပျူတာ သိပ္ပံပညာနှင့် ဆန့်ကျင်နေကြောင်း ကျွမ်းကျင်သူများက ပြောသည်။
ထိုလျှို့ဝှက်အမိန့်ကို အမေရိကန်သယ်ယူပို့ဆောင်မှု လုံခြုံရေးဌာန (US Transportation Safety Administration – TSA) က ထုတ်ပြန်ပြီး နာရီအတန်ကြာတွင် ထရမ့်အစိုးရမှ အထက်တန်း အရာရှိအများအပြားတို့သည် တနင်္လာနေ့ညက အလျှင်စလို သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး အကြမ်းဖက်သမားများသည် ဖောက်ခွဲရေး ပစ္စည်းများကို အမျိုးမျိုးသော လူသုံးကုန်ပစ္စည်းများတွင် ထည့်သွင်း သယ်ဆောင်ခြင်း ရှိလာကြသည် ဟူသော အဆင့်မြင့် ထောက်လှမ်းရေး သတင်းများ ရရှိပြီးနောက် ထိုတားမြစ်ချက်ကို ထုတ်ပြန်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထိုအမိန့် အကျုံးဝင်သော ဂျော်ဒန်၊ အီဂျစ်၊ တူရကီ၊ ဆော်ဒီအာရေးဗီးယား၊ မော်ရိုကို၊ ကာတာ၊ ကူဝိတ်နှင့် အာရပ်စော်ဘွားများ နိုင်ငံတို့မှ လေယာဉ်စီး ခရီးသည်များသည် ၎င်းတို့၏ အီလက်ထရွန်းနစ် ပစ္စည်း ကိရိယာများကို လေယာဉ်တွင်း သီးခြားဝန်စည်စလှယ် အဖြစ်သာ သယ်ဆောင်ခွင့်ပြုသည်။ ထိုနိုင်ငံများသည် အမေရိကန်နိုင်ငံ၏ ရင်းနှီးသော မဟာမိတ်များ ဖြစ်ပြီး၊ ခရီးသွားလာမှု ပိတ်ပင်ထားသည့် အခြား မွတ်စလင်နိုင်ငံ ၆ နိုင်ငံတွင် မပါဝင်ပေ။
ထိုပိတ်ပင်မှုသည် ကူးသန်းရောင်းဝယ်ရေး လေကြောင်းလိုင်းများတွင် အကြမ်းဖက် တိုက်ခိုက်မှုကို ကာကွယ်နိုင်မည် ဟု အမေရိကန် ပြည်တွင်းလုံခြုံရေးဌာန (US department of homeland security – DHS) အရာရှိများက ပြောသော်လည်း
လက်ပ်တော့ကို လေယာဉ်ပေါ်တွင် ဖောက်ခွဲပစ္စည်းအဖြစ် သုံးနိုင်ပါက ကုန်စည်ခန်းတွင် ထည့်သွင်း သယ်ဆောင်လျှင် လည်း အလားတူ အန္တရာယ် ဖြစ်စေမည် ဟု ၎င်းတို့က ပြောသည်။ ထို့အပြင် တားဆီးပိတ်ပင်ခြင်း မရှိသော စမတ်ဖုန်း အများအပြားသည်လည်း ၎င်းတို့ထက် ကြီးသော ကိရိယာများနည်းတူ စွမ်းဆောင်ရည် ရှိကြသည် ဟု ဆိုသည်။
“ထုံးစံအတိုင်း တွေ့နေကျ ခြိမ်းခြောက်မှုပုံစံနဲ့ မတူတော့ ထူးဆန်းနေတယ်။ တိုက်ခိုက်မယ့် သူက လက်ပ်တော့ကို ဗုံးတလုံးလို သုံးမယ်လို့ ယူဆရင် ကုန်တင်ခန်းမှာလည်း ထားပြီးခွဲလို့လည်း ရနေတာပဲ” ဟု ဘာကယ်လီ (Berkeley) မှ ကယ်လီဖိုးနီးယား တက္ကသိုလ် နိုင်ငံတကာကွန်ပျူတာ သိပ္ပံကျောင်း (International Computer Science Institute at the University of California) မှ သုတေသီ Nicholas Weaver က ပြောသည်။
“ဝက်ဘ်ဆိုက် ဖောက်ထွင်းခံရမှာ စိုးရင်လည်း ဆဲလ်ဖုန်းက ကွန်ပျူတာပဲလေ” ဟု သူက ဆက်ပြောသည်။
ဖက်ဒရယ် ပြည်ထောင်စု လေကြောင်းအုပ်ချုပ်ရေးဌာနမှ ကျွမ်းကျင်သူများ အပါအဝင် အချို့က လီသီယမ်ဘက်ထရီများ ကို လေကြောင်းမှ သယ်ယူပို့ဆောင်ခြင်းသည် ပြင်းထန်သည့် မီးဘေးအန္တရာယ်ရှိသည် ဟု ယခင်က ပြောခဲ့ကြဖူးသည်။
တနင်္လာနေ့က ပြုလုပ်သော သတင်စာရှင်းလင်းပွဲတွင် ဆဲလ်ဖုန်းထက် ကြီးသော ဟူသည့် စကားလုံးအတွက် မေးခွန်းများစွာကို မေးခဲ့ကြသော်လည်း အဖြေမှာ ရှင်းလင်းမှု မရှိပေ။
“ဟေ့လူတွေ၊ ရှင်းရှင်းပြောရရင် ကျုပ်တို့ ဘယ်အခြေစိုက်နေတယ် ဆိုတာ လူတိုင်းသိတယ်” ဟု ဖုန်းတလုံးသည် မည်သည့်အရွယ် ရှိလျှင် တက်ပလက်ဖြစ်သနည်း ဟု အကြိမ်ကြိမ် အမေးခံနေရသော စိတ်တိုနေသည့် အရာရှိတဦးက ပြောသည်။ ထိုစည်းကမ်းချက်သည် လေကြောင်းလိုင်းများအနေဖြင့် လိုသလို ဆုံးဖြတ်နိုင်သော စည်းကမ်း ဖြစ်နေသည်။
နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိတဦးကမူ အမေရိကန်နိုင်ငံပြင်ပတွင် လွန်ခဲသော နှစ်က ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုများကို ကိုးကားပြီး သတင်းထောက်များကို ဖြေကြားသည်။ အတင်းအကျပ် မေးသောအခါ ပြည်တွင်းလုံခြုံရေး အရာရှိတဦးက လေယာဉ်စီး ခရီးသည်တင်ခန်းတွင်းသို့ ဗုံးခိုးသွင်းသောကြောင့် ဖြစ်ခဲ့သော ဖြစ်ရပ်တခုသာ ရှိကြောင်း ပြောသည်။ ထိုခရီးစဉ်မှာလည်း အမေရိကန်ပြည်ထောင်စုသို့ မပျံသန်းသော Daallo ခေါ် ဆိုမာလီယာ လေကြောင်းတွင် ဖြစ်ခဲ့သော ကိစ္စဖြစ်သည်။
လေယာဉ်စီး ခရီးသည်များသည် ၎င်းတို့၏ ယခင်အဆင့်အတန်းနှင့် ကင်းလွတ်ခွင့် မည်မျှရှိသည် ဖြစ်စေ ထိုတားမြစ်မှုကို လိုက်နာရမည် ဖြစ်သည် ဟု အမေရိကန်ပြည်တွင်း လုံခြုံရေးဌာနက ပြောပြီး ထိုအမိန့်သည် ခြိမ်းခြောက်မှု ရှိနေသမျှ ရှိမည်ဟုလည်း ဆိုသည်။ သို့သော် Emirates လေကြောင်းလိုင်း ပြောခွင့်ရသူက ထိုအမိန့်သည် အောက်တိုဘာလ ၁၄ ရက်နေ့ အထိသာ အသက်ဝင်သည် ဟု Reuters သတင်းဌာနသို့ ပြောသည်။
ထိုအမိန့်သစ်သည် လေယာဉ်စီး ခရီးသည်များ၏ ကွန်ပျူတာ သိုမှီးမှုများကို ခိုးယူရန် ရည်ရွယ်ပါသလား ဟု မေးသောအခါ ပြည်တွင်းလုံခြုံရေး အရာရှိတဦးက ယခုကိစ္စသည် ခရီးသည်များ၏ ကုန်စည်မှ အချက်အလက်နှင့် မသက်ဆိုင်ဟု ပြောသည်။
ထိုစဉ်းမျဉ်းသစ်များသည် ခရီးသွားလာမှုကန့်သတ်ရန် အားထုတ်မှုများဖြစ်သည် ဟု လုံခြုံရေးပညာရှင် Bruce Schneier က ပြောသည်။
“နည်းပညာရှုထောင့်က ကြည့်ရင် လွန်ခဲ့တဲ့ နှစ်တဒါဇင်ကနေ ဒီနေ့အထိ ဘာမှ မပြောင်းလဲသေးဘူး။ ပြောချင်တာက ဒီခြိမ်းခြောက်မှု ဖြစ်ရအောင် ဘာနည်းပညာ အထူးအဆန်းမှ မရှိဘူးလို့ ပြောချင်တာ။ အရှေ့အလယ်ပိုင်း နိုင်ငံ လေကြောင်းလိုင်း အနည်းငယ်ကို ကန့်သတ်တာ၊ ဘာနည်းပညာနဲ့မှ မဆိုင်ဘူး” ဟု သူက ဆက်ပြောသည်။
ကယ်လီဖိုးနီးယား ဘာကယ်လေတက္ကသိုလ် ဥပဒေကျောင်းမှ ပါမောက္ခ Paul Schwartz က “ဒီလို နိုင်ငံတွေ ရွေးထုတ်တဲ့ အမြင်ဟာ အကြမ်းဖက်ဝါဒဟာ နိုင်ငံအပေါ် အခြေမခံဘူး ဆိုတာကို လျစ်လျှူရှုတာ။ အကြမ်းဖက်သမားတွေက တကမ္ဘာလုံးမှာ ကွန်ယက်တွေ ရှိတယ်” ဟု ပြောသည်။
လေယာဉ်ပေါ်တွင် လက်ပ်တော့များကို ထိန်းချုပ်ရန် အားထုတ်မှုများမှာ ကျယ်ပြန့်သော ဆန့်ကျင်မှုများနှင့် ရင်ဆိုင်ရမည် ဟု ကယ်လီဖိုးနီးယား တက္ကသိုလ်မှ ဥပဒေပါမောက္ခ Chris Hoofnagle က ပြောသည်။ “လက်ပ်တော့တွေကို အပ်ရမယ် ဆိုတာ တော်တော်ကို အဆင်မပြေတဲ့ ကိစ္စပဲ။ ဒီလိုကိစ္စတွေဟာ လော်ဘီလုပ်တဲ့ နေရာတွေ အင်အားကြီးတဲ့ လေကြောင်း လိုင်းတွေရဲ့ ဆန့်ကျင်မှုနဲ့ ရင်ဆိုင်ရမယ့် ကိစ္စပဲ”ဟုသူဆက်ပြောသည်။
အမေရိကန် လေကြောင်းလိုင်းများသည် ပါရှန်းပင်လယ်ကွေ့တွင် အမေရိကန်က ဝင်ရောက်စွက်ဖက်ရန် ထရမ့်အစိုးရကို တောင်းဆိုနေကြသည်မှာ အတန်ကြာပြီ ဖြစ်သည်။ ထိုဒေသတွင် ၎င်းတို့သည် အလျင်အမြန် ချဲ့ထွင်နေသော Etihad Airways, Qatar နှင့် Emirates လေကြောင်းတို့တွင် အစိုးရများ၏ မမျှတသော အကူအညီပါပြီး Delta, American United တို့မှ မယှဉ်နိုင်ဘဲ ဖြစ်နေသည်။ ယခု ပိတ်ပင်မှုသည် ထိုလေကြောင်းလိုင်း ၃ ခုလုံးအပေါ် သက်ရောက်နေသည်။
ကိုးကား ။ ။ The Guardian